" သက်လျှံခကိုတောင် မယုံနဲ့။ သက်လျှံခကိုတောင် မယုံနဲ့။ သက်လျှံခကိုတောင် မယုံနဲ့"
နေညိုအရူးတစ်ယောက်လိုရေရွတ်ရင်း လင်းမြတ်ဟန်၏ အိမ်တံခါးဝကနေ လှည့်ထွက်လိုက်သည်။ ယိုင်နဲ့နေတဲ့ခြေလှမ်းတွေကြောင့် လှေကားကနေ ဇောက်ထိုးပြုတ်ကျတော့မလိုဖြစ်သွားသည်။
ဘယ်လိုလုပ်. . .ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
ဒီလောက်အပြစ်ကင်းတဲ့ကလေးက. . .
နှလုံးသားတစ်ခုလုံးကိုဆွဲဖြုတ်ပြီး အက်ဆစ်မိုးတွေအောက်ကို ပစ်စလတ်ခတ်ပစ်ချလိုက်သလို ရင်ထဲမှာ စူးအောင့်နာကျင်လာသည်။ လှေကားထစ်တွေကို ခပ်သွက်သွက်ပြေးဆင်းလာခဲ့၏။ ကားတံခါးကို ဖွင့်ကာဝင်ထိုင်သည်။
ဆေးရုံမှာတွေ့ခဲ့တဲ့ မင်းခက်ရဲ့ဖိုင်တွေ ဓာတ်ပုံရိုက်ယူလာခဲ့တာကို ပြန်ဖွင့်လိုက်၏။ " Arthit " ဆိုတဲ့နာမည်နဲ့ အသက် 20 ဝန်းကျင်လူတစ်ယောက်။ 11 လပိုင်း 2 ရက်နေ့ ညကိုးနာရီဝန်းကျင်။ မှတ်မှတ်ရရ ပထမဆုံးအကြိမ် ခလေးကိုဖုန်းခေါ်လို့မရခဲ့တာကို သတိရသည်။ သူအိမ်မှာပဲရှိမယ်လို့ပြောထားပြီးမှ ဖုန်းမကိုင်တာမျိုးတစ်ခါမှမရှိ။ သို့ပေမယ့် ထိုနေ့ညက ဆယ်နာရီခွဲကျော်မှ အိပ်ပျော်သွားလို့ ဖုန်းသံမကြားလိုက်ဘူးဆိုပြီး ခလေး နေညို့ဆီပြန်ဆက်သွယ်လာသည်။
" ဟုတ်လား။ ထူးထူးဆန်းဆန်းပါလား။ ပင်ပန်းနေလား"
" Gameဆော့တာများသွားတယ်ထင်တယ်"
ဟုတ်တယ်။ ခလေးဟာ အခုအချိန်ထိ ဖက်ခေါင်းအုံးလေးပိုက်ပြီး အိပ်ရာထဲ တံခါးပိတ် Gameဆော့နေရမယ့်အရွယ်သာရှိသေးတာ။ သို့သော်. . .
" ကိုယ်တို့တွေ့မလား"
" အခုလား"
" အင်း သတိရလာလို့"
အရင်ကဆို တွေ့မယ်တစ်ခွန်းဆို ချက်ချင်း " အင်း" ညိတ်တဲ့ကောင်လေးက ဒုတိယမြောက်ပထမအကြိမ် အင်တင်တင်လုပ်နေတာကိုလည်းသိသည်။
" ဘာလို့လဲ မတွေ့ချင်ဘူးလား"
" မဟုတ်. . .မဟုတ်ဘူး။ တွေ့မယ်။ ဒါပေမယ့် လမ်းဆုံမှာတွေ့ရအောင်"