နှုတ်ခမ်းနှစ်လွှာကို တင်းတင်းစေ့ပြီး
ခလေးမျက်နှာကို ယူကြုံးမရ လှမ်းကြည့်လိုက်မိသည်။ ဝင့်ကြည့်လာတဲ့ မျက်လုံးလေးထဲမှာ ဘာမှန်းမသိတဲ့ ခွန်အားတစ်ချို့က အရည်လဲ့နေ၏။ ဘေးမှာရပ်နေတဲ့ မင်းခက်ဥာဏ် တစ်ကိုယ်လုံးတောင့်ခနဲဖြစ်သွားတာကိုလည်း သိလိုက်၏။ဝန်ခံလိုက်ပြီတဲ့လား...
မင်းဘာဆက်လုပ်မှာလဲ မင်းခက်....မင်းရွေးချယ်ထားတဲ့လမ်းက ဘာလဲ....
မင်းခက်ဥာဏ်ဟာ ညီဖြစ်သူကို ကယ်တင်မှာလား။ ခက်နုအတွက် အမှန်တရားဘက်က ရပ်တည်မှာလား။ နေညိုအခုထိမသိသေးပါ။ ကြုံသမျှဘေး ပြေးတွေ့တဲ့သူမျိုးရဲ့ စိတ် ဓာတ်မျိုးအပြင် မင်းခက်ဥာဏ်မှာ ခလေးကို စွန့်လွှတ်လိုက်ဖို့အတွက် အကြောင်းပြချက်များစွာရှိနေပါ၏။ အထူးသဖြင့် ခက်နုဟာ သူချစ်နေသူ၏အစ်မဖြစ်သူ။
စိတ်ထဲမှာ တဖြည်းဖြည်းလှိုက်တက်လာသည်။ ရင်ဆိုင်ဖို့ ရုတ်တရတ် အားမရှိတော့။
" ပြဿနာက ငါမယုံတာပဲ"
" ဘာ"
" လျှံခက မင်းတို့ထဲကတစ်ယောက်ကို ကာကွယ်ပေးဖို့အတွက် သူ့ကိုယ်သူ လူသတ်သမားလို့ပြောလိုက်တယ်ပဲ ငါထင်တယ်"
ဆူးထက်နွယ်စကားအဆုံးမှာ မင်းခက်ဥာဏ် ခွီးခနဲထရယ်လိုက်မိသည်။ နေညို့ရဲ့စိုးရိမ်စိတ်တွေရောထွေးနေတဲ့မျက်လုံးတွေက မင်းခက်ဆီကို ဗြုန်းခနဲရောက်လာသလို ဆူးထက်နွယ်ရဲ့ နားမလည်မျက်လုံးတွေကလည်း ဒိုင်းခနဲ။
" သေသေချာချာသိချင်ရင် ရဲခေါ်လိုက်ပါလား"
နေညိုတားမလို့ပြင်လိုက်ပေမယ့် နောက်ကျသွားပြီမှန်းသိလိုက်သည်။ မင်းခက်မျက်လုံးထဲမှာ ဘုရင့်နောင် နောင်ရိုးတိုက်ပွဲဖောင်ဖျက်တဲ့ စူးရှပြတ်သားမှုတွေ လင်းလင်းထင်းထင်းမြင်နေရသည်။ ဘယ်သူ့စကားမှ နားထောင်မှာမဟုတ်တော့။ ဘာပြောပြောရမှာမဟုတ်တော့။ သူဦးတည်နေတဲ့နေရာဆီ ရောက်အောင်သွားတော့မည်။
" မမ မှာ ဘာအာဏာ၊ ဘာအခွင့်အရေးမှမရှိဘဲ လူကိုဖမ်းထားလို့ဘယ်ဖြစ်မလဲ"
မင်းခက်ဥာဏ်မျက်လုံးတွေက သက်လျှံခဆီ ရောက်သွားသည်။
" အဲတာကြောင့် လျှံခ.... ငါ့ဆီလာခဲ့"