အပိုင်း (၁)
အစမှစတင်ခြင်း...
အတိုင်ပင်ခံရုံးတံခါးကို ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် အေးမြသောည၏တိတ်ဆိတ်ခြင်းတို့သည် အမှောင်ယံကို ကြီးစိုး၍နေပေသည်။ စုရှင်းချန်သည် ကြယ်တာရာများဖြင့် သာယာလှပနေသောကောင်းကင်သို့ မော့ကြည့်လိုက်ကာ မျက်ဝန်းအိမ်မှမျက်ရည်များ တသွင်သွင်စီးကျလာပေသည်။
အတိုင်ပင်ခံနေသည့်တစ်ချိန်လုံးပင် ဒေါက်တာဖန်းအရှေ့၌ မျိုသိပ်မှုတို့ကို မထိန်းနိုင်ပဲ ငိုချခဲ့သည်ဖြစ်ရာ ယခုတွင်မူ နောက်ဆုံးကျန်သော မျက်ရည်စကိုလလက်ဖြင့်သုတ်၍ မျက်လုံးများကိုမှိတ်ကာ အိမ်ပြန်ရန် အားတင်းလိုက်ပေသည်။
စုရှင်းချန်သည် အမြဲပင် အကောင်းမြင်တတ်၍ ပျော်ပျော်နေတတ်သူတစ်ယောက်ဖြစ်ပြီး ဘဝကိုစိတ်အားထက်သန်စွာဖြင့် ကြိုးကြိုးစားစားဖြတ်သန်းနေသူ ဖြစ်ပေသည်။
သို့သော်လည်း ချစ်ခင်မြတ်နိုးရသောသူတစ်ယောက် လောကကြီးထဲမှ ထွက်ခွာသွားပြီးနောက်ပိုင်းတွင်မူ စုရှင်းချန်၏ဘဝတစ်ခုလုံးသည် ကပြောင်းကပြန်ဖြစ်ခဲ့ရပေသည်။
ဖခင်ကိုဆုံးရရှုံးလိုက်ရပြီးနောက်တွင် အမြဲပင် တက်ကြွပျော်ရွှင်နေတတ်သောစုရှင်းချန်ဆိုသည့် ကောင်လေး၏စိတ်အခြေအနေသည် ဆိုးရွားသည်ထပ် ဆိုးရွားလာခဲ့သည်။
တစ်ပြိုင်နက်ပင် တက္ကသိုလ်၏ဖိအားများကိုလည်းခံစားနေရသည်ဖြစ်ရာ စုရှင်းချန်အဖို့ စာကိုပင် ဆက်လက်သင်ကြားလိုချင်စိတ် မရှိတော့ပေ။
ဖခင်၏ရုတ်တရက်ကွယ်လွန်သွားမှုကြောင့်ပင် အပြင်လောကနှင့် အဆက်အသွယ်ပြတ်ကာ တစ်ယောက်တည်းပင် နေခဲ့ပေသည်။ လောကဓံ၏ရိုက်ချက်များကြောင့်တစ်ယောက်တည်းဘဝကို ရင်ဆိုင်ဖြတ်ကျော်ရမည်ဟူသော ဖိအားများသည် ရှင်းချန်အား အမြဲပင် နှိပ်စက်နေခဲ့ပေသည်။
ထိုဖိအားများကြောင့်ပင် ရှင်းချန်၏စိတ်အခြေအနေသည် ဆိုးသည်ထပ် ပိုဆိုးလာကာဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးကုသမှု ခံယူခဲ့ရအထိ ဖြစ်လာခဲ့ပေသည်။
နောက်ဆုံးတွင်ကား ရှင်းချန်သည်ကိုယ့်စိတ်ကိုပြန်ပြီးသက်သာလာစေရန်အတွက် လူမှုကွန်ရက်များတွင်သာမက အွန်လိုင်းပေါ်မှသူငယ်ချင်းများဖြင့် အဆက်အသွယ်လုပ်ခြင်း၊ ရုပ်သံလွှင့်အစီစဥ်များတွင် ပါဝင်ခြင်း၊ ကျောင်းတွင်းလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ခြင်းနှင့် ချက်ရေးပြုတ်ရေးပိုင်းများအထိ လေ့လာသင်ယူကာ စိတ်ထွက်ပေါက်ဖြစ်စေမည့်အရာများကိုပြုလုပ်ခဲ့ပေသည်။
သို့သော်လည်း...
