[Unicode]
တိတ်ဆိတ်နေသည်။ မှောင်မည်းနေတဲ့ ရေတွင်းနက်ကြီးရဲ့အောက်ခြေကိုရောက်နေသလို. . .သိုပေမယ့် ခြေဖဝါးအောက်မှာ တစ်ခုခုကိုနင်းထားတယ်ဆိုတဲ့အထိအတွေ့မရှိ။ ဘာလို့လဲ. . .ဗလာဖြစ်နေတဲ့ ခြေဖဝါးတွေ။
" တောက်!"
ကျယ်လောင်သည့်တောက်ခေါက်သံနဲ့အတူအလင်းသဲ့သဲ့က အပေါ်ကနေဝင်လာ၏။
" မိန်းမတစ်ယောက်နဲ့ပါပေါင်းပြီး သားဆီက ငွေရှာနေတာ မင်းတို့အမေက တော်တော်အဆင့်မရှိဖြစ်သွားပြီ။ ငါဒါကိုတော့ လက်မခံနိုင်ဘူး။ အဲဒီမိန်းမနဲ့ ကွာရှင်းမယ်"
အဖေ. . . .
မင်းခက်ဥာဏ် အော်ခေါ်လိုက်သည်။ အသံဖြတ်သန်းခွင့်မပြုတဲ့လေဟာနယ်ထဲ အော်ထုတ်လိုက်ရသလို မင်းခက်ဥာဏ်အသံတွေက အက်ကွဲဝင်သွား၏။
" ကိုခက်"
သက်လျှံခကခေါ်သည်။ လှည့်ကြည့်လိုက်တဲ့အချိန်မှာ သက်လျှံခက အိမ်က စားပွဲတစ်ခုမှာထိုင်နေပြီး မင်းခက်ဥာဏ်က သူနဲ့မနီးမဝေးမှာရပ်နေလျက်သား. . .။ မြင်ကွင်းတွေအားလုံးက မှုန်ဝါးဝါးဖြစ်နေသည်။
" ကျွန်တော်မပြောဘူးလား"
အပြစ်တင်သည့်လေသံ။
" အဲဒီမိန်းမက မကောင်းပါဘူးလို့။ ဘာလို့နားမထောင်လဲ"
ဟုတ်တယ်။ မကောင်းဘူး။ တောင်းပန်ပါတယ်။
" ငါတို့မှာအမေမရှိတော့ဘူး"
အမှောင်ထဲကနေ အသံတစ်ခုဟိန်းထွက်လာသည်။ မင်းခက်ဥာဏ်အသံ။ မင်းခက်ဥာဏ်ပြောလိုက်တာမဟုတ်ပေမယ့် မင်းခက်ဥာဏ်ပြောလိုက်သလိုမျိုး လည်ချောင်းထဲမှာ ခြောက်ကပ်နာကျင်နေ၏။ ကယောင်ကတမ်းလည်ပင်းကိုအုပ်ကိုင်လိုက်သည်။
သွေးတွေ. . .လည်ပင်းကနေ စီးကျလာတဲ့သွေးတွေ. .
" ခက်နု. . .မသေပါနဲ့... "
ငိုကြွေးထားတာကြောင့် ဖောင်းအစ်နေတဲ့မျက်လုံးတွေနဲ့ သွေးအိုင်ထဲကနေ ခက်နုက ပြုံးပြသည်။ ဗိုက်ကနေ သွေးတွေက တစ်ဆစ်ဆစ်စိမ့်ထွက်နေ၏။ မဟုတ်ဘူး. . .မဟုတ်ဘူး!။ ကယ်နိုင်တယ်။ မင်းခက်ဥာဏ်ကယ်နိုင်တယ်။