တစ်ချွတ်ချွတ်လှုပ်ရှားသံသဲ့သဲ့က ဟိုနားဒီနားက ထွက်နေသည်။ နဂိုက အအိပ်ဆတ်သူမို့ မျက်လုံးကို ခပ်ဖြည်းဖြည်းဖွင့်ကြည့်တော့ မင်းခက်ဥာဏ်ကိုကျောပေးထားတဲ့ ကျောပြင်တစ်ခု။ ဘာများလဲလို့ မျက်လုံးသေချာဖွင့်ပြီး မော့အကြည့်မှာ ဘုရားရှိခိုးနေတဲ့ လင်းမြတ်ဟန်ဖြစ်နေသည်။ လူကထပဲထိုင်ရမလို ဆက်ပဲအိပ်ချင်ယောင်ဆောင်ရမလို။
ခေါင်းကိုအနည်းငယ်စောင်းပြီး သူ့အမူအရာကိုမြင်ရအောင် သေချာကြည့်မိသည်။ အရုပ်လေးတစ်ရုပ်ထိုင်ရက်ချထားသလို တုတ်တုတ်မှမလုပ်ဘဲ လက်အုပ်ချီလျက်ပါးစပ်က ပွစိပွစိရွတ်နေတာကိုမြင်တော့ ညကအဖြစ်က ခေါင်းထဲပြေးဝင်လာသည်။
ကိုယ့်အောက်နှုတ်ခမ်းကိုယ် ခပ်ဖွဖွကိုက်ပြီး သူဘုရားရှိခိုးလို့ပြီးတဲ့အထိ စောင့်ကြည့်နေမိသည်။ ဘုရားစင်ပေါ်မှာ အသစ်လဲထားတဲ့ပန်းတွေနဲ့ ရေစက်လက်စိုနေတဲ့ သောက်တော် ရေခွက်။ အနံ့မပြင်းတဲ့မေမြို့ပန်းခရမ်းရောင်လေးတွေမို့ သင်းပြပြရနံ့က ထုံမနေတောင် မနက်ခင်းက ကျက်သရေရှိနေသည်။ ကြည့်ရတာ မနက်တိုင်းလုပ်သည့်ပုံပေါ်သည်။ အစောကြီးထပြီး မပျင်းဘူးလား။
ဘုရားရှိခိုးလို့အပြီး ထရပ်သည့်အခါ မင်းခက်ဥာဏ် မျက်လုံးပြန်ပိတ်ပြီး အိပ်ချင်ယောင်ဆောင်နေလိုက်၏။ အရာအားလုံးအမှောင်ကျသွားတာမဟုတ်။ ပျို့အန်စပြုလာတဲ့ မနက်ခင်းအလင်းက မျက်ခွံတွေကိုဖောက်ကာ လင်းဖန့်ဖန့်ဖြစ်နေသည်။
အနားကို လျှောက်လာတဲ့ခြေသံတိုးတိုးရဲ့နောက် မျက်နှာနားကခြင်ထောင်စကို လိပ်တင်လိုက်တာကို သတိထားမိ၏။ အလင်းက နည်းနည်းပို၍ ထိုးဖောက်ဝင်လာသည်။
" ဥာဏ်"
အသံကထွက်လာရုံလေးဆိုပေမယ့် ကြားသင့်သလောက်ကျယ်နေတာမို့ သိပ်မကွာဝေးသည့် အကွာအဝေးကနေ ခေါ်မှန်းသိသာသည်။ မင်းခက်ဥာဏ် မျက်တောင်လေးတစ်ချက်တောင်မတုန်သွားစေဘဲ ဆက်အိပ်နေလိုက်၏။ အဲဒီနောက်မှာ သက်ပြင်းချသံတိုးတိုးနဲ့အတူ အနားကနေ ပြန်ထွက်သွားသည်။
ဒါပဲလား. . .သူအိပ်ရာနှိုးတာက။ ငယ်ငယ်ကတည်းက အအိပ်မမက်တဲ့ မင်းခက်ဥာဏ်က တစ်ယောက်ယောက်နှိုးမှ အိပ်ရာထရတာမျိုး ဘယ်တော့မှမရှိခဲ့တာကြောင့် တခြားလူတွေ အိပ်ရာဘယ်လိုနှိုးလဲမသိပါ။ ဒါပေမယ့် ဒီလောက်မညင်သာတာတော့သိသည်။ သူ့ပုံက အိပ်ရာနှိုးတာနဲ့မတူဘဲ မင်းခက်ဥာဏ် အိပ်နေသေးလားဆိုတာ အတည်ပြုတာနှင့်တူ၏။