နှစ်တစ်ဝက်ပင် ကျော်လွန်သွားခဲ့ပေပြီ...
စုရှင်းချန်အဖို့ ဤအထီးကျန်လှသောမြို့ကြီးထဲတွင် ဆက်လက်နေထိုင်လိုစိတ် မရှိတော့ပေ။
ယနေ့သည် ဒေါက်တာဖန်းနှင့်အတိုင်ပင်ခံခြင်းကိုပြုလုပ်မည်မှာ နောက်ဆုံးနေ့ဖြစ်ပေသည်။ အကြောင်းသည်ကား ရှင်းချန်သည် လတ်တလောတွင် ကျောင်းခဏအနားယူမည်ဖြစ်ပြီး သူ့ဖခင်၏မွေးရပ်မြေသို့ပြန်ကာ စိုက်ပျိုးရေးကို ခဏတာမျှအချိန်ပေး၍ လုပ်ချင်သောကြောင့်ပင်ဖြစ်ပေသည်။
ဤမြို့ကြီးမှ ထွက်ခွာသွားရတော့မည်က တစ်ကြောင်း၊ နောက်ပိုင်းတွင် ဒေါက်တာဖန်းနှင့် ဗီဒီယို တယ်လီဖုန်းမှတစ်ဆင့်သာ အဆက်အသွယ်လုပ်နိုင်တော့မည်ဟု သိလိုက်ရသော တစ်ခဏသည် စုရှင်းချန်အဖို့ ရှိုက်ကြီးတငင် ငိုကြွေးမြည်တမ်းမိစေသည်။
"မင်းမြင်တယ်မလား ရှင်းချန်... မင်းနဲ့ရင်းနှီးနေတဲ့သူတွေရယ် ယုံကြည်ရတဲ့သူတွေကပဲ မင်းကို မှီခိုအားထားချင်တဲ့စိတ်နဲ့ နှောင်ကြိုးတွေကိုဖြစ်ပေါ်စေတာလေ။ နှောင်ကြိုးရစ်ပတ်တာတွေက ပိုခိုင်မာလေ မင်းဘဝကြီးကရှင်သန်ရတာ ပိုအဓိပ္ပာယ်ရှိလာတယ်လို့ ခံစားရလေပဲ"
ဒေါက်တာဖန်းသည် ဤအကြောင်းရာကို စုရှင်းချန်အား ပထမဆုံးအနေဖြင့် အကြံပြုပြောဆိုခြင်းဖြစ်ပေသည်။
"တကယ်တော့ မင်းသာလက်ခံနိုင်တယ်ဆိုရင် မင်းရဲ့ခံစားချက်တွေကို ယုံကြည်ပေးနိုင်တဲ့သူကို ရှာနိုင်မှာ အသေအချာပဲ"
ဒေါက်တာဖန်းသည် စုရှင်းချန်၏အခြေအနေအပေါ် သေချာသော ဆုံးဖြတ်ချက်မပေးနိုင်သည့်အတွက်ကြောင့်ပင် အချစ်၏စွမ်းအားဖြင့် ကုသခြင်းကား အဆင်ပြေမည်ဟု စဉ်းစားမိခြင်းပင်ဖြစ်ပေသည်။
မည်သို့ပင်ဖြစ်စေ ယနေ့ခေတ်ကြီးတွင် လက်ထပ်ထိမ်းမြားထားသော ဇနီးမောင်နှံများသည်ပင် မိနစ်ပိုင်းအတွင်း ကွာရှင်းပြတ်စဲနိုင်သည်ဖြစ်ရာ အချစ်ဖြင့်ကုစားရန်ကား မဖြစ်နိုင်သေးပေ။
အကယ်၍ စုရှင်းချန် အချစ်စစ်ကိုရှာတွေ့၍ ချစ်မိခဲ့သော်ငြား တစ်ဖက်လူမှ ရှင်းချန်ကို ခဏလေးအတွင်းတွင် သစ္စာဖောက်၍လမ်းခွဲခဲ့ပါမူ စူးရှင်းချန်၏အခြေအနေသည် ပိုဆိုးသည်ထပ် ဆိုးလာကာ နောက်ဆုံးတွင် ချစ်ရမည်ကိုပင် ကြောက်လာနိုင်မည်ဖြစ်သည်။
ဒေါက်တာဖန်း နောက်ဆုံးပြောလိုက်သည်ကား...
