Chapter 19

1.3K 186 76
                                    

ညစာကိုသူတို့ပဲစီစဥ်ပေးသည်။ ကြက်သားကာလသားချက်နဲ့ ချဥ်ပေါင်ရွက်ဟင်း၊ ငါးပိရည်တို့စရာ၊ အရွက်ကြော်တစ်ခွက်နဲ့ ချဥ်ပေါင်ဖူးထောင်းဆိုတာက ပါသေးသည်။ မြန်မာထမင်းဟင်းဆို လင်းမြတ်ဟန် ချက်ကျွေးတာကလွဲရင်မစားချင်တဲ့ မင်းခက်ဥာဏ်က ထိုနေ့ညကတော့ တော်တော်စားဖြစ်သည်။ ချဥ်ပေါင်ဖူးထောင်းကို မကြားဖူးဘူးလို့ လင်းမြတ်ဟန်ကို ကပ်ပြောတော့ သူကနောက်မှ သူထောင်းကျွေးမည်ဟုပြော၏။

ထိန်းမရဘဲပြုံးမိသွားတဲ့ မင်းခက်ဥာဏ်ကို ကြည့်ရင်း ဆုသက်ဝေဆိုသည့်ကောင်မလေးမှာ မျက်နှာအပျက်ပျက်။ အစကတည်းက လင်းမြတ်ဟန်နားတောင် မကပ်တော့ရာက အခုဆို စကားပါတစ်ခွန်းမှမပြောနိုင်တော့။ ထမင်းပန်းကန်ထဲကိုပဲ အရည်မရအဖတ်မရ ထိုင်မွှေနေသည်။

ညဘက်ကျတော့ မီးပုံပွဲလုပ်တဲ့နေရာမှာ ရဲထွန်းဝေက မီးမွှေးပေးသည်။ ပုံမှန်ဆိုရင်တော့ မိသားစုတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ သူငယ်ချင်းတွေ လူများများနဲ့ သောက်ကြစားကြ၊ ကကြခုန်ကြလုပ်ကြသည့်နေရာ။ အခုက မင်းခက်ဥာဏ်တို့နှစ်ယောက်တည်းသာရှိသည်။ စစချင်းမှာ ရဲထွန်းဝေက အတူတူလာထိုင်ပြီး အလာပသလာပပြောနေသေးပေမယိ့ ပြောစရာစကားရှိနေမှန်း သိသာနေသည့် မင်းခက်ဥာဏ်ကြောင့် ခဏအကြာမှာ အလိုက်တသိ အိမ်ထဲဝင်သွားသည်။ ဆုသက်ဝေကတော့ထွက်ကိုမလာတော့။

" အရင်ကဘယ်သူတွေနဲ့လာလဲ"

အမြဲတိတ်ဆိတ်နေခဲ့တဲ့အသံပိုင်ရှင် မင်းခက်ဥာဏ်ဟာ ဒီတစ်ခေါက် တိတ်ဆိတ်မှုကို သည်းမခံနိုင်။ " ကျောင်းကလုပ်ဖော်ကိုင်ဘက်တွေနဲ့" ဟု သူကတိုတိုတုတ်တုတ်ဖြေပြီး ဆက်ထိုင်နေသည်။

ဆုသက်ဝေဆိုတဲ့ကောင်မလေးက အစ်ကို့ကြိုက်နေတာ။ အစ်ကိုရော. . .။

အသက်တစ်ချက်အဆုတ်ထဲရှိုက်သွင်းပြီး တစ်ဖျောက်ဖျောက်အသံမြည်နေတဲ့ မီးပုံထဲက မီးပွားလေးတွေကို ငေးနေမိ၏။

" အစ်ကို့မှာမေးစရာရှိတယ်ဆို အခုမေးလို့ရတယ်"

အရုပ်လေးတစ်ရုပ်ချထားသလို မလှုပ်မယှက်သာဆက်ထိုင်နေသည်။ မတ်လလယ် ၏ နေရောင်မကျသည့် ညဟာ အနည်းငယ်တောင် ချမ်းစိမ့်မှုမရှိ။ ထို့အတူ မီးပုံဘေးမှာထိုင်နေသည့် မင်းခက်ဥာဏ်ရင်ထဲမှာ မီး၏ဝါးမြိုမှုအောက်ရောက်နေသည့် ထင်းတစ်ချောင်းရှိသည်။

မြဲ ( Everlasting )Where stories live. Discover now