မြန်မာနိုင်ငံ ရန်ကုန်မြို့
ညခုနှစ်နာရီဝန်းကျင်...
" လာ... ဒီမှာထိုင်"
ထမင်းစားစားပွဲဆီဆွဲခေါ်သွားပြီး ထိုင်ခိုင်း ၏။ လက်ကျိူးနေတာလေးတစ်ခုတည်းနဲ့ သက်ကြီးရွယ်အိုလိုဆက်ဆံခံနေရလည်း မင်းခက်ဥာဏ်ကတော့ မပြုံးမိအောင်တောင် မနည်းကြိုးစားထိန်းနေရသည်အထိ ကြည်နူးစိတ်တွေတစ်လိပ်လိပ်။
" ရေခဲသေတ္တာထဲကရှိတာတွေနဲ့ချက်ထားတာ"
သူကလည်းအရှေ့မှာဝင်ထိုင်သည်။ ထမင်းဖြူတစ်ပန်းကန်၊ ကင်းမွန်ကို ကညွှတ်နဲ့ရောပြီး အစပ်ချက်ထားတဲ့ ဟင်းတစ်ခွက်၊ ဝက်သားကြော်နဲ့ မန်ကျည်းရွက်သုတ်၊ ဟင်းရည်တစ်ခွက်ပါပါသည်။ မင်းခက်ဥာဏ် ဇွန်းကိုကောက်ကိုင်လိုက်မလို့ပြင်လိုက်ပြီးမှ လက်နာနာတာကို သတိထားမိသည်။
" အစ်ကို"
" ဘာလဲ"
မင်းခက်ဥာဏ်လက်ကိုမြှောက်ပြလိုက်သည်။
" နာလို့လား...ဆရာဝန်ပြန်ခေါ်ပေးရမလား"
" မဟုတ်ဘူး။ လက်ကလှုပ်ရတာအဆင်မပြေဘူး"
" အဲဒီတော့"
" ခွံ့ကျွေးလေ"
မျက်လုံးအပြူးသားနဲ့ကြောင်ကြည့်လာ၏။ သို့သော် ခဏလေးအတွင်းမှာပဲ ချက်ချင်းသဘောပေါက်သွားသည်။
" ရှေ့ရက်တွေကဘယ်လိုစားလဲ"
" သူနာပြုမချောချောလေးတွေခွံ့ကျွေးတာပေါ့"
မနာလိုဖြစ်အောင်ပြောလိုက်ပေမယ့် နှာခေါင်းသာရှုံ့သည်။ တကယ်က မင်းခက်ဥာဏ် လက်ထိသွားကတည်းက သူများခွံ့ကျွေးတာမစားချင်လို့ ထမင်းကိုတောင် ဟုတ်တိပတ်တိမစားဖြစ်တာ။ စားမယ်ဆိုရင်တောင် ဇွန်းကိုဘယ်ဘက်နဲ့ကြိုးစားကိုင်သည်။
" မင်းအိမ်ကိုလည်းလာရတယ်။ ဆရာဝန်လည်းပြပေးရတယ်။ ထမင်းလည်းချက်ပေးရတယ်။ အခု ခွံ့ပါကျွေးခိုင်းရအောင် ငါက....မင်းရဲ့...."
တစ်ပိုင်းတစ်စရပ်တန့်သွားတဲ့စကားကြောင့် မင်းခက်ဥာဏ် ပြုံးစိစိနဲ့ မျက်ခုံးပင့်ပြလိုက်၏။ ဟုတ်တာပေါ့... အစ်ကိုက ကျွန်တော့်ရဲ့...