- 2 -

2.3K 113 4
                                    

"ကိုကို့ကို ပြန်မခေါ်တော့ဘူးလား ဒယ်ဒီ "

ဧည့်ခန်းထဲ အေးအေးလူလူ ကော်ဖီသောက်ရင်း စာအုပ်ဖတ်နေတဲ့ ဒယ်ဒီရဲ့ မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်ရင်း မေးလိုက်မိသည်။ ယခုထက်ထိ ကိုကို့ဆီ ဆက်သွယ်လို့ မရသေးသလို ကိုကို့ဆီကလည်း မဆက်သွယ်လာတာကြောင့် စွမ်းရည်ပိုင် စိတ်ပူနေမိခြင်း ဖြစ်သည်။

"ပြန်ခေါ်တာ မခေါ်တာထက် ဒီကကိစ္စတွေကို အရင်ရှင်းရအုံးမယ် လင်းစွမ်း "

"ဘယ်လိုဖြစ်ပြီး အဲ့လိုတွေ ဖြစ်ကုန်တာလဲ "

"မင်း အစ်ကိုရဲ့ အသုံးမကျမှုတွေပေါ့ "

ဒယ်ဒီက စိတ်တွေရှုပ်ထွေးနေပြီး ကိုကို့ကိုလည်း စိတ်ပျက်နေပုံရသည်။ ကိုကို့အကြောင်း မေးလည်းမမေးသလို ပြောလည်းမပြောပေ။

"Perfect ကိုပဲ အစကနေ ကုန်းကောက်ဖို့ နည်းလမ်းရှာထား လင်းစွမ်း! မဟုတ်ရင် ဒယ်ဒီ့အလုပ်တွေပါ ထိခိုက်လာမယ် "

ဒယ်ဒီက မြန်မာနိုင်ငံအနှံ့ စက်ယန္တရားကြီးတွေဖြင့် ကျောက််စိမ်း၊ ရွှေ၊ ခဲ စတာတွေ တူးဖော်တဲ့ လုပ်ငန်းကို လုပ်ကိုင်တာ ဖြစ်သည်။ စက်ယန္တရားပေါင်း အစီးရေ ရာကျော်ရှိပြီး ကချင်ပြည်နယ် ဖားကန့်ကနေ အောက်ဘက် မြိတ်၊ ထားဝယ်အထိ ဒယ်ဒီရဲ့လုပ်ကွက်တွေ ရှိသည်။ သားတွေအပေါ် မတင်းကျပ်ပေမယ့် အလုပ်ကိစ္စနဲ့ ပတ်သက်ရင်တော့ အမှားမခံပေ။ ကိုကို့ကိုလည်း ဒီ Entertainment စထောင်တုန်းက ဖြစ်မြောက်အောင် လုပ်မှာလားဟု အထပ်ထပ်အခါခါမေးပြီးမှ လုပ်ခွင့်ပေးခဲ့တာ ဖြစ်သည်။ ဒယ်ဒီ့အလုပ်က ကိုကို့အလုပ်နဲ့ မသက်ဆိုင်ဘူးဆိုပေမယ့်လည်း ကိုကို့ကိုက ဒယ်ဒီရဲ့သားကြီးဆိုပြီး လူပိုသိကြတာ။ ဒါကြောင့်မို့ ထိခိုက်လာမယ်လို့ ပြောလာတာ ဖြစ်သည်။

" ကြိုးစားရမှာပေါ့ ဒယ်ဒီ! ပြောရရင် သားလည်း ဘာမှ တတ်တာမဟုတ်ဘူး "

"လူဆိုတာ ကြိုးစားချင်စိတ်ရှိဖို့ပဲ ငါ့သား! ကြိုးစားချင်စိတ်မရှိရင် အသက်ရှင်နေလည်း အလကားပဲ "

"သား ကြိုးစားမှာပါ ဒယ်ဒီ! "

"အစကနေ ကောက်သင်းကောက်သလို လိုက်ကောက်ရမှာပဲ ဒါက ဒယ်ဒီသိထားတဲ့ အချက်တွေ! ဒါတွေကို ဖတ်ကြည့်ပြီး ဘာတွေလိုလည်း ကြည့်! ပြီးတော့ ဒါက ဝန်ထမ်းတွေရဲ့ အချက်အလက်တွေ! တွေ့သင့်တဲ့သူကို ကိုယ်တိုင်သွားတွေ့ ကိုယ့်ကုမ္ပဏီ တိုးတက်ဖို့အတွက် ခေါ်သင့်တဲ့သူကို ခေါ်! "

နှလုံးသားကို ချည်တဲ့ကြိုး Where stories live. Discover now