ရှုတင်အိမ်ကလေးထဲ ရုပ်ရှင်အဖွဲ့သားများ ကိုယ်စီအလုပ်ရှုပ်နေကြသည်။ နှင်းသဲတို့တစ်စုလည်း နှစ်သစ်ကူးဖို့အတွက် အကင်နှင့် သောက်စရာများကို ပြင်ဆင်နေကြသည်။ နှင်းသဲလည်း မီးဖိုဘေးမှာထိုင်ကာ ကင်နေပေမယ့် စိတ်မပါလက်မပါဖြစ်နေ၏။ ပန်းဦးတို့ရှိရာဘက်ကို မကြာခဏလှမ်းကြည့်နေမိပြီး စိတ်တွေလည်း မကြည်လင်တော့။ ရွှေကျင်ကို စရောက်ထဲက တစ်ယောက်ကလည်း "မ" ဆိုတဲ့စကားလုံးက ပါးစပ်ဖျားက မချသလို တစ်ယောက်ကလည်း ဂရုစိုက်ကာ ပြုစုယုယနေသည်။ နှင်းသဲလည်း စိတ်ထဲမှာ နာကျင်နေရပြီး မျက်ရည်တွေ ၀ဲတက်လာ၏။မျက်ရည်တွေကြောင့် အကင်တွေကိုတောင် ကောင်းကောင်းမမြင်ရတော့ဘဲ ရုတ်တရက် မျက်လုံးကို လက်ဖြင့်ပွတ်လိုက်မိတဲ့အချိန်မှာ မျက်လုံးက စပ်သွားတော့သည်။
"အား အမလေး "
တစ်ဖက်က လက်မှာလည်း မီးအပူဟပ်သွားတော့သည်။
"လုပ်ပါဦး အမေရေ အီးဟီး "
၀မ်းနည်းစိတ်အခံရှိတာရော ယခုကိစ္စရောကြောင့် မျက်လုံးကို စုံမှိတ်ကာ အော်ငိုမိတော့သည်။
"ဘာဖြစ်တာလဲ နှင်းသဲ ဘာလို့လဲ "
" လင်းစွမ်းလာ လင်းစွမ်း ငါ့ဆီလာ "
အနားကို အပြေးအလွှားရောက်လာသူက ပန်းဦးမှန်း သိပေမယ့်လည်း စိတ်ကောက်နေတာကြောင့် လာထူတဲ့ လက်တွေကို ပုတ်ထုတ်ပစ်ပြီး လင်းစွမ်းကိုသာ အရခေါ်နေမိသည်။
"မပွတ်လိုက်နဲ့ ပိုဆိုးကုန်မယ် "
"လင်းစွမ်းပဲ လုပ်ပေး ပန်းဦး မလိုက်နဲ့ "
"အေးပါ ငါပါ မငိုနဲ့ မငိုနဲ့ ကိုကိုရေ ကူပါဦး "
လင်းစွမ်းနှင့် နေမြဲလည်း အိမ်ထဲရှိ ဘေစင်ကို ခေါ်လာပြီး မျက်နှာသစ်စေသည်။ လက်တွေကိုပါ သေချာဆေးပေးပြီး အပူလောင်တဲ့နေရာကိုလည်း သွားတိုက်ဆေး လိမ်းပေးလိုက်သည်။
"ရပြီလား အဆင်ပြေသွားပြီလား "
"အင်း ရပြီ ရပြီ "
"ဘယ်လိုဖြစ်ရတာလဲ နှင်းသဲရယ် "
"ဘာမှမဖြစ်ဘူး "
YOU ARE READING
နှလုံးသားကို ချည်တဲ့ကြိုး
Romanceနေမြဲစေ လင်းစွမ်းရည်ပိုင် ပန်းဦးကဗျာ နှင်းသဲအလင်္ကာ