" ကိုခက်"
ဖိုင်တွဲတစ်ခုထဲကို စိတ်မပါလက်မပါစိုက်ကြည့်နေမိတဲ့ မင်းခက်ဥာဏ်က ပထမတစ်ခါအခေါ်မှာမကြား။
" ကျွန်တော်လမ်းပြန်လျှောက်ချင်တယ်"
ကြားဖို့လုံလောက်အောင် ရှည်လျားတဲ့ဝါကျကျမှ မင်းခက်ဥာဏ် သက်လျှံခကိုမော့ကြည့်မိ၏။ မင်းခက်ဥာဏ်၏ အတွေးတွေ ဒီနေရာမှာမရှိသလို သက်လျှံခအတွေးတွေလည်း လွင့်နေပုံပေါ်သည်။
" မင်းဘာပြောလိုက်တာ"
" လမ်းပြန်လျှောက်ချင်တယ်လို့"
" လျှောက်ရမယ်လေ။ နောက်တစ်ပတ်လောက်နားပြီးရင် လေ့ကျင့်ခန်းလုပ်ရမယ်လို့ပြောတယ်မလား"
" အခုလျှောက်ချင်နေပြီ။ တကယ်လို့ လမ်းပြန်လျှောက်နိုင်ဖို့ကြာနေဦးမယ်ဆို ဒီတိုင်းပဲ...ဒီတိုင်း သွားတွေ့လိုက်ချင်တယ်။ ဒါပေမယ့် အခုလို ဒုက္ခိတဖြစ်နေတာကြီးလည်း.... ကိုနေ့ကို မပြချင်ဘူး"
မင်းခက်ဥာဏ်အကြည့်ပြန်လွှဲလိုက်၏။ သူငေးနေရာကိုလိုက်ငေးတော့ ဆေးရုံအပြင်ဘက်က ဘန်ကောက်ညရဲ့ မီးရောင်စုံမြင်ကွင်း....။ မိုးစက်ကလေးတွေဟာ ပြတင်းပေါက်မှာသီးနေဆဲပါ။
" ကြိုးစားပေါ့။ သူလည်းမင်းကိုတွေ့ချင်နေတာ...။ မတွေ့ရတာ တစ်နှစ်တောင်ကြာပြီမလား"
မတွေ့ရတာ တစ်နှစ်တောင်ကြာပြီ....။
အစ်ကိုလည်း ကျွန်တော့်ကိုမတွေ့ရတာ တစ်နှစ်...အဲတာတောင်မှ....။
ခေါင်းကိုတစ်ချက်ခါလိုက်ပြီး ထိုင်နေရာက မတ်တပ်ထရပ်လိုက်ပါ၏။ ကုတင်ပေါ်မှာထိုင်နေတဲ့ သက်လျှံခဆီလျှောက်သွားပြီး ပွေ့ယူကာ Wheel chairပေါ်တင်လိုက်သည်။ ထို့နောက် ဆေးရုံခန်းအပြင်ကို ခေါ်ထုတ်လာခဲ့၏။
ဆရာဝန်တွေ၊ သူနာပြုမလေးတွေကပြုံးပြသည်။ မင်းခက်ဥာဏ်ကတော့ မူပိုင်အပြုံးမရှိသူမို့ ခေါင်းပြန်ညိတ်ပြရုံသာဆိုပေမယ့် ဖောဖောသီသီပြုံးပြတတ်တဲ့ သက်လျှံခဟာ အခုအချိန်မှာ သူ့ကိုပြုံးပြနေသည့် ဘယ်အပြုံးမျက်နှာကိုမှ မမြင်။ တွေတွေငေးငေးလေးသာ ပါလာသည်။