"ကိုနေ ကျွန်တော်တို့လာတယ် "
ဖုန်းကြိုဆက်ထားတာကြောင့် နေမြဲလည်း တံခါးဖွင့်ပေးလိုက်တာနဲ့ အထဲဝင်လာကြတဲ့ ကလေးတွေ။
"ဟာ ထူးထူးဆန်းဆန်း ကိုနေ မနက်စာ ချက်နေတာလား"
"အင်း "
"ကျွန်တော်တို့အတွက်လား "
"No မပါဘူး "
"ဟာ!! "
"ကိုနေ့လက်ရာ မစားဘူးတာကို!! "
နေမြဲ ခေါင်းခါပြလိုက်တော့ မောင်မောင်တို့ဆီမှ အာမေဋိတ်သံတွေ မျိုးစုံထွက်လာသည်။ ခဏနေတော့ မန်နေဂျာတွေပါ ရောက်လာပြီး အဆာပြေစားဖို့ မုန့်တွေ ဝယ်လာကြသည်။သင့်တော်တဲ့နေရာမှာသာ နေကြဖို့ ပြောလိုက်ပြီး ကောင်လေးနိုးလာရင်စားဖို့အတွက် ပုဇွန်ပသျူးထမင်းကြော်ကို အာရုံစိုက်ကာ လုပ်နေလိုက်သည်။ဟင်းချက်ခြင်း အလုပ်က နေမြဲအတွက် ခက်ခဲတဲ့အလုပ်တော့မဟုတ်။ မချက်စားချင်လို့သာ မစားဘဲ နေတာ ဖြစ်သည်။ပြောရရင် နွေမရှိတော့တဲ့ အချိန်ကစပြီး ချက်မစား ဖြစ်တော့တာပဲ။ အရင်က နွေ့ကို အမြဲချက်ကျွေးနေကြပဲလေ။ နေမြဲလည်း ချက်ပြုတ် ပြင်ဆင်ပြီးတာနဲ့ ဧည့်သည်တွေလည်း ရောက်နေပြီ ဖြစ်တာကြောင့် လင်းစွမ်းကို သွားနှိုးဖို့ အခန်းထဲ ဝင်လာလိုက်သည်။ ညတုန်းက လင်းစွမ်းကို သူ့အခန်းမှာ သိပ်ခဲ့လိုက်ပြီး နေမြဲကတော့ studio ထဲမှာ သွားအိပ်ခဲ့တာ။
"လင်းစွမ်း! စွမ်းလေး ထတော့လေ "
"ဟင် "
"ထတော့ မနက်စာလုပ်ထားတယ် မျက်နှာသစ်ပြီး စားလိုက်နော် "
"နည်းနည်းပဲ အိပ်ရသေးတယ် "
"နည်းနည်းပဲ အိပ်ရသေးတယ်လား 8နာရီထိုးတော့မယ်နော် အလုပ်မသွားရဘူးလား "
"ဟင် အလုပ် ဟုတ်တာပဲ "
အဲ့တော့မှာ အိပ်ချင်စုံမွှားနဲ့ ထလာပြီး မျက်စိကို လက်ဖြင့် အသည်းအသန် ပွတ်နေသည်။ နေမြဲလည်း လက်ကို လှမ်းဆွဲကာ ဖယ်လိုက်ပြီး မျက်နှာကို ပြုံးကာ လိုက်ကြည့်နေလိုက်သည်။ အိပ်ရေးဝပုံမရသေးတဲ့ လင်းစွမ်းက မျက်လုံးကို အတင်းဖွင့်ကြည့်မှ သူ့ကိုမြင်တဲ့အချိန် အံ့သြသင့်ဟန် မျက်ဝန်းတွေက ပြူးကျယ်ဝိုင်းစက်သွားသည်။
YOU ARE READING
နှလုံးသားကို ချည်တဲ့ကြိုး
Romanceနေမြဲစေ လင်းစွမ်းရည်ပိုင် ပန်းဦးကဗျာ နှင်းသဲအလင်္ကာ