"မင်း ယုံကြည်အားကိုးရတဲ့လူကို မင်းကိုယ်တိုင်ရှာဖွေမှရမှာ"
ရှင်းချန်အတွက် တစ်ခုပြီးတစ်ခု ကြိုးစားမှုမျိုးစုံဖြင့် သက်သာရန် ကုသခဲ့သော်လည်း မည်သည်မျှထူးခြားလာခြင်းမရှိခဲ့ပေ။
စုရှင်းချန်၏ဖခင်သည် သူ၏မွေးရပ်မြေတွင် အိမ်တစ်လုံးပိုင်ဆိုင်ခဲ့သည်ဖြစ်ရာ သူသေဆုံးသွားပြီးနောက်တွင်ကား စုရှင်းချန်သည် တရားဝင်ပိုင်ရှင်အဖြစ်အမွေရခဲ့ပေသည်။
ထိုအိမ်အကြောင်းကို ပြောရင်းနှင့်ပင် အိမ်၏သမိုင်းကြောင်းတစ်ခုကို တွေးတောမိပြန်သည်။
ငယ်စဥ်အခါတုန်းက စုရှင်းချန်အဖေသည် သူ့အား မွေးရပ်မြေမှအိမ်အကြောင်းကို ပြောပြခဲ့ဖူးသည်ကိုမှတ်မိပေသေးသည်။ ထိုအိမ်မြေနေရာသည် ၁၉၇၀ ခုနှစ်ကတည်းကပင် စုရှင်းချန်အဘိုးဖြစ်သူသည် ဆရာသခင်ဖန့်ရွှေ့အား ဤမြေနေရာကိုတောင်းခံခဲ့ခြင်းဖြစ်ပေသည်။ သို့သော်လည်း အဘိုးဖြစ်သူသည် သက်သောင့်သက်သာနေရသောဘဝကို လိုချင်တပ်မက်မှု မရှိခဲ့သည်မှာ သိသာလှပေသည်။
စုရှင်းချန်သည် ထိုစဥ်အခါက အလွန်ပင် ငယ်ရွယ်သေးသောကြောင့် မှတ်ဉာဏ်များသည် မှုန်ဝါးဝါးဖြစ်နေပေသည်။ ငယ်စဥ်အခါက အဘိုး၏အိမ်တော်တွင် ပရိဘောဂဟူ၍ ထွေထွေထူးထူး မရှိပေ။ အခန်းတံခါးတစ်ခုကို ဖွင့်လိုက်သည်နှင့် နောက်တစ်ခန်းအား ချက်ချင်းပင်ရောက်သွားမည်ဖြစ်ပြီး ထိုအခန်းနှစ်ခုလုံးကိုပေါင်း၍ တစ်ခန်းတည်းနေထိုင်လို့ရပေသေးသည်။
သေချာပြန်စဥ်းစားကြည့်သော်ငြား စုရှင်းချန်သည် အလွန်ပင် ငယ်သေးသောကြောင့် ဖခင်ဖြစ်သူသည်သူ့အား အရူးလုပ်၍ယုံတမ်းပုံပြင်များ ပြောနေသည်ဟု ထင်မှတ်ထားသည့်အတွက်ပင် အဖေ့စကားများကို အရမ်း ဂရုမစိုက်နိုင်ခဲ့ပေ။
စုရှင်းချန်သည် မွေးရပ်မြေသို့ ပြန်ချင်နေသည်ကား ပထမတစ်ချက်သည် ဤအထီးကျန်သောမြို့ထဲမှထွက်သွားချင်နေခြင်းဖြစ်ပြီး တခြားအကြောင်းအရာသည် သူ၏အဖေကား မွေးရပ်မြေတွင် နှစ်ပေါင်းများစွာတိုင်အောင် နေထိုင်ခဲ့သည်ဖြစ်ပြီး ထိုနေရာ၌ပင် ခေါင်းချသွားခဲ့ပေသည်ဖြစ်ရာ အရာအားလုံးသည် ထိုနေရာလေး၌အမှတ်တရများအဖြစ် ကျန်နေခြင်းကြောင့်ပင်ဖြစ်ပေသည်။
ဆုံးဖြတ်ချက်ကို အခိုင်အမာချပြီးသည့်နောက်တွင် စုရှင်းချန်သည် ကျောင်းယာယီရပ်အနားယူမည့်ကိစ္စများကို မြန်မြန်ဆန်ဆန်ပင် ဆောင်ရွက်ခဲ့ပေသည်။
