Ep - 17

119 6 0
                                    

တစ်လကြာပြီးနောက် ...

ဂိမ်းအသစ်က မှန်းဆထားသည်ထက် ပို၍အောင်မြင်ခဲ့သည်။ ပြည်ပထိပါ ထိုးဖောက်နိုင်သည့် မြန်မာဖြစ်ဂိမ်းအတွက် သူတို့အားလုံး ဂုဏ်ယူမဆုံး၊ပျော်မဆုံး။ ရှေ့ဆက်ဖန်တီးရန် အားအင်တို့ပိုမို ရရှိခဲ့ကြသည်။ ရုံးတွင် လူတိုင်းက တာဝန်ကိုယ်စီဖြင့် အလုပ်ရှုပ်နေကြ၏။

ပိုင်ဇေခန့်တစ်ယောက် ကွန်ပျူတာရှေ့တွင် ၄နာရီနီးပါး ထိုင်ပြီးနောက် မျက်လုံးတို့ ညောင်းကိုက်၊ဇက်ကြောများပါ တင်းလာ၍ ခေါင်မိုးထပ်သို့ အညောင်းအညာပြေ တက်လာ၏။ ခေါင်မိုးတစ်ထပ်လုံး အစိမ်းရောင်အပင်များဖြင့် မျက်စိပဓာသ ရှိနေသည်။
သူသည် ဝရံတာကို ကျောမှီရပ်လိုက်ပြီး
စီးကရက် တစ်လိပ်ကိုထုတ်ကာ လက်ကြားညှပ်လိုက်သည်။

လေတိုးသံကလွဲ ဝန်းကျင်သည် ပကတိ ငြိမ်သက်အေးချမ်းလှသည်။ ဖြူညစ်ညစ်အငွေ့များက ဝန်းကျင်တစ်ခွင် မျောလွင့်သွားသည်။ All black နှင့် အနှီလူသားသည် တစ်ယောက်တည်း ငြိမ်ငြိမ်ကလေး စီးကရက်ရှိုက်နေဟန်မှာ အထီးကျန်ဆန်လွန်းလှပါသည်။

" လုပ်ငန်းခွင်ကနေ တိတ်တိတ်ကလေး လစ်ထွက်လာတာပေါ့လေ ... ဟုတ်လားဗျ "

အနှီ အထီးကျန်လူသားနှင့် ခြားနားသော အဖြူရောင်ပုံရိပ်သည် လှေကားများဆီမှ ဖြည်းဖြည်းချင်းတက်လာကာ စကားဆိုလာ၏။

ပိုင်ဇေခန့် စီးကရက်ရှိုက်ရင်းမှ ခပ်ဖွဖွပြုံးလိုက်သည်။

"အကြံတူပေမယ့် ရန်သူတော့ မဖြစ်ပါရစေနဲ့ ... ညီ "

လင်းသုဇော်က သူ့ဘေးရပ်လာချိန်တွင် ပိုင်ဇေခန့်သည် မီးခိုးငွေ့များကို တစ်ဖက်လူဆီမလာ‌အောင် ယပ်ထုတ်ရင်း စီးကရက်ကိုပါ သူ၏ခြေဦးထိပ်ဖြင့် နင်းခြေပြီး မီးငြိမ်းသတ်လိုက်ပါ၏။

"အာ ... သောက်ပါ အစ်ကိုရ "

" ညီမှ စီးကရက်နံ့မကြိုက်တာ "

" ဆောရီး ... ကျွန်‌တော်‌ နှောင့်ယှက်မိပြီ "

ကိုယ်က နှောင့်ယှက်ခံချင်တာဆိုရင်ရော ညီ ... ဘာပြောမလဲ ။

တစ်လ အတောအတွင်း သူတို့နှစ်ဦး၏ ဆက်ဆံရေးက အဆင်ပြေချောမွေ့လာခဲ့သည်။ ပိုင်ဇေခန့်မှာမူ မျက်ဝန်းနက်ကို ကျေးဇူးတင်မဆုံးတော့သည်အထိပင်။

စိမ်းပြာရောင်မျက်ဝန်းတစ်စုံ၏ ညှို့ငင်ခြင်းWhere stories live. Discover now