Part-24

70 6 0
                                    

Unicode

"တပည့်တော်သျှန်ချီသွေးရဲ့ မိုက်ပြစ်များကို ခွင့်လွှတ်တော်မူပါဘုရား.."

ပါးစပ်မှ တီးတိုးတီးတိုးဖြင့် တောင်းပန်ရင်း စေတီဆီသို့ လက်အုပ်ချီထားသော သျှန်ချီကို ကြည့်ရင်း နှိုင်းထန်ကြိတ်ရယ်မိသည်။ ပန်းတွေကို လက်မှာပွေ့ပိုက်ထားတာတောင် မရမကလက်အုပ်ချီကာ တောင်းပန်နေတာမို့ နမ်းမိတာတောင် နောင်တရချင်သလိုလို။

သျှန်ချီရဲ့ တောင်းပန်နေခြင်းက စေတီရှေ့တွင် နှစ်ယောက်သားနမ်းမိ​ခဲ့ခြင်းကို ဖြစ်သည်။ နမ်းပြီးမှ သတိရသွားတာမို့ ဝရုန်းသုန်းကား ရင်ပြင်ပေါ်ပြေးတက်ရင်း လက်အုပ်ချီကာ တောင်းပန်နေခဲ့တာဖြစ်သည်။

ဒါရောဆို တောင်းပန်ရတာနှစ်ခါရှိပြီဖြစ်သည်။

"ခင်ဗျားက ဘာရယ်တာလဲ.."

"အာ..မရယ်ပါဘူး..မရယ်ပါဘူး..သွေးလေးတောင်းပန်လို့မပြီးသေးဘူးလား..ဆက်တောင်းပန်လေ.."

"ခင်ဗျား"

"အင်း ပြောလေ သွေးလေး"

ခင်ဗျားပဲ ပြောပြီး သူ့ကို ကြည့်လာတာမို့ နှိုင်းထန် စကားထောက်ပေးလိုက်သည်။

"ကျွန်တော့်ကို လာရွဲ့နေတာလား.."

"ဟာ မေးမှမေးရက်ပါပေ့ သွေးလေးရာ..ကိုကိုက မင်းကို ဘာလို့ရွဲ့ရမှာတုန်းကွ.."

အပိုဖြစ်လွန်းသော နှိုင်းထန်ကို ကြည့်ရင်း သျှန်ချီ စိတ်ညစ်ရပါသည်။ ထို့ကြောင့် ခေါင်းကို ဖြေးဖြေးချင်းခါရင်း သက်ပြင်းချရသည်။

"မရွဲ့ရင် ပြီးတာပါပဲ.."

"ဟုတ်ပြီဟုတ်ပြီ..ကိုကို့သွေးလေးက လိမ္မာလိုက်တာကွာ.."

သျှန်ချီ့မျက်လုံးများ နှိုင်းထန်ဆီ ပြန်လည်ရောက်ရှိသွားပြန်သည်။ ဒီတစ်ခါတွင်တော့ ဝေခွဲမရသော မျက်ဝန်းများပင်။ နှိုင်းထန်ကိုတော့မဟုတ်။ သူ့ကိုယ်သူ ဝေခွဲမရသောကြောင့် ထိုသို့ပေါ်လွင်နေသော မျက်ဝန်းများဖြင့် နှိုင်းထန်အား ကြည့်နေမိခြင်းဖြစ်သည်။

သူတို့နှစ်ယောက်၏ ဤတစ်ကြိမ်အနမ်းအပြီးတွင် သျှန်ချီတွင် နှိုင်းထန်အပေါ်သို့ အရင်လို ရန်လိုစိတ်များ မရှိတော့။ ထိုအစား ထူးဆန်းသော ခံစားချက်တို့သာ ဝင်ရောက်လို့လာခဲ့သည်။

Violet rose's owner is mine (ခရမ်းရောင် နှင်းဆီပိုင်ရှင်က ငါ့အပိုင်) Where stories live. Discover now