ခေါင်းအစခြေအဆုံး Prada Brand ကို ဝတ်ဆင်ထားပြီး ရှင်းသန့်တည်ကြည်နေတဲ့ မျက်နှာနုနုလေးက ကင်မရာမီးရောင်တွေ အောက်မှာ လင်းထင်းနေသည်။စိုးထိတ်နေဟန်ရှိပေမယ့်လည်း မျက်ဝန်းတောက်တောက်လေးတွေက ရဲရင့်ပြတ်သားဟန် အပြည့်ရှိနေသည်။ တည်ကြည်နေတဲ့ မျက်နှာထားဖြင့် အခမ်းအနားကို စတင်ရန် စောင့်ဆိုင်းနေတဲ့ဟန်က ငယ်ရွယ်ပြီး ထက်မြတ်တဲ့ပုံစံအပြည့်ရှိနေသည်။ စွမ်းရည်ပိုင်ရဲ့ မလှမ်းမကန်းမှာ မတ်တပ်ရပ်ကာ အခြေအနေကြည့်နေတဲ့ ကိုမိုးဆွေက အချက်ပြလိုက်တာနဲ့ သတင်းစာရှင်းလင်းပွဲမှာ ရောက်နေကြတဲ့ သတင်းထောက်တွေက မေးရန် အဆင်သင့်ပြင်ကြတော့သည်။
"အစ်ကိုရဲ့ နာမည်လေးနဲ့ ဒီနေ့အကြောင်းအရာလေးကို မိတ်ဆက်ပေးပါအုံး "
မေးလာတဲ့သူကို တည်ငြိမ်နေတဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့်ပြီး ပြုံးပြလိုက်ကာ
"ကျွန်တော့်နာမည် ကိုလင်းစွမ်းရည်ပိုင်ပါဗျ ဒီနေ့ သတင်းစာရှင်းလင်းပွဲက နောက်ပိုင်း Perfect ကို ကျွန်တော် တာဝန်ယူသွားမှာ ဆိုတဲ့အကြောင်းရယ် ဖြစ်ပျက်သွားပြီးခဲ့တဲ့ ကိစ္စရပ်တွေကို ဖြေရှင်းချင်လို့ရယ် Media တွေကို ခေါ်လိုက်တာပါဗျ "
"ဟုတ်ကဲ့ပါ ယခုလက်ရှိ ကိုလင်းစွမ်းရည်ပိုင် အနေနဲ့ အရင်က ဖြစ်ပွားခဲ့တဲ့ ကိစ္စရပ်တွေအပေါ် ဘာများ ပြောချင်လဲ မသိဘူး "
"ပြောရရင်တော့ ဖြစ်ပြီးခဲ့သမျှကို ကျွန်တော်တစ်ခုမှ မသိဘူးဗျ အရင်က ကျွန်တော့်အစ်ကို ဦးဆောင်တယ် ကျွန်တော်က ကိုးရီးယားမှာ ကျောင်းတက်နေတယ် ရုတ်တရက် ဒယ်ဒီဆီက ဖုန်းဝင်လာပြီး ဒီလိုဒီအကြောင်း ဖြစ်တယ်ပြောလို့ ပြန်လာခဲ့တာပါဗျ "
"ဒါဆိုရင် အရင်က Perfect အကြောင်း ဘာမှမသိထားတာလားဗျ "
"ဟုတ်ပါတယ်ဗျ! "
"ဒါဆိုရင် ကိုလင်းစွမ်းက ဘယ်လိုဖြေရှင်းပေးမှာလဲ မသိဘူး "
" ကျွန်တော့် Team ကနေပြီး နစ်နာခဲ့ရတဲ့သူတွေ၊ အနုပညာရှင် တစ်ယောက်မကျန် ဆက်သွယ်ပါလိမ့်မယ် ခင်ဗျ! ပေါက်ကြားခဲ့ရတဲ့ အတွင်းရေးကိစ္စတွေအတွက်လည်း သက်သေတွေ စုဆောင်းနေပါပြီ ပါဝင်ခဲ့တဲ့ သူ တစ်ဦးတစ်ယောက်ကိုမှ အလွတ်ပေးမှာ မဟုတ်ဘူးဗျ အဲ့လိုပဲ နစ်နာခဲ့ရတဲ့ တစ်ဦးတစ်ယောက်ချင်းစီကို သူတို့စိတ်ကျေနပ်အောင် ဆောင်ရွက်ပေးသွားမှာပါဗျ "
YOU ARE READING
နှလုံးသားကို ချည်တဲ့ကြိုး
Roman d'amourနေမြဲစေ လင်းစွမ်းရည်ပိုင် ပန်းဦးကဗျာ နှင်းသဲအလင်္ကာ