အိမ်ထဲကို ဝင်ဝင်လိုက်ချင်းမှာ ရင်ဘတ်ကိုပစ်ဆောင့်လာတဲ့ လစ်ဟာမှု။ အမေမရှိတော့တဲ့နောက်ပိုင်း ဘဝမှာအမြဲလိုလိုတစ်ယောက်တည်းပဲ နေလာခဲ့တာမို့ အထီးကျန်မှုဆိုတာကို မင်းခက်ဉာဏ်နှလုံးသားက နားမလည်တဲ့ဘာသာရပ်တစ်ခုလို့ပဲသတ်မှတ်ထားမယ်ထင်ခဲ့တာ။ နေသားကျနေလွန်းတာကြောင့်။
ဒါပေမဲ့ ဒီခံစားချက်ကဘာများလဲ။
စောင့်ကြိုနေမယ့်သူမရှိတဲ့ အိမ်။
"ဘာများထူးဆန်းလို့လဲ"
ဟက်ခနဲတစ်ချက်ရယ်မိသည်။ သက်လျှံခက ခဏနေရင်ပဲပြန်လာတော့မှာမလား။ ဒါနဲ့များဘာလို့ အရာအားလုံးကအေးစက်နေတာပါလိမ့်။ အမြဲတမ်းရှိလာတဲ့အရာ တစ်ခုခုက ကိုယ့်နားကနေတဖြည်းဖြည်းပျောက်ကွယ်သွားသလိုမျိုး အရင်လိုမဟုတ်တော့တဲ့ နေညိုနဲ့ အရင်လိုမဟုတ်တော့တဲ့ အငယ်ကောင်။ တကယ်တမ်းတွေးကြည့်ပြန်ရင်တော့လည်း တစ်ယောက်ယောက်က ကိုယ့်နားမှာမရှိနေတာကို အထီးကျန်ပြီးစိတ်အားငယ်နေမိတယ်ဆိုတာကိုက မင်းခက်ဉာဏ်ရဲ့အမှားအယွင်းပဲ။ ဘယ်တုန်းကမှတခြားလူတစ်ယောက်ကို ဂရုမစိုက်တတ်ခဲ့ဘဲနဲ့၊ ဘယ်တုန်းကမှ ပျော့ညံ့မှုဆိုတာကို ခန္ဓာကိုယ်ကလက်မခံခဲ့ဘဲနဲ့။
ဒီလိုသာဆို အစ်ကိုနဲ့တွေ့ရတာ အကုန်အကောင်းချည်းပဲမဟုတ်ဘူးလို့ပဲ သတ်မှတ်လိုက်သင့်တာများလား။ ဒါပေမဲ့ မင်းခက်ဉာဏ်ကိုယ်တိုင်ကရော အရင်လို ကိုယ့်ကိုယ်ကိုယ် တံတိုင်းတွေနောက်မှာ ကာထားချင်နေသေးရဲ့လား။
သက်လျှံခအခန်းတံခါးကိုပထမဆုံးအကြိမ်ဖွင့်ကြည့်လိုက်မိသည်။ နေညို့လောက်တောင်မှ ဒီအခန်းထဲကိုမရောက်ဖြစ်ခဲ့။ အမှန်အတိုင်းဝန်ခံရရင် သူ့အခန်းနံရံကဘာအရောင်လဲတောင် မင်းခက်ဉာဏ်မသိပါ။
ဝရန်တာဘက်ထွက်လာတော့ အစ်ကိုလျှော်စက်ထဲလှိမ့်ပြီးလှန်းပေးထားခဲ့ပုံသည့် အဝတ်တွေက လေထုထဲလွင့်ပြီးခြောက်သွေ့လို့နေပြီ။ အစ်ကိုပြန်လာရင်သိမ်းနေဦးမှာမို့လို့ အကောင်းအတိုင်းကျန်နေတဲ့လက်တစ်ဖက်နဲ့ပဲ မင်းခက်ဉာဏ်အဝတ်တွေနဲ့ သက်လျှံခအဝတ်တွေကိုခွဲပြီး ဖြည်းဖြည်းချင်းခေါက်လိုက်သည်။