"အစ်ကိုက ကျောင်းသားတွေကိုအထင်သေးတတ်တဲ့ဆရာမျိုးလို့မထင်ရဘူး"
စာရွက်ကို ဖင်တစ်ပြန်ခေါင်းတစ်ပြန်ဖတ်နေတဲ့ သူ့ကို မင်းခက်ဥာဏ်ရိသဲ့သဲ့ပြုံးရင်း ပြောလိုက်တော့မှ မျက်မှောင်ကုတ်ပြီး စိုက်ကြည့်နေတဲ့ စာရွက်လေးကို စားပွဲပေါ်ခပ်ဖြည်းဖြည်းပြန်ချသည်။
"မင်းIQ testဖြေဖူးလား"
"127"
အထင်ကြီးသွားတဲ့မျက်လုံးမျိုးမဟုတ်ပေမယ့် လက်မခံတဲ့မျက်လုံးမျိုးလည်းမဟုတ်။ မင်းခက်ဥာဏ်ပြောသလို ယုံကြည်နားလည်ပေးမယ့် အခြေအနေသာဖြစ်သည်။
"ဒါတွေအကုန်မှန်ဖို့ကတော့ မလွယ်တာအမှန်ပဲ"
အခုလေးတင်ဖြေပြီး သူကိုယ်တိုင် စစ်ထားတဲ့ ထိုင်းဘာသာ Testစာရွက်လေးကို တစ်ချက်ပြန်ကြည့်နေသည်။
" အစ်ကိုကရောဘယ်လောက်လဲ IQ resultက. . ."
" 118"
ဒါလည်းနည်းတဲ့ ပမာဏတော့မဟုတ်။ ပုံမှန်လူတစ်ယောက်ရဲ့ IQက 85နှင့်115ကြားတွင်ရှိသည်လေ။ မင်းခက်ဥာဏ်ကတော့ wowခနဲလုပ်မိသွားတာကို မထိန်းလိုက်နိုင်။ အခုရက်ပိုင်း ခံစားချက်တွေ အရမ်းလွတ်နေတာများ။
" ဒါပေမယ့် လူတွေကိုမမှတ်မိဘူးနော်"
" ဟုတ်တယ်။ မျက်နှာကိုမကြည့်လို့"
ဟုတ်ရဲ့လား သတိမထားမိတာကြောင့် ဆန်းစစ်လိုစိတ်နဲ့ လှမ်းကြည့်မိသည်။ စာရွက်ဆီကနေ သူမော့အကြည့်မို့ အကြည့်ချင်းဆုံသွား၏။ အခုတော့ မင်းခက်ဥာဏ်မျက်နှာကို ကြည့်နေသားပဲ။
" လိုအပ်မှကြည့်တာ။ ပြီးတော့မလိုတဲ့လူတွေကို မှတ်မထားတတ်ဘူး"
" Sherlock Holmes လို မလိုတဲ့မှတ်ဥာဏ်တွေကို Deleteလုပ်ပစ်တာလား"
" Sherlock Holmesက IQ 190 တောင်ရှိတယ်။ အစ်ကိုကအဲလောက်တော်တဲ့ထဲမှာမပါဘူး။ ဒီတိုင်းလူတွေကို မှတ်မထားတတ်တာပဲရှိတာ"
" ဒါဆို ကျွန်တော့်ကိုကြည့်"
စားပွဲပေါ်ထောက်ထားတဲ့လက်ကိုအားပြုပြီး သူ့မျက်လုံးနားကပ်သွားလိုက်၏။ အရင်တစ်ခေါက်ကလို သူနောက်ကိုဆုတ်မသွားပါ။ ပြန်ကြည့်နေတာ ခပ်တည်တည်ပဲ။