Chapter 6

1.6K 172 63
                                    

" ဝင်ခဲ့"

ပြောတာကမင်းခက်ဥာဏ်ကို။ ဝင်သွားတာကသူ။ အိမ်အဝင်ပေါက်တစ်ဖြစ်လည်း ဝရန်တာမှာရပ်နေမိတဲ့ မင်းခက်ဥာဏ် လေတို့သုတ်ဖြူးလာရာ အပြင်ဘက်ခြမ်းကိုလှမ်းကြည့်တော့ ဟိုဘက်တိုက်တွေနဲ့ခပ်မြင့်မြင့်သစ်ပင်တွေကိုမြင်သည်။ အောက်ကိုငုံ့ကြည့်လိုက်သည်။ တိုက်အဝင်ပေါက်ရှိသည့် လူသွားလမ်းနဲ့ မီးရထားလမ်းက အုတ်နံရံသာခြား၏။

" မင်းဥာဏ်!"

အထဲကနေလှမ်းခေါ်တဲ့အသံ. . ကျစ်! အဲလိုမခေါ်ပါနဲ့ဆို။ စိတ်ပေါက်ပြီး နာမည်အရင်းပြောထည့်လိုက်မှ ကားနေဦးမယ်။

" လာပြီ"

ဖိနပ်ချွတ်ပြီး အိမ်ထဲကိုဝင်ခဲ့သည်။ ထင်ထားသလို ပစ္စည်းတွေက တစ်မီလီမီတာနေရာမရွေ့ သပ်သပ်ရပ်ရပ်ထားထားတာမျိုးမဟုတ်။ သာမန်ယောကျာ်းလေးတစ်ယောက်၏ သာမန်တိုက်ခန်းမျိုးသာဖြစ်သည်။ ဆက်တီအဖြစ်ချထားတဲ့ ကုလားထိုင်နောက်မှီပေါ်မှာ အပေါ်ဝတ်တစ်ထည်တောင်တင်နေသေး၏။

အခန်းထောင့်မှာဂစ်တာတစ်ခုထောင်ထား၏။ စာအုပ်ပုံတွေ၊ စက္ကူပုံးတွေ၊ TVတစ်ခု၊ ရေခဲသေတ္တာတစ်လုံး။ အနောကိဖက်ကိုလျှောက်ဝင်သွားရတဲ့လမ်းကျဥ်းကျဥ်းဘေးမှာတော့ အခန်းလေး။ သူ့အိပ်ခန်းဖြစ်မည်။ ဟိုးအနောက်မှာ မီးဖို၊ ရေချိုးခန်း၊ အိမ်သာ။ ပြီးတော့ လိုက်ကာအဖြူလေးတွေက လေနှင်ရာလွင့်နေသည်။ ဒီကျဥ်းကျဥ်းနဲ့ သေးသေးကွေးကွေးလေးက အိမ်ဆိုတဲ့ခံစားချက်လား။

နံရံပေါ်မှာ ပန်းချီကားတွေရှိမနေ။ ပြက္ခဒိန်တစ်ခုသာ ခြောက်တီးခြောက်ချက် ချိတ်ထားသည်။ ဂုဏ်ပြုလက်မှတ်တွေ၊ ဘာတွေညာတွေ၊ လူတွေဂုဏ်ယူစရာလို့သတ်မှတ်ကြတဲ့ ဘာကိုမှလည်းချိတ်မထား. .

သို့ပေမယ့်. . .

ထိုင်း​​မေဂျာရဲ့အပြာရောင် ရောင်ဘားတန်းကသူ့ရင်ဘတ်မှာကြက်ခြေခတ်. . .ဘွဲ့ယူရင်ရိုက်တဲ့ သာမန်studioပုံတွေလို နောက်ခံအပြာနဲ့ ကင်မရာကိုတည့်တည့်ကြည့်ပြုံးနေတာမဟုတ်ပါ။ ဝက်ဝံရုပ်အသေးလေးနဲ့ certificate ကိုလက်ထဲမှာထွေးဆုပ်ကိုင်ထားရင်း အစွမ်းကုန်ရယ််မောပြနေသည်က တစ်ခါ မင်းခက်ဥာဏ်ရှေ့မှာ ရယ်နေတုန်းကထက်တောင် ပျော်ရွှင်လွတ်လပ်နေသည်။ ရန်ကုန်တက္ကသိုလ် အဆောက်အအုံကြီးကို နောက်မှာ မှုန်ဝါးဝါးမြင်နေရသည်။ သူ့ဘေးမှာ လှပပျိုမြစ်စွာရယ်မောနေသည့် မိန်းကလေးတစ်ယောက်လည်းပါသည်။

မြဲ ( Everlasting )Où les histoires vivent. Découvrez maintenant