ရန်ကုန်ရဲ့ နွေရာသီက အလွန်ကို ပူပြင်းလှသည်။ မနက်မိုးလင်း နေစထွက်ထဲက ပူပြင်းလှတာမို့ နှင်းသဲတို့မှာ မဖြစ်မနေ ကိစ္စ ရှိမှသာ အပြင် ထွက်ဖြစ်ကြသည်။ ပထမကတော့ လင်းစွမ်းတို့နဲ့ အညာဘက်မှာ ရေသွားလှူမယ့် အစီအစဥ်ရှိတာကြောင့် လိုက်သွားမယ်လို့ တွေးထားပြီးမှ ဒီနွေကိုတောင် မနည်းအံတုနေရတာမို့ နှင်းသဲနှင့် အဆင်မပြေလောက်ချေ။ ပန်းဦးကလည်း အလုပ်တွေ ရှုပ်နေတာမို့ သူလည်း လိုက်ဖြစ်မှာ မဟုတ်။
" တီ တီ "
တွေးနေစဥ်မှာပင် ဖုန်းထဲ စာ၀င်တဲ့အသံကြောင့် ကြည့်လိုက်တော့ လင်းစွမ်းက ပြောစရာရှိတယ်ဆိုပြီး ချိန်းသည့်စာ ဖြစ်သည်။ နှင်းသဲကတော့ ပန်းဦးကို ၀င်ခေါ်ခဲ့ပြီး ထွက်လာလိုက်မယ်ဟု ပြောကာ အပြင်ထွက်ဖို့ ပြင်ဆင်ရတော့သည်။
"ဘယ်လဲ သမီးငယ် "
"အပြင်ခဏသွားမလို့ မေမေ လင်းစွမ်းတို့နဲ့ ချိန်းထားလို့ "
"နေပြင်းရပြင်းနဲ့ သမီးရယ် အိမ်ကိုပဲ ခေါ်လိုက်ပါ့လား "
"ရတယ် မေမေ နောက်မှ သူတို့ကို ခေါ်တော့မယ် အခုက ချိန်းထားပြီးသား မို့လို့ "
"အေးပါ အေးပါ "
ပြောရရင် နှင်းသဲ အပြောတွေနဲ့သာ မေမေက လင်းစွမ်းတို့နဲ့ ရင်းနှီးနေတာ ဖြစ်သည်။ ပန်းဦးအိမ်ကိုရော လင်းစွမ်းအိမ်ကိုရော နှင်းသဲက ရောက်ဖူးပေမယ့် ဟိုနှစ်ယောက်ကတော့ အိမ်ထဲကို သေချာမရောက်ဖူးသေးပေ။ ပန်းဦးကလည်း လာလိုက်ပို့ရင် အိမ်ရှေ့မှာ ရပ်ပေးပြီး လှစ်ခနဲ ပြန်ပြေးသွားတာ။ လင်းစွမ်းကတော့ သူ့အလုပ်တစ်ပုံကြီးနဲ့ ခြေဦးတောင် မလှည့်ဖြစ်ချေ။
ပန်းဦးတို့ လမ်းထဲ စ၀င်လာထဲက ခံစားချက်က လတ်ဆတ်နေသည်။ ရင်တလှပ်လှပ်ဖြင့် ကိုယ့်မွေးရပ်မြေကို ပြန်ရောက်သလို ခံစားရတာက ပန်းဦးကို လာကြိုရတဲ့ အခေါက်တိုင်းပင်။ ကိုယ်သဘောကျရသူနေတဲ့ လမ်းမို့လို့လားတော့မသိ နွေးထွေးပြီး နေချင်စရာ ကောင်းတဲ့ အငွေ့အသက်ကလေးကို ရနေသည်။ အပြင်မှာ ထွက်စောင့်နေတဲ့ ပန်းဦးရဲ့ ပုံရိပ်ကို မြင်တော့ နှင်းသဲရဲ့ ရင်ခုန်သံတွေက တစထက်တစ မြင့်တက်လာသည်။ နွေရာသီနှင့်အပြိုင် နှင်းသဲရဲ့ မျက်နှာနုနုကလည်း နီမြန်းမြန်း။
YOU ARE READING
နှလုံးသားကို ချည်တဲ့ကြိုး
Romanceနေမြဲစေ လင်းစွမ်းရည်ပိုင် ပန်းဦးကဗျာ နှင်းသဲအလင်္ကာ