စတုရန်းမီတာ ငါးဆယ်ကျော် ကျယ်ဝန်းသောအဝိုင်းပုံစံအိမ်ကြီး၏ ထောင့်နေရာတွင် အိမ်အလွတ်တစ်ခုလုံး ရှိပေသည်။ စုရှင်းချန်၏ဖခင်သည် ထိုအိမ်အားချွေချွေတာတာနှင့် စုဆောင်းရထားသောပိုက်ဆံများဖြင့် ပြန်လည်မွမ်းမံခဲ့ပေသည်။
ထိုအိမ်အား အငှားတင်ထားပါမူ တစ်လလျှင် ယွမ်တစ်သောင်းထပ်မနည်း ရမည်ဖြစ်သည်။
ဤသို့ စဥ်းစားကြံစည်တွေးတောရင်းနှင့်ပင် စုရှင်းချန်သည် မွေးရပ်မြေတွင် အခြေခံကား ပိုက်ဆံအများကြီးစုမိတော့မည်ကိုတွေး၍ ကျေနပ်နေပေသည်။
ခရီးဆောင်အိတ်ကို ထုပ်ပိုးပြီးနောက်တွင် မွေးရပ်မြေသို့ရောက်လျှင် လုပ်ရမည့်အရာများကိုတွေးကာ တောက်ပသောအပြုံးဖြင့် ခရီးစတင်ထွက်ခွာလာပေသည်။
မွေးရပ်မြေသို့ မြန်မြန် ရောက်ချင်နေသောကြောင့် စုရှင်းချန်သည် ကျည်ဆံရထားကို စီးနင်းလာခဲ့ပေသည်။
ကျည်ဆံရထားပေါ်တွင်ကား သူ၏လူမှုကွန်ရက်အကောင့်ကိုဖွင့်ကာ ယခင်က ရိုက်ကူးမှတ်တမ်းတင်ခဲ့သော ဟင်းချက်ဗီဒီယိုများအောက်တွင် အားပေးသူများသည် စုရှင်းချန်အား စိုးရိမ်နေကြသောကြောင့် မှတ်ချက်မျိုးစုံရေးကြပေသည်။
အချို့သောမှတ်ချက်များသည်ကား စုရှင်းချန်၏ အချက်အပြုတ်အရည်အချင်းကို ချီးကျူးထားသော မှတ်ချက်များဖြစ်ပေသည်။
"..."
ဤသို့သောမှတ်ချက်များသည်ကား စုရှင်းချန်အတွက် စိတ်ရှုပ်ထွေးစရာတစ်ခုဖြစ်ခဲ့ပေသည်။ အဘယ်ကြောင့်ဆိုသော် အားပေးသည့် ပရိသတ်အားလုံးနီးပါးသည် သူ့အချက်အပြုတ်ဟင်းလျာ၏အရသာအပေါ်တွင် စိတ်ဝင်စားကြသည်ထက် မှတ်ချက်အများစုသည် စုရှင်းချန်၏မျက်နှာအမူအရာ လက်အနေအထားနှင့် မလိုအပ်သောအရာများကိုသာ အာရုံစိုက်ကြခြင်းဖြစ်ပေသည်။
လူအများနှင့်ထိတွေ့ပြောဆိုခြင်းကို သဘောမကျသည့်သူဖြစ်သည့်အတွက်ကြောင့်ပင် ရှင်းချန်သည် ဗီဒီယိုအောက်မှ အချို့သောမှတ်ချက်များကိုသာ တုံ့ပြန်မှုပေးခဲ့ပေသည်။
ထို့နောက်ကင်မရာကိုဖွင့်ကာ နှာခေါင်းစည်းတပ်ထားသည်ကိုချွတ်၍ ကင်မရာအား မျက်နှာတည့်တည့်တွင် ထားလိုက်ပေသည်။ အဆင်သင့်ဖြစ်ပြီဟု ခံစားရသောအခါ ရှင်းလင်းပြတ်သားပြီးတိုးညင်းသောအသံဖြင့်
