ထိုင်းနိုင်ငံ ဘန်ကောက်မြို့
ယခုအချိန်တွင်တော့ အိမ်ကြီးသည် လုံးဝတိတ်ဆိတ်နေပြီဖြစ်၏။ နိုင်ငံတစ်နိုင်ငံထဲမှာတောင် တည်တည်မြဲမြဲမရှိသည့် မိခင်နှင့်ဖခင်ဖြစ်သူအပြင် ဇေယျာဦးနဲ့ဆူးထက်နွယ်ကလည်း ရုံးမှာပဲ အနေများတာကြောင့် အိမ်ရှိအလုပ်သမားတွေက လူပိုလိုတောင်ဖြစ်နေသည်။
ဆူးထက်နွယ် ဒီနေ့ည အိမ်မှာရှိသည်။ ထမင်းစားစားပွဲပေါ်မှာ ဖြန့်ကျဲထားတဲ့ ဓာတ်ပုံတွေ စာရွက်စာတမ်းတွေထဲက မင်းခက်ဥာဏ်နဲ့ ကောင်လေးတစ်ယောက် အတူတူရှိနေသည့်ပုံတွေကို ရွေးထုတ်ပြီး သေချာကြည့်မိသည်။ တစ်ရက်ကလေး လူလွှတ်စုံစမ်းလိုက်တာနဲ့ မင်းခက်ဥာဏ်ရဲ့ မြန်မာနိုင်ငံက လှုပ်ရှားမှုမှန်သမျှကိုသိရတာက ဆူးထက်နွယ်၏ အားသာချက်ပင်။
စေ့စပ်တဲ့စုံစမ်းမှုတွေနောက်မှာ မင်းခက်ဥာဏ်နဲ့ ယခုပက်သက်နေတဲ့ ဒီကောင်လေးက ခက်နုနဲ့ရင်းနှီးတဲ့ဆက်ဆံရေးတစ်ခုရှိခဲ့သည်ဆိုတာကိုသိသိလိုက်ရချင်း ဆူးထက်နွယ်ရင်ထဲကို ဆူးတစ်ချောင်းစိုက်လာသည်။
မင်းခက်ဥာဏ်နဲ့ အဲဒီကောင်လေးရဲ့ ပက်သက်မှုက အလုံပိတ်ထားတဲ့ သေတ္တာထဲက ဘာမှန်းမသိ ထွက်ကျနေတဲ့ အလင်းရောင်လေးတစ်ခုလို ထူးခြားနေတာတော့ သေချာသည်။
လင်းမြတ်ဟန်. . .သူက မင်းခက်ဥာဏ်ကို ဇေယျာဦးရဲ့ညီဖြစ်သူမှန်းသိနေမည်ဆို ဘာလို့ သူတို့နှစ်ယောက်ဟာ တစ်ပူးပူးတစ်တွဲတွဲ ဖြစ်နေစရာအကြောင်းရှိလဲ။ ထိုင်းနိုင်ငံကနေ တစ်ခါမှမခွာတဲ့ မင်းခက်ဥာဏ်ကရော နေ့ချင်းညချင်း မြန်မာနိုင်ငံကို ရောက်သွားပြီး လင်းမြတ်ဟန်နားမှာ တောက်တဲ့တစ်ကောင်လို တွယ်ကပ်နေသည်။
" ခွင့်လေးပေးလိုက်ပါတယ်။ နေညိုမင်းတစ်ယောက်လည်း သတင်းကိုမကြားရတော့ဘူး။ သူဘာသိနေလဲ။ မေးချင်ပါတယ်ဆို"
ခက်နုရဲ့မောင်တစ်ယောက်လိုနေထိုင်ခဲ့တဲ့ လင်းမြတ်ဟန်အနေနဲ့ မင်းခက်ဥာဏ်ကို ဇေယျာဦးရဲ့ညီမှန်း မသိတာဖြစ်နိုင်လား။ ဖြစ်တော့ဖြစ်နိုင်သည်။ မင်းခက်ဥာဏ်က မိသားစု activitiesတွေမှာ တော်တော်ဝင်မပါ။ ဇေယျာဦးနဲ့ခက်နု မင်္ဂလာဆောင်တုန်းကတောင် သူ့ကိစ္စမဟုတ်ဘူးဆိုပြီး ရောက်မလာ။ မသိတဲ့လူတော်တော်များများက ဖေဖေ့မှာ သားသမီးသုံးယောက်သာရှိသည်ဟုထင်တတ်ကြသည်။ မင်းခက်ဥာဏ်ကသာ သူ့သရုပ်မှန်ကို ဖုံးကွယ်ထားသည်ဆိုရင် လင်းမြတ်ဟန်သိစရာအကြောင်းမရှိ။