" အစ်ကို"
ဥာဏ့်အသံမှာ ဝမ်းသာလှိုက်မောစွာ တုန်လှုပ်နေသည်ဟုထင်၏။ စိတ်ထင်နေတာလည်းဖြစ်နိုင်ပေမယ့်...အသံဖျားတွေတိုးဝင်သွားတာတော့သိသည်။ မိုးရေစက်လေးတွေက လင်းမြတ်ဟန်မျက်နှာဆီ တစ်ချက်တစ်ချက် တိုးဝင်လာကြသည်။
" မင်း မိုးမိလာလား"
ဥာဏ်ကခေါင်းယမ်းပြသည်။ ပြီးမှ ချက်ချင်းခေါင်းညိတ်ပြီး " နည်းနည်း" ဟုဖြေ၏။
" အိမ်ထဲဝင်လေ"
လင်းမြတ်ဟန်အပေါက်ဝမှာပိတ်ရပ်နေမိရာက ဖယ်ပေးလိုက်သည်။ ရက်သုံးဆယ်တိတိခွဲလိုက်ရပေမယ့် ကြားထဲကအချိန်ကာလဟာ တံခါးဝမှာရပ်နေတဲ့ ဥာဏ့်ပုံရိပ်ကိုမြင်လိုက်တာနဲ့ ကြုံ့ဝင်သွားသလို။ ဘာကများအခုလို အစွမ်းရှိပါလိမ့်။
" အစ်ကို"
တစ်လဆိုတာလူတစ်ယောက်ကိုပြောင်းလဲဖိုမလုံလောက်မှန်းသိသည်။ သို့သော် မနေ့တစ်နေ့ကလိုပဲ လင်းမြတ်ဟန်နာမည်ကို တစ်တွတ်တွတ်ခေါ်ရတာသဘောကျနေသေးသည့် ဥာဏ့်ကြောင့် စိတ်ထဲမှာ ပြုံးလိုက်မိသည်။
" ဘာလဲ"
အိမ်ထဲကိုခြေတစ်လှမ်းနင်းဝင်လာပြီး လင်းမြတ်ဟန်လက်ကိုခပ်ဖြည်းဖြည်းလှမ်းဆွဲသည်။ တဖြည်းဖြည်းပိုညှက်ပြီးပိုသေးလာသလားထင်ရအောင် လင်းမြတ်ဟန် သူ့ရှေ့ကိုဆွေ့ခနဲရောက်သွား၏။
" မဆက်သွယ်မိတာ တောင်းပန်ပါတယ်"
တောင်းပန်ပါတယ်ဆိုတဲ့စကားလေးပဲဆိုပေမယ့် နောက်မှာ ခွင့်လွှတ်ပေးပါဆိုတဲ့ အပြုသဘောဆောင်သည့် မျက်လုံးလေးတွေ ကလယ်ကလယ်ဖြစ်လာသည်။ တစ်ပြိုင်တည်းမှာ လင်းမြတ်ဟန် မျက်မှာကိုဆွဲယူကာ ခပ်စေ့စေ့စိုက်ကြည့်နေသေး၏။
" အဲတာတွေနောက်မှအစ်ကို့ကိုရှင်းပြလေနော်.... အခု..."
ခွင့်ပြုချက်တောင်းဖို့ဆို အမြဲမေ့ချင်ယောင်ဆောင်တတ်သည့် ဒီကောင်လေးဟာ အခုလည်း အလိုမတူဘဲ နှုတ်ခမ်းသားတွေကို ဆွဲငင်သိမ်းပိုက်သွားသည်။
အလိုမတူတာတော့မဟုတ်....မဟုတ်ပေမယ့် အလိုတူတာလည်းဟုတ်မနေပြန်။