[ Unicode]
" ငါတို့နှစ်ယောက်ဒီညပြန်မလာဘူး။ တစ်ယောက်တည်းမနေချင်ရင် ဆေးရုံပြန်တက်လည်းရတယ်"
Messageဝင်လာသည်။ မင်းခက်ဥာဏ်ဖုန်းကို မတုန်မလှုပ်စိုက်ကြည့်နေ၏။ အခန်းထောင့်က အမှုနဲ့ဆိုင်တဲ့ noteတွေပါနေသည့် ဖိုင်တွဲရှိသည့် လွယ်အိတ်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ နေညိုတွေ့သွားတာ လုံးဝသေချာသည်။
" နေညိုက ငါသူ့ကိုထင်နေတယ်ဆိုလည်း အဲလိုရှောင်ပြေးမယ့်လူမဟုတ်ပါဘူး"
မင်းခက်ဥာဏ် မတ်တပ်ထရပ်လိုက်၏။ အခန်းအပြင်ကိုထွက်လာခဲ့သည်။ ထမင်းအိုးကမှောက်ရက်။ အိမ်ကတိတ်ဆိတ်။ သက်လျှံခမရှိဘူးဆိုတော့ ဒီမှာပဲ ဆေးလိပ်သောက်လို့ရတာပေါ့။
ဆေးလိပ်ဘူးနဲ့မီးခြစ်ကိုဆွဲပြီးဝရန်တာကိုထွက်လာခဲ့၏။ နားမှာဖုန်းကိုကပ်ထားသည်။
" အစ်ကို"
" ဘာလဲ။ အခုလေးတင်ပြန်သွားတာလေ"
စွာလိုက်တာ. . .
" အိမ်မှာဘယ်သူမှမရှိဘူး။ ကျွန်တော်ဆရာဝန်ခေါ်ရမှာ တစ်ယောက်တည်းကျတော့အဆင်မပြေလို့ လာပေးလို့မရဘူးလား"
" မင်းညီလေးက ဘယ်သွားလို့လဲ"
" မသိဘူး"
ဝရန်တာမှာ လေရူးတို့ဝေ့နေ၏။ သူ့ဘက်ကတော့ လေငြိမ်နေသည်။ အိမ်ထဲမှာပဲနေမှာ။ အခုဆို မင်းခက်ဥာဏ်မရှိလောက်ဘူးဆိုတော့ ဘောင်းဘီတိုလေးဝတ်ထားလောက်မလား။ သနပ်ခါးလိမ်းထားတဲ့မျက်နှာကိုပြန်မြင်ယောင်မိတော့ ထိန်းထားတဲ့ကြားက ပြုံးမိသွားသည်။ နောက်တစ်ခါ အဲတာမျိုးမြင်ရရင် ပေးထားတဲ့ကတိမတည်နိုင်လောက်ဘူး။ အဲဒီအပြင် နောက်ဆုံးအခြေအနေအထိပါ ရောက်သွားနိုင်သည်။
" မင်းလိမ်နေတာမဟုတ်ဘူးမလား"
" လိမ်တာမဟုတ်ဘူးဆိုရင် အစ်ကို ကျွန်တော့်ကိုနမ်းမလား"
ဆဲသံကြားရမယ်ထင်ပေမယ့် တိခနဲတိတ်ကျသွား၏။ ဖုန်းကျသွားတာများလားလို့ နားနဲ့ခွာပြီး ပြန်ကြည့်မိသည်။ ဖုန်းဝင်နေသေးကြောင်း အသိပေးစက္ကန့်လေးတွေက ရွေ့လျားနေသေးသည်။