"ဘယ်ဟာကအမှန်လဲဆိုတာ ငါမင်းကိုမပြောပြနိုင်ဘူး
ငါဘယ်လောက်နာကျင်နေသလဲဆိုတာကိုပဲပြောပြနိုင်တယ်....
ပြီးတော့အခုငါ့ရင်ဝကိုဓားတစ်ချောင်းစိုက်ထိုးခံလိုက်ရသလိုပဲ
ငါအသက်ရှုလို့မဝတော့ဘူး
ဒါပင်မယ့်ငါမင်းကိုပြန်ခုခံလို့ရတဲ့အထိခုခံနေမှာပဲ....
မှားနေတဲ့အရာတွေကိုမှန်တယ်လို့ထင်နေသရွေ့ငါလေဟုန်စီးပြီးပြေးနေရသလိုပဲ
သူ့ရဲ့အမုန်းတွေကနေ ငါ့ရဲ့ချစ်ခြင်းမေတ္တာတွေပိုပြီးမြင့်မားလာခဲ့တယ်။
မူးယစ်ဆေးသုံးနေရသလို ချစ်မိလေနာကျင်ရလေပဲ.....
ငါမွန်းကြပ်နေပြီ .....လှောင်ပိတ်ခံထားရပြီးမနစ်မြုပ်ခင်လေးမှာပဲ
သူကငါ့ကိုပြန်ရှင်သန်စေခဲ့ပြီး ငါ့ကိုမုန်းနေခဲ့တယ်.....ငါကတော့ချစ်တယ်..."Love The Way You Lie-Eminem ft.Rihanna
အလယ်တန်းကျောင်းသားဘဝကတည်းက စွဲစွဲမြဲမြဲနားထောင်ခဲ့တဲ့ဒီသီချင်း။
Eminemရဲ့ ပြိုင်ဘင်ကင်းrapစာသားတွေနှင့်Rihannaရဲ့ သူမတူ ကြည်လင်ပြတ်သားတဲ့အသံတို့ပေါင်းစပ်ထားတဲ့ဒီသီချင်းက နားထောင်လိုက်တိုင်း အားရကျေနပ်ဖွယ်အတိပင်။ဘယ်သူသိပါ့မလဲ စာသားတွေကိုကြိုက်လို့နားထောင်ခဲ့ရာကနေ အဲ့ဒီစာသားတွေကသူ့ဘဝနဲ့တိုက်ဆိုင်လာလိမ့်မယ်ဆိုတာ။အသက်ကိုခပ်ပြင်းပြင်းရှု၍ လေပူတို့ကိုမှုတ်ထုတ်လိုက်သည်။မျက်လုံးတို့ကိုဖွင့်ပြီး မှန်ထဲကိုကြည့်လိုက်တော့ အနောက်တိုင်းဝတ်စုံဖြင့်ခန့်ညားနေသည့်သူ။သေသပ်စွာဖြီးသင်ထားသောဆံကေသာကြောင့် မျက်နှာချောချောဟာရှင်းလင်းနေသည်။ထူထပ်သောမျက်ခုံးတန်းအောက်ရှိ နီဆွေးနေသောမျက်ဝန်းတို့မှာညကငိုထားသည့်အရှိန်ကြောင့်ဖြစ်လိမ့်မည်။ သူဘာလို့ငိုခဲ့တာလဲ။
သူကိုယ်တိုင်တောင်အဖြေမရှာနိုင်ခဲ့။သေချာတာကတော့မှန်တင်ခုံပေါ်တင်ထားသော အဖြူနှင့်ရွှေရောင်ရောစပ်ထားသောဖိတ်စာလှလှလေးကြောင့်ဖြစ်နိုင်ချေရှိသည်။
မထိရက်စရာလှလွန်းသောဖိတ်စာလေးထံသို့အကြည့်တို့ရောက်နေစဉ် ပါးပြင်ထက်မှစိုစွတ်သည့်ခံစားချက်ကြောင့်လက်ဖြင့်ခပ်ဖွဖွစမ်းကြည့်လိုက်သည်။