အပိုင်း ၇

4.7K 605 253
                                    

"ဒါနဲ့ မင်းအရမ်း အထိမခံဖြစ်နေတယ်နော်"

ဧကရာဇ်ဂျွန်၏စကား၊ ဧကရာဇ်ဂျွန်၏ ခပ်စူးစူးအကြည့်တို့ ကြောင့် ဂျီမင်အသက်အောင့်လိုက်မိသည်။ ရိပ်မိသွားပြီလားဟူသော စိုးရိမ်စိတ်ကြောင့် သူ့ ရင်ထဲတထိတ်ထိတ်။

"ငါ့ကို ဖုံးကွယ်ထားတာတစ်ခုခု ရှိနေတာလား"

ထပ်ပြီး ဂျီမင် အသက်အောင့်လိုက်မိသည်။ သူခိုးလူမိသည့် ခံစားချက်ဟာ အတော်ဆိုးလှပါသည်။ သူ ရိပ်မိသွားတာလား၊ မရိပ်မိသေးတာလား၊ ဆက်ပြီးပဲ ငြင်းရမလား၊ ဝန်ပဲခံရမလားဟု ဝေခွဲမရချိန်ဟာ အကြပ်တည်းဆုံး အချိန်ပင်။

မယုံသင်္ကာအကြည့်ဖြင့် ဧကရာဇ်ဂျွန်ဟာ ဂျီမင့်ရှေ့သို့ တဖြည်းဖြည်းတိုးကပ်လာသည့်အခါ ဂျီမင် တဖြည်းဖြည်းနောက်ဆုတ်၏။ နောက်သို့ ဆုတ်ရင်း ဂျီမင့်ကျောပြင်နှင့် ရေကန်ဘောင် ထိမိလေတော့ ဂျီမင်ဟာ ဧကရာဇ်ဂျွန်နှင့် ရေကန်ဘောင်ကြား ပိတ်မိသွားရချေသည်။ ဂျီမင့်မှာ လွတ်လမ်းမရှိတော့ချေ။

မလုံမလဲဖြစ်နေသည့် ဂျီမင့်ပုံစံသည် ဧကရာဇ်ဂျွန်ကို ပိုပြီးသံသယတိုးစေ၏။ မျက်တောင် တဖျက်ဖျက်ခတ်ရင်း၊ အကြည့်ချင်းမဆုံအောင် အကြည့်လွှဲရင်း ရှောင်ပြေးနေပုံက ဖုံးကွယ်ထားတာရှိသည်ကို ဝန်ခံလိုက်သကဲ့သို့။

"မ...မရှိပါဘူး"

"သေချာလား"

ဧကရာဇ်ဂျွန်၏မျက်နှာသည် ဂျီမင့်မျက်နှာနားသို့ တိုးကပ်လာ၏။ သူဟာ ဂျီမင့်မျက်ဝန်းကို သေချာစိုက်ကြည့်သည်။ ဂျီမင်က မျက်တောင်လေး ပေကလပ်ပေကလပ်ဖြင့် သူ့မျက်ဝန်းကို ပြန်စိုက်ကြည့်တဲ့အခါ သူတို့နှစ်ဦးလုံး ငြိမ်သက်သွားကြ၏။ သူတို့နှစ်ဦးလုံး တစ်ယောက်ကိုတစ်ယောက် သေချာမကြည့်ကြသည်မှာ ကြာလှလေပြီ။ လက်ထပ်ပြီး ၁နှစ်ကျော်လောက်ထိသာ ကြင်စဦးမောင်နှံတွေလို သာသာယာယာရှိခဲ့ပေမယ့် တဖြည်းဖြည်း အေးစက်လာတဲ့ ဧကရာဇ်ဂျွန်ကြောင့် နောက်ပိုင်း သူတို့ကြားပိုဝေးလာရသည်။

နေ့တိုင်း အနမ်းတွေပေးခဲ့ကြရာက တစ်ပတ်တစ်ခါအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြသည်။ တစ်ပတ်ကနေ တစ်လ၊ တစ်လကနေ နှစ်လ၊ နှစ်လကနေ လေးလ၊ အဲ့ဒီကစပြီး သူတို့ထပ်ပြီး အနမ်းမပေးဖြစ်ကြတော့ဘူး။ တစ်ယောက်ကိုတစ်ယောက် မကြည့်ဖြစ်ကြတော့ဘူး။

THE ANTIVENOM OF VENOMOUS MONARCHY Where stories live. Discover now