" ဒါတွေကဘာတွေလဲ။ ကျွန်တော်ဘာမှနားမလည်ပါဘူးဆို"
" မင်းပဲ ဟင်းချက်စရာဝယ်ပေးဆို"
နည်းနည်းလေးရင်းနှီးသွားတာနဲ့ ကတ်ကတ်လန်အောင် ရန်ပြန်တွေ့တတ်မယ့် အမျိုးအစားလို့ လင်းမြတ်ဟန်ကိုမထင်ခဲ့။ ခက်နုနဲ့ဆိုပြုံးပျော်နေတဲ့ ဓာတ်ပုံတွေမြင်တုန်းကတော့ ရင်းနှီးသွားရင် ပုံစံပြောင်းသွားတတ်တဲ့ သွေးအမျိုးအစားဆိုတာ သတိထားမိခဲ့ပေမယ့် တော်ရုံနဲ့ ရင်းနှီးတတ်မယ်လို့လည်း မထင်ခဲ့ပါ။
" ဒါနဲ့ မင်းကဟင်းမချက်တတ်ဘဲနဲ့ ဘာလို့ချက်စရာတွေဝယ်ခိုင်းတာလဲ"
လာပြန်ပြီ. . .ကုန်တိုက်ထဲမှာတုန်းကလည်း သက်လျှံခရှိနေတာကိုပြောမိတော့မလို့။ ဘယ်သူနဲ့မဆို လိုက်လျောညီထွေရှိတဲ့ သက်လျှံခက မင်းခက်ဥာဏ်နဲဲ့ ယှဥ်ရင်တော့ ခက်နုနဲ့လည်း ပိုမေးထူးခေါ်ပြောရှိသည်။ ပြောလို့မရပါ. . .မင်းခက်ဥာဏ်ကို သူမသိပေမယ့် သက်လျှံခကိုတော့ ဇေယျာဦးရဲ့မိသားစုဝင်ဆိုတာ သိနေနိုင်သည်။
" ဒီလိုပဲရအောင်ချက်ရမှာပေါ့"
" မင်းမှာပိုက်ဆံတွေပေါတယ်မလား။ ထမင်းချက်တစ်ယောက်လောက်တောင်အိမ်မှာမရှိဘူးလား"
" အဖေကထိုင်းမှာနေတာများလို့ ကျွန်တော်က ဒီလိုပဲ ဝယ်စားလိုက်တာများတယ်"
" တစ်သက်လုံးအဲလိုပဲနေတာလား"
တစ်သက်လုံးထိုင်းမှာနေလာတာလို့ ပြောထည့်လိုက်ရ။
" မသိရင် အစ်ကိုလိုက်ချက်ပေးမယ့်လေသံနဲ့"
မက်မောနေမိတဲ့စိတ်။ ဘာမှမဟုတ်တဲ့ ငါးခြောက်ဖုတ်ဆီဆမ်းထားတဲ့ ထမင်းလေးတစ်ပန်းကန်ကိုတောင်မှ မေ့လို့မရဖြစ်နေမိတဲ့ မင်းခက်ဥာဏ်လေသံက လိုက်ချက်ပေးလို့ တောင်းဆိုတဲ့လေသံဖြစ်သွားမယ်မထင်ခဲ့။
" မင်းမှာချက်ကျွေးမယ့်လူတကယ်မရှိဘူးလား။ မင်းအမေရော"
အမေဆိုတဲ့ ပုဂ္ဂိုလ်ပြပုဒ်တစ်ခုနောက်မှာ ကားနောက်ဖုံးကို မင်းခက်ဥာဏ်ပိတ်ချလိုက်သည်က မသိမသာကြမ်းတမ်းသွားသည်။ အရိပ်အကဲမြန်တဲ့ သူတစ်ယောက် ဖြစ်နေခြင်းကလည်း လင်းမြတ်ဟန်ရဲ့အားသာချက်ပါ။