" တကယ်လိုက်မှာလား"
" အင်း ကျွန်တော့်ဦးနှောက်ကို အနားပေးဖို့ အချိန်လိုတယ်"
တစ်ခွန်းမကျန်ခံပြောပြီး ဒီခရီးကို လိုက်လာခဲ့ပေမယ့် "ကားထားခဲ့" ဟူသည့် ဇာတ်ဆရာ၏ တစ်ချက်လွှတ် အမိန့်အောက်မှာ မင်းခက်ဥာဏ်၏ ကကြိုးဆင်မှုက ဟိုယိမ်းဒီယိမ်း။ ဒီလိုအချိန်တွေဆို သူဌေးသားဟူသည့် မင်းခက်ဥာဏ်၏ မာနကို တစ်လွှာချင်းခွာချခံနေရသလားတောင် တွေးမိသည်။ သူနဲ့စတွေ့ကတည်းက ပျက်လိုက်သည့် styleတွေ၊ ကျလိုက်သည့် သိက္ခာတွေ။ ခရီးကို ဘယ်သူက YBSကြီးနဲ့မတ်တပ်ကြီးသွားလို့လဲ။ တစ်ခုခုလွဲနေပြီမဟုတ်ဘူးလား။
" ကျွန်တော့်ကားနဲ့သွားပါမယ်ဆို"
" လိုက်ချင်ရင် စောဒက မတက်နဲ့"
ကတိတော့တည်သည်။ ဘာစကားမှမပြောတော့ဘဲ မျက်လုံးကြီးကျွတ်ပြီး သူ့မျက်နှာမှာကပ်သွားလောက်အောင် ဆက်တိုက်ကြည့်နေလည်း မျက်မှောင်သေအောင်ကုတ်ထားရုံကလွဲရင် ဘာမှမပြော။ ကြည့်ရတာ လည်ပင်းတောင်စောင်းနေပြီ။ ဟိုနေ့က ညနေက ဘာဖြစ်တာလဲလို့ ဘာမှမမေးတာကိုလည်း ကျေးဇူးတင်မိသည်။
မျက်နှာကိုကြည့်နေရာက ရင်ဘတ်ရှိရာ ငုံ့ကြည့်မိသည်။ သူ့မှာ ဒီလောက်ကျယ်ပြီးနွေးတဲ့ ရင်ခွင်တစ်ခုရှိနေတယ်။
" အစ်ကို"
တန်ပြန်ကြည့်လာတဲ့ အကြည့်ကြောင့် မင်းခက်ဥာဏ်မျက်လုံးက မတော်တရော်ကို ရောက်နေမှန်းချက်ချင်းသတိထားမိသွားသည်ထင်၏။ နှာဘူးတစ်ကောင်ကို တအံ့တသြကြည့်သလိုအကြည့်မျိုးကို သူ့မျက်နှာမှာ တွေ့လိုက်ရသည်။ ယောကျာ်းလေးဆိုတော့လည်း ရင်ဘတ်ဆိုသည့် နေရာက မကြည့်သင့်ဘူးတော့လည်းမဟုတ်ပါ။ သို့ပေမယ့် မင်းခက်ဥာဏ်ကပဲ အားနာပြီး အကြည့်လွှဲပေးလိုက်သည်။
" မင်းဖယ်ဦး"
မှတ်တိုင်တစ်ခုအရောက်မှာ ဘေးချင်းယှဥ်ရပ်နေတဲ့ မင်းခက်ဥာဏ်ပခုံးကို သူ့ပခုံးနဲ့တွန်းလာ၏။
" ဘာလို့လဲ ဆင်းရတော့မှာလား"
" မဟုတ်ဘူးလေ"
ပြောမရသည့်အခါ လက်မောင်းထက်ကို လက်ဖဝါးတစ်ဖက်က ပိုင်စိုးပိုင်နင်းရောက်ချလာသည်။ အဲကွန်းနဲ့တိုက်ရိုက်ထိတွေ့နေရတဲ့ အစ်ကို့လက်တွေက အေးစက်စက်ဆိုပေမယ့် ထိထိမိမိဖြစ်နေသည်။