" အစ်ကို...ကျွန်တော်တို့ ဒီနေ့ညနေ Khao Sanလမ်းကိုသွားမလား"
ထိုစကားတစ်ခွန်းနဲ့ပဲ ထို့နေ့ညနေမှာ ညစျေးထဲ သူတို့နှစ်ယောက်အတူတူရှိဖြစ်သည်။ မနက်ဖြန်ဆို ခွင့်ရက်ပြည့်ပြီဖြစ်သလို ဗီဇာရက်လည်းနီးပြီမို့ လင်းမြတ်ဟန် မြန်မာနိုင်ငံကို မပြန်မဖြစ်ပြန်ရတော့မည်။
မင်းခက်ဥာဏ်က လိုက်လို့မရ။ ဆေးရုံမှာ သတိမေ့နေတဲ့ သက်လျှံခအပြင် နေညို့အတွက်ပါရှိနေပေးဖို့လိုသည်ဆိုတာ နှစ်ယောက်လုံး မသိစိတ်ကနေ နားလည်နေ၏။ အစပိုင်းက ဘယ်လိုပဲဖြစ်ဖြစ် ပြန်လိုက်ဖို့ ဆုံးဖြတ်ပေမယ့်လည်း အစ်ကိုကလက်မခံ။
" သူတို့နှစ်ယောက်လုံးက မင်းကိုလိုနေတဲ့အချိန်လေ" တဲ့။ဒါဆို အစ်ကိုကရော မလိုဘူးလား....
လူတွေကြိတ်ကြိတ်တိုးနေတဲ့ လမ်းကျဥ်းလေးထက် မီးရောင်စုံတွေကို မသိကျိုးကျွန်ပြုရင်း အစ်ကို့လက်ကို မလွတ်တမ်းဆွဲထားသည့်အခါမှာတော့ မငြင်းရှာပါ။ ဒီလိုအချိန်လေးမှာ ကြည်နူးနေရမယ်ဆိုတာ ယေဘူယျဆန်ပေမယ့် ဘယ်အချိန်မှ ပြန်နီးနိုင်မလဲမသိသည့် ဝေးကွာခြင်းတစ်ချို့က မင်းခက်ဥာဏ်ကို နှုတ်ဆိတ်နေစေ၏။
ကွေ့သယိုဆိုင်ကိုဝင်၏။ မင်းခက်ဥာဏ်က အရွက်များများနဲ့ဟုမှာပေမယ့် စားပွဲထိုးကမကြားတာပဲလား၊ ချက်သည့်သူကပဲမေ့သွားတာလား ပုံမှန်ထက်အရွက် ပိုပါမလာ။ အစ်ကိုကပဲ သူ့ပန်းကန်ထဲက အရွက်တွေ ခွဲထည့်ပေးသည်။
" မင်း လမ်းဘေးဆိုင်လေးတွေထိုင်တတ်နေပြီလား"
" ကျွန်တော့်ကောင်လေး သဘောကျတာမို့"
မင်းခက်ဥာဏ် ပြုံးစိစိဖြေမိသည်။ ဒါကိုတောင် " မင်းမကြိုက်ဘူးဆို..." ဘာညာနဲ့ ထပြန်ပြေးတော့မလို့လုပ်နေ၍ အာမဘန္တေခံပြီး အတင်းပြန်ဆွဲထားရသည်။ အစ်ကိုကသာမသိတာ.... အစ်ကို သဘောကျတာဆို မင်းခက်ဥာဏ်လည်း သဘောကျချင်သည်လေ။
" ဒါလေး ဝယ်ရအောင်"
ထူးထူးခြားခြား ဆိုင်ရှေ့ခြေစုံရပ်ပြီး တောင်းဆိုသည်။ သူလိုချင်နေတာက အစာသွပ်ဆင်ရုပ်ပုံ ကီးချိန်းလေး။