Part-31

123 3 3
                                    

Unicode

ညချမ်းအချိန်ကျမှ သူတို့ကို အကျဥ်းခန်းထဲမှ ထုတ်ကာ နှောင်ကြိုးတည်းလျက် ဆွဲခေါ်သွားတာမို့ ဏဝမျက်မှောင်ကြုတ်သွားသည်။

ဒီအချိန်သည် ပြစ်ဒဏ်စီရင်ချမှတ်ဖို့ရာလည်း ကောင်းမြတ်သောအခါသမယမဟုတ်။

ဘာစကားတစ်ခွန်းကိုမျှ မပြောမဆိုကြပဲ သူတို့အားလုံးအား ခေါ်သွားသည်က နန်းမြို့ရိုးကျော်လို့ အပြင်ကိုရောက်လာသည်။ လပြည့်ညမို့ မီးရောင်မလို ထိန်လင်းနေလိုက်သည်က ဘေးမှစစ်သည်တော်များ၊ရဲမက်များကိုပါ မြင်ရသည်အထိ။ မြို့ပြင်သို့ရောက်လာသည်မို့ သူတို့အား တစ်ခြားသောအကျဥ်းခန်းများဆီသို့ ပြောင်းရွှေ့တာလည်းမဖြစ်နိုင်တော့။

တစ်ဖြည်းဖြည်းချင်း ရွေ့ရွေ့ချင်းသွားရာမှ အရည်းကြီးများနေထိုင်ရာကျောင်းဆောင်များဆီသို့ ရောက်ရှိလာပြီဖြစ်သည်။

ဘယ်သောအခါကမှ ရောက်ဖူးခြင်းမရှိခဲ့သော အရည်းများ၏ကျောင်းဆောင်ကို ခေါ်လာသည်မို့ ဏဝမျက်မှောင်ကြုတ်သွားရသည်။

သို့သော် ဏဝတို့အား ထိုကျောင်းဆောင်များဆီသို့ ခေါ်ဆောင်မသွား..ကျောင်းဆောင်များအား ကွေ့ရင်းပတ်ရင်းဖြင့်မြင်လိုက်ရသည်က မြေကွက်လပ်တစ်ခုပင်။ ဘေးတွင်လည်းထူးဆန်းသော ပုံစံများဖြင့် မီးတိုင်များ၊ဆီမီးများ ထွန်းညှိ့ထားပြီး အပေါ်သို့အငွေ့တလူလူတောက်လောင်လျက်။

သူတို့အားထိုသို့မီးတိုင်များဝန်းရံထားသော မြေကွက်လပ်ထဲသို့ တွန်းပို့ကာ ဒူးထောက်ခိုင်းသည်။ အသည်းငယ်လှသောအမျိုးသမီးများနှင့် ကလေးငယ်များသည်ကတော့ ငိုယိုနေကြပြီဖြစ်သည်။

ဏဝအပါအဝင် ကျန်သောလူများကတော့ ဘာမှန်းမသိရသေးသည်မို့ ဝေခွဲရခက်နေသည့်မျက်နှာများဖြင့်။

ဏဝနားထဲ ကြားလိုက်ရသော ခြေသံများနှင့်အတူ မြင်လိုက်ရသည်က အဆွေကိုပင်။

စူးရဲခက်ထန်နေသော မျက်ဝန်းများထဲမှ မုန်းတီးရွံရှာမှုကိုမြင်လိုက်ရသည့်ခဏ ဏဝမျက်နှာမာထန်သွားပြီး ခေါင်းသည်လည်း အောက်သို့ညွှတ်ကျသွားတော့သည်။

Violet rose's owner is mine (ခရမ်းရောင် နှင်းဆီပိုင်ရှင်က ငါ့အပိုင်) Where stories live. Discover now