Chapter 10

1.4K 174 51
                                    

လိုက်ပို့မယ်ပြောပေမယ့် လက်မခံတာက တော့ သူ့မာနပင်။ သူ့နောက်ကို လူတွေလိုက်နေတာကိုမသိတာကိုတော့ ဘယ်လိုကြံဖန်ချီးကျူးပေးရမလဲမသိ။ ပတ်ဝန်းကျင်ကို လုံးဝဂရုမပြုဘဲ နေတတ်တယ်ဆိုတာ တစ်ခါတစ်လေတော့ကောင်းပေမယ့် အခုလိုကျတော့ ကိုယ့်အန္တရာယ်ကိုယ်မမြင်တဲ့ ကိုရွှေဖားလို ချောင်ထဲက ဂွီဂွမ်အသံပေးနေတာပဲ အဖတ်တင်သည်။ ဘယ်အချိန်ချောင်းရိုက်ခံရမလဲမသိ။

ကားကိုနဂိုရပ်ထားတဲ့ လှည်းတန်းစင်တာ ပါကင်မှာပဲထားခဲ့ပြီး မင်းခက်ဥာဏ်သူ့နောက်ကို လိုက်သွားသည်။ လမ်းမပေါ်မှာက လူတွေများတာမို့ သတိမထားမိနိုင်ပေမယ့် တိတ်ဆိတ်စပြုလာတဲ့နေရာအရောက်မှာ တတ်နိုင်သလောက် ခြေရာဖျောက်လိုက်၏။ အရိပ်အခြည်ကြည့်သည်။

အပြင်မှာထွက်စားမယ်လို့ပြောလိုက်တာက သူ့နောက်ကိုနောက်ယောင်ခံလိုက်နေတဲ့လူ ပါလားမလားဆိုပြီး ရည်ရွယ်ခြင်းဖြစ်သည်။ သို့ပေမယ့် ဘာအရိပ်အယောင်မှမတွေ့။ ဒါဆိုသူပြောတဲ့ သူက  ဘယ်ရောက်သွားတာလဲ။

" မိဘတွေမရှိတော့ဘူးဆိုပေမယ့် အစ်ကိုက မျိုးရိုးမဲ့နေတာမျိုးတော့မဟုတ်ဘူး။ အစ်ကို့အဖေနဲ့အမေက ဒီတိုင်းကားအက်စီးဒင့်မှာဆုံးသွားတာ။ တခြားဆွေမျိုးတွေလည်းမရှိတော့ မိဘမဲ့ကျောင်းကိုရောက်သွားတယ်။ ဒါပါပဲ။ အဲဒီမှာ အစ်ကို့အစ်မနဲ့တွေ့တာပဲ"

" အစ်ကို့အစ်မဆိုတာက... "

" အစ်ကို့ဘွဲ့ဓာတ်ပုံထဲက တစ်ယောက်လေ"

" ဒါဆိုမောင်နှမအရင်းမဟုတ်ဘူးလား"

" မဟုတ်ဘူးပေါ့။ အစ်ကိုကတစ်ကောင်ကြွက်ရယ်။ ဒါပေမယ့် အစ်ကိုဘွဲ့ရတဲ့အထိ သူပဲစောင့်ရှောက်လာတာဆိုတော့ သူကအစ်မပါပဲ"

" သူက. . .အခု. . .ဘယ်ရောက်သွားလို့လဲ"

တိုက်ပေါ်တက်သွားတဲ့ကျောပြင်တစ်ခုပျောက်သွားတဲ့အထိ အမှောင်ထဲကနေ စောင့်ကြည့်နေမိသည်။ ရင်ထဲမှာ ဘာကိုနာကျင်နေမှန်းမသိ။ ဘာတွေပြတ်ရှနေမှန်းမသိ လေးလံနေ၏။

" ဆုံးသွားတယ်။ လွန်ခဲ့တဲ့နှစ်လက"

ဝမ်းနည်းနေသည့်အပြုံး. . .မျက်ရည်တွေရစ်ဝဲလာပေမယ့် နှုတ်ခမ်းထက်ကအပြုံးက ပဲ့ကြွေမသွားပါ။

မြဲ ( Everlasting )Where stories live. Discover now