" အစ်ကို ငယ်ငယ်ကနေခဲ့တဲ့အခန်း. . ."
" လိုက်ပြပါလား" ဆိုတာက ဆက်မထွက်။ ကြည့်ချင်တာမှန်ပေမယ့် မင်းခက်ဥာဏ်ဆိုတဲ့လူတစ်ယောက်အနေနဲ့ ဒီလိုကိစ္စမှာတောင်းဆိုဖို့ဆိုတာက မလွယ်ကူပါ။ ဒါပေမယ့် သူလွယ်လွယ်ကူကူသဘောပေါက်ပါ၏။
" အစ်ကိုတို့က အခုကလေးတွေနေနေတဲ့အဆောင်တွေမှာမဟုတ်ဘူး အနောက်ထဲမှာ အိမ်ခပ်သေးသေးလေးရှိတယ် အခုမသုံးတော့ဘူး အဲဒီမှာနေခဲ့တာ"
လိုက်ပြချင်တာလား။ လိုက်မပြချင်လို့လား။ မင်းခက်ဥာဏ်ကတော့ အရိပ်အကဲမခွဲနိုင်။ သိုသော် သူကတော့ မင်းခက်ဥာဏ်မျက်နှာကို တစ်ချက်လှည့်ကြည့်ပြီး မင်းခက်ဥာဏ် ဘာဖြစ်ချင်လဲဆိုတာကို ချက်ချင်းသဘောပေါက်၏။ ဆရာမကြီးဆီက သော့တောင်းပြီး အဆောက်အအုံအသစ်တွေရဲ့အနောက်ထဲကို ခေါ်သွားသည်။ လမ်းမှာတွေ့တဲ့ ကလေးတွေက မင်းခက်ဥာဏ်တို့နှစ်ယောက်ကို အထူးအဆန်းလုပ်ပြီး လည်ပြန်တဲ့အထိ ငေးတတ်ကြသည်။
" ဒီမှာပဲ"
အဆောက်အဦးအသစ်ရဲ့နောက်ကိုထွက်ထွက်ချင်း ခပ်သေးသေးအိမ်လေးတစ်လုံးကို တွေ့ရသည်။ သူက တုံ့ဆိုင်းခြင်းမရှိဘဲ အိမ်ရှိရာကိုလျှောက်သွားပြီး သံချေးတက်နေတဲ့ သော့ကိုဖွင့်၏။ သော့က အသံတစ်ခုမြည်ပြီးပွင့်သွား၏။
" အခုတော့အခန်းတွေက အလွတ်ဖြစ်ကုန်ပြီ အရင်က ကုတင်အသေးလေးတွေရှိတယ် တစ်ခန်းကို ခြောက်ယောက်နေရတယ်"
တွေ့တဲ့အခန်းတွေကိုကျော်သွားပြီး အပေါ်ထပ် ညာဘက် ဒုတိယမြောက်အခန်းအရောက်မှာ သူကရပ်သည်။
" ဒါအစ်ကို့အခန်းပဲ"
တံခါးကိုတွန်းဖွင့်ပြီး ပြော၏။ မင်းခက်ဥာဏ် ဝင်ဖို့ကိုတွန့်ဆုတ်စွာ လင်းမြတ်ဟန်ကို တစ်ချက်လှည့်ကြည့်မိသည်။
" သရဲမခြောက်ပါဘူး သွားပါ"
ခပ်တိုးတိုးရယ်ရင်းနောက်၏။ မင်းခက်ဥာဏ် ဘာရယ်မဟုတ်ပြုံးမိသည်။
" အပေါ်ထပ်ကိုတော့ပိတ်ထားလိုက်ပြီး အောက်ထပ်ကိုစာကြည့်တိုက်လုပ်ဖို့ ပြောထားတယ် အလှူငွေကပိုတယ်လေ"