အခုရက်ပိုင်းတိတ်နေသည်။ အရင်ကလည်း တိတ်တာပါပဲ။ ဒါပေမယ့် သူနေမြဲအတိုင်း အေးစက်စက်နေတာမဟုတ်ဘဲ အတင်းကြီးလုပ်ယူထားရသလို နှုတ်ခမ်းတွေတင်းတင်းစေ့ မျက်မှောင်တင်းတင်းကုတ်နေဟန်က အရင် ဥာဏ်လို့မခံစားမိစေတော့။ ဥာဏ်က အပေါ်ယံမှာတင်းမာနေပေမယ့် အထဲက နှလုံးသားနူးညံ့တဲ့ မင်းကွတ်သီးလေးဆိုတာ လင်းမြတ်ဟန်သိသည်။
" ဒီစကားလုံးက လှုပ်ရှားရတဲ့ activityတွေအရှေ့မှာ သုံးတယ်။ ဥပမာ ပြေးတယ်ဆိုတဲ့စကားလုံးအရှေ့မှာသုံးရင် ပြေးခြင်းဖြစ်သွားတယ်။ verb တွေကို noun အဖြစ်ပြောင်းသွားစေတာ။ ပြေးတာထိုင်တာ လမ်းလျှောက်အဲ့လိုဟာတွေမှာသုံးတယ်"
ထိုင်းစာလုံးလေးတွေကိုပြပြီး လင်းမြတ်ဟန်ကြိုးစားပမ်းစားရှင်းပြနေပေမယ့် မျက်မှောင်ကုတ်ပြီး နားထောင်နေတဲ့ကျောင်းသားကြောင့် စကားပြောရတာက အဆင်မပြေချင်တော့။ သူတကယ်ပဲ ဘာတွေဖြစ်နေလဲ။
" ဒီစာလုံးကကျတော့ ခံစားချက် တော်တော်များများမှာသုံးတယ်။ ဥပမာ เห็น (h̄ĕn) = မြင်သည် ရဲ့အရှေ့မှာ ความထည့်ပြီးความเห็น (Khwām h̄ĕn)
ဆို အမြင် / opinion ဆိုတဲ့ အဓိပ္ပာယ်ဖြစ်သွားမယ် နားလည်တယ်နော်"ခေါင်းမညိတ်ခေါင်းမခါ။ ပြောနေတာကိုကြားရဲ့လားတောင်မသိ။
" အစ်ကို့ကိုဝါကျဖွဲ့ပြပါလား။ ความ (Khwām) အဲတာနဲ့ ပက်သက်ပြီး"
ရေးစာအုပ်ကိုသူ့ရှေ့ထိုးပေးလိုက်မှသာ လှုပ်လာသည်။ စာအုပ်ကိုမင်သေသေယူ၏။ နားမထောင်နေဘူးသာထင်ရတာ။ စာကြောင်းတစ်ကြောင်းကို အေးဆေးသက်သာရေးချလိုက်တာကြောင့် လင်းမြတ်ဟန် ဝမ်းသာသွားသည်။ နားထောင်မနေဘူးဆိုတာ လင်းမြတ်ဟန် စိတ်ထင်နေတာနေမှာပါ။
" ရပြီလား"
စကားတစ်ခွန်းမှမဆိုဘဲ စာအုပ်ကိုပြန်ထိုးပေးလာပြီး လင်းမြတ်ဟန်ကို ခပ်စေ့စေ့ထိုင်ကြည့်နေသည်။ စာအုပ်ကိုဆွဲယူပြီးကြည့်လိုက်သည်။
" ผมรักพี่"
P̄hom Rạk phī . .ဘုရားသခင်. .ရင်ထဲမှာ တစ်ဖျတ်ဖျတ်လှုပ်သွားကြောင်း ကိုယ့်ကိုယ်ကိုယ်သိလိုက်တဲ့ခဏမှာ သူ့မျက်နှာကို မော့ကြည့်မိမသွားအောင် မထိန်းနိုင်။ လင်းမြတ်ဟန်မျက်နှာကို တည့်ပဲစိုက်ကြည့်နေတာ ဘာခံစားချက်မှမရှိသလိုမျိုး။ သူကိုယ်တိုင်ရေးလိုက်တဲ့ ဒီစာကြောင်းရဲ့ အဓိပ္ပါယ်ကိုတောင် နားမလည်သလိုမျိုး။