တံခါးခေါက်သံတစ်ခုကြားရတဲ့အချိန်မှာ လင်းမြတ်ဟန် ဧည့်ခန်းထဲက ထိုင်ခုံရှည်ပေါ်မှာ အိပ်ပျော်နေခဲ့တာဖြစ်သည်။ ရေချိုးပြီး ဆံပင်ရေစိုကြီးနဲ့ အိပ်ပျော်သွားမယ်မထင်မိ။ တင်းထားခဲ့သမျှစိတ်တွေကို လျှော့ချလိုက်တဲ့အချိန်မှာ ထိုင်ခုံမှာ ထိုင်လိုက်လိုက်ချင်း တုံးခနဲ အိပ်ပျော်သွားခဲ့သည်။ ခက်နုအကြောင်းတွေးပြီး အိပ်ပျော်သွားခဲ့တာဆိုပေမယ့် ဘာအိပ်မက်မှလည်းမမက်ခဲ့သလို ဆုံးဖြတ်လိုက်ပြီးသားကိစ္စမို့ လင်းမြတ်ဟန် စိတ်ထဲမှာ သက်သာ လို့နေပြီ။
ဆံပင်တွေထဲမှာ ရေငွေ့ငွေ့လေးသာကျန်ခဲ့တာမို့ ဂုတ်ပေါ်တင်ထားတဲ့ မျက်နှာသုတ်ပုဝါကို ဆွဲဖြုတ်ပြီး တံခါးဆီထလာခဲ့သည်။
ကျောင်းကအပြန်မှာ နေညိုမင်းနဲ့တွေ့ခဲ့တာက ခေါင်းထဲပြန်ပေါ်လာသည်။
ဉာဏ်အဆင်ပြေပါ့မလား....
" ဘယ်သူလဲ"
ဘာသံမှပြန်မပေးပါ။ လင်းမြတ်ဟန် တံခါးကို ဖွင့်ကြည့်လိုက်သည်။ ဘယ်သူမှမရှိ။ တံခါးကြမ်းပြင်နဲ့ တစ်ခုခုတိုက်မိသွားသည်ကို သိလိုက်သည်။ စက္ကူဘူးလေးတစ်ဘူးဖြစ်ပါ၏။ အပေါ်မှာ seasonsဆိုတဲ့ တံဆိပ်ပါသည်။ လင်းမြတ်ဟန် နေရာမှာတင် ငုတ်တုတ်ထိုင်ချပြီး ဘူးလေးကို အဖုံးဖွင့်ကြည့်လိုက်သည်။
မွေးနေ့ကိတ်....Happy birthdayဆိုတဲ့ စာတန်းလေးတစ်ခုကလွဲရင် တခြားဘာနာမည် ဘာစာတန်းမှမပါ။ ဒါပေမယ့် လင်းမြတ်ဟန် ချက်ချင်းသိလိုက်ပါသည်။
လင်းမြတ်ဟန် ကိုယ်တိုင်တောင်မေ့နေခဲ့တဲ့ မွေးနေ့ကို တခြားတစ်ယောက်ယောက်က သတိတရရှိမည်ဆိုလျှင် ထိုတစ်ယောက်ဟာ....သေချာပေါက်...
နှလုံးထဲမှာ တစ်ဒိတ်ဒိတ်သွေးတိုးလာသည်။
တွေ့ရာဖိနပ်ကောက်စွပ်ပြီး တိုက်အောက်ကို ပြေးဆင်းလာခဲ့၏။ မျက်မှန်ကျန်ခဲ့တာကြောင့် အမှောင်ထဲက လှေကားထစ်တွေကို သေသေချာချာမမြင်ရ။ ကိစ္စမရှိပါ။ လင်းမြတ်ဟန် သူ့ကိုအခုတွေ့ရမှဖြစ်မည်။ညအချိန်မို့ တိုက်အောက်ကလမ်းလေးဟာ လမ်းမီးရောင်တစ်ချို့သာရှိသည်။ လူသွားလူလာဟာလည်း တစ်ယောက်စနှစ်ယောက်စ။ လက်ထဲမှာကြွပ်ကြွပ်အိတ်တစ်ထုပ်ကိုဆွဲရင်း အိမ်ပြန်လာပုံရတဲ့ အန်တီတစ်ယောက်၊ အခုမှရုံးဆင်းလာပုံရတဲ့ ဝန်ထမ်းတစ်ယောက်၊ ကလေးမလေးတစ်ယောက်ရဲ့လက်ကိုဆွဲပြီး လမ်းထိပ်ဘက်ကို လျှောက်သွားတဲ့ အမေတစ်ယောက်....