Ep - 14

15 4 1
                                    

လင်းသုဇော် ဒေါသထွက်လွန်းအားကြီးစွာဖြင့် ထိုလူအား တွန်းပစ်လိုက်မိသည်။ ကားဘော်ဒီပေါ် တန်းတောင်ဆစ်ထောက်လျက်သားဖြင့် လဲနေသော အနှီလူကို တောက်တခေါက်ခေါက်လုပ်ရင်း ကားရှေ့ ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိသည်မှာ မိနစ်အနည်းငယ်စွန်းနေပြီ။

ထိုလူသည်လည်း ဘာစကားမှ ပြောမလာဘဲ သူတွန်းထုတ်ပစ်လိုက်သည့်အတိုင်း အသက်ပျောက်သွားသူလို မလှုပ်မယက်နေနေသည်။

သူ့နားထင်နေရာမှ ပူနွေးမှုက တစ်ကိုယ်လုံးကို သွေးနွေးများ ဗြောင်းဆန်စီးဆင်းစေသည်။

ဘယ်သူနဲ့များ မှားနမ်းရလေသလဲ ..၊

နာရီဝက်နီးပါးကြာမှ သူ့ကိုယ်ထဲ အသိစိတ်ပြန်ကပ်သည်။ အသားချင်းထိမိရုံသာဖြစ်ကြောင်း၊သူ့ရှေ့မှလူသည် ပုံမှန်အသိစိတ်ကပ်မနေကြောင်း သူခက်ခက်ခဲခဲ လက်ခံလိုက်ရသည်။

သူ့စိတ်တို့လည်း အတော်အသင့် တည်ငြိမ်သွားပြီး ရှေ့မှ အမူးသမားကို ဆွဲထူရသည်။

"ဟိတ်လူ ... ထ"

" ကလေး ... ငယ် "

"ကလေးတွေ ... လူကြီးတွေ လုပ်မနေနဲ့ ခင်ဗျားထ "

သူအတင်းဆွဲတော့လည်း အနှီလူက သူ့ကိုမှီတွယ်ကာ ရပ်လာ၏။ နှစ်ယောက်သားက ရုတ်ချည်းပူးကပ်သွားပြီး သူ့လည်ပင်းမှ ခပ်နွေးနွေးအာရုံသိကြောင့် ကြက်သီးဖြန်းဖြန်းထမိရတော့သည်။

ဒီလူတော့ ... ။

သို့သော် အမူးသမားကို သူလက်လျှော့လိုက်ပြီ။ သူ့ကိုယ်နှင့် ကော်လို ပူးကပ်နေသောလူကို ကားထဲသို့ ခက်ခက်ခဲခဲသွင်းလိုက်ရသည်။ Safety belt ပတ်ပေးနေတုန်း နားထင်နေရာက နွေးခနဲဖြစ်သွားသေးသည်။

နေပါစေတော့ ...၊

ကားပေါ်မှာ အိပ်ပျော်သွားတော့မည့်လူကို အတင်းနှိုးမေးရင်း အိမ်လိပ်စာတောင်းရသည်။ သို့သော် သူထင်သည့်အတိုင်း ဘာအဖြေမှ ပြန်မရသည့်အပြင် တောင်စဉ်ရေမရလျှောက်ပြောနေသော အာပလာစကားများသာထွက်လာ၏။

" မင်းကို ကိုယ်စောင့်နေခဲ့တာဆယ်နှစ် "

" ... "

စိမ်းပြာရောင်မျက်ဝန်းတစ်စုံ၏ ညှို့ငင်ခြင်းWhere stories live. Discover now