အသာလေးမတော်တဆတိုက်မိသွားတာ။ အဲတာလေးကိုတစ်ဖက်လူက ဖုန်းခနဲဖင်ထိုင်ရက်လဲကျသွားတာမို့ မင်းခက်ဥာဏ်ရွံတွံ့တွံ့ဖြစ်သွားမိ၏။ ဆွဲထူပေးရမှာလား. . .ဒါကလူ့ကျင့်ဝတ်ဆိုပေမယ့် အားကြီးနဲ့တိုက်မိသွားတာလည်းမဟုတ်။ တစ်ဖက်လူက အားနာပါးနာဆွဲထူရအောင် မိန်းကလေးလည်းမဟုတ်။ မိန်းကလေးဆိုရင်တောင် ဆွဲထူပေးစရာအကြောင်းလည်းမရှိ။
"So..sorry"
ကြောင်ပြီးရပ်နေတုန်းမှာပဲ လဲကျသွားသူထံကပင် တောင်းပန်သံက လွင့်တက်လာသည်။ ဘာလဲ . . . လဲကျသွားတာသူလေ။ ဘာလို့ငါ့ကို ပြန်တောင်းပန်နေတာလဲ။
"တောင်းပန်ပါတယ် ကျွန်တော်မမြင်လိုက်လို့"
ထိုင်းသံဝဲဝဲနဲ့အတူ မှန်ဘီလူးတစ်ထပ်ခံထားတဲ့ မျက်လုံးအိမ်ဟာ အယောင်ယောင်အမှားမှားနဲ့မော့လာသည်။ ဆူညံနေတဲ့ရဲစခန်းအဝင်ထောင့်ချိုးဆိုပေမယ့် မှောင်ရိပ်ကျရာနေရာမို့ မြင်ကွင်းက ရှင်းရှင်းလင်းလင်းမရှိ။ မမြင်ရတာမို့ ခါးအနည်းငယ်ကိုင်းပြီး ငုံ့ကြည့်လိုက်ချင်သည်။
"ရော့"
လက်ဖဝါးကိုသူ့မျက်နှာရှေ့ဖြန့်ပေးပြီးပြောတော့ မျက်မှန်အောက်က မျက်လုံးတို့က တွေဝေသွားပြီး မျက်ခုံးတန်းတို့ တွန့်သွား၏။
"ဘာများလဲခင်ဗျ"
"Krub"ဆိုတဲ့ စကားပိတ်အသံက နောက်ဆုံးမှာ ဆက်တိုက်ကပ်ပါလာသည်။ ဘာလဲ...ယဥ်ကျေးတာလား။
"လက်လေ"
". . ."
မီးရောင်က ခေါင်းနောက်တည့်တည့်ကနေထိုးနေသည်မို့ သူ့ကိုမမြင်ရတာဖြစ်နိုင်သည်။ ခေါင်းကိုအနည်းငယ်စောင်းလိုက်၏။ ဖြာကျလာတဲ့ အလင်းရောင် ပြာရင့်ရင့်မှာ နားမလည်သလို တအံ့တသြငေးနေသည့် မျက်လုံးတွေကို တိုးလျှိုပေါက်မြင်လိုက်ရသည်။
"အစ်ကိုက မင်းလက်ကိုဘာလုပ်ရမှာလဲခင်ဗျ"
အိုးးး. . . အစ်ကို? ထူးဆန်းတဲ့အသုံးအနှုန်းပဲ။
"ဆွဲလိုက်လေ ထူပေးတာ"
ဘယ်ဘက်လက်ကိုဘောင်းဘီအိတ်ထဲထည့်ထားပြီး ညာဘက်လက်ကိုကမ်းပေးထားလိုက်သည်။ ခပ်တောင့်တောင့်ရပ်နေမိတာမို့ အကူအညီပေးလိုသည့်ဟန်ကမပေါ်။ ကိုယ့်ကိုယ်ကိုယ်သိပေမယ့် မလိုချင်ရင်မဆွဲနဲ့လေ. . .ဒါပဲ။