"အခုဆိုရင် ပေကျင်းမှာ မနက် ၆ နာရီအချိန်ဖြစ်နေပါပြီ။ ကျွန်တော်အခုက အိမ်ကိုပြန်ဖို့ ကျည်ဆံရထားပေါ်မှာ ရောက်နေတာပါ။ လေးနာရီကျော်လောက်သွားပြီးရင်တော့ ခရီးစဉ်အဆုံးသတ်ကို ရောက်မှာဖြစ်ပါတယ်။ မပြန်ဖြစ်တာလည်း ကြာပြီဆိုတော့... နည်းနည်းလေး စိတ်လှုပ်ရှားပြီး မူးဝေဝေနဲ့ စိုးရိမ်စိတ်လည်း ဖြစ်နေတာ။ ပရိသတ်ကြီးတို့ကော ကျွန်တော် မွေးရပ်မြေမှာကိုယ့်ဘဝကိုယ် ရပ်တည်ပြီး နေနိုင်မယ်ထင်လား...။ကျွန်တော်ကတော့ လုပ်နိုင်မယ်ထင်တယ်။ တကယ်ကို စိတ်သစ်လူသစ်နဲ့ ကျန်းကျန်းမာမာပြန်လာနိုင်မယ်လို့ ယုံကြည်ပါတယ်ခင်ဗျ"
ပရိသတ်များအား နှုတ်ဆက်စကားပြောပြီးနောက်တွင် ရင်ထဲတွင်သိမ်းထားသောအစိုင်အခဲများသလို လျှောကျသွားသလိုပင် ပေါ့ပါးလန်းဆန်းသွားပေသည်။
ထို့နောက် ဒေါက်တာဖန်း၏ညွှန်ကြားမှုအတိုင်း "နည်းနည်းပဲတွေး များများအိပ်" ဟူသောစကားအတိုင်း လိုက်နာလိုက်ပေသည်။
အဘယ်ကြောင့်ဆိုသော် ဒေါက်တာဖန်းစကားကို မလိုက်နာမိပဲ တွေးမိတွေးရာတွေးလိုက်သည်နှင့်တစ်ပြိုင်နက် သူ၏စိတ်ကျရောဂါသည် ပြန်ပြန်၍ အသက်ဝင်လာသောကြောင့်ပင်။ ဥပမာပြောရမည်ကား အကယ်၍ ဤလောကကြီးတွင် နေထိုင်ရသည်ကား အထီးကျန်သည်ဟု ခံစားလာရပါက မှီခိုအားထားနိုင်မည့်မိသားစုဟူ၍မရှိတော့ပြီဟူသောအတွေးများ ဝင်ဝင်လာတတ်ခြင်းပင်ဖြစ်ပေသည်။
အထီးကျန်ခြင်းကို ခံစားရသည်နှင့် စုရှင်းချန်၏ရင်ထဲ၌ သူမှလွဲ အခြားသူများသည် မိသားစုဟူသော အသိုက်အမြုံကို ခံစားနေရပြီး အမှတ်တရများစွာ ဖန်တီးနေကြသည်ဟူသောစိတ်တို့သည် အမြဲပင် တိုးဝင်လာပေသည်။
တစ်နည်းပြောရရင်ကား စုရှင်းချန် ဤကမ္ဘာလောကအတွင်းသို့ မည်သို့ရောက်ရှိလာသည်ကို မှတ်မိနေသည့်သူများ မရှိတော့ပေ။
ရုတ်တရက်ပင် စုရှင်းချန်၏မျက်ဝန်းအတွင်းမှမျက်ရည်များ စီးကျလာပေသည်။
"အဖေ..."
ရထား စတင်ထွက်ခွာလာသည်နှင့် လမ်းတစ်လျှောက်တွင် ကျောပိုးအိတ်ကို ပေါင်ပေါ်တွင်တင်ထားကာ ထိုင်ခုံပေါ်သို့ ကျောမှီလျှက်အညောင်းဆန့်ကာ မှေးခနဲတစ်ချက်ဖြစ်သွားပေသည်။ တစ်နာရီနီးပါးခန့် မှေးပြီးနောက်တွင် ဆီးသွားချင်သောစိတ်ကြောင့် နိုးလာခဲ့ပေသည်။
ထိုင်ခုံပေါ်မှထကာ သန့်စင်ခန်းသို့ ထသွားပြီးနောက် နေရာတွင်ပြန်ထိုင်ကာ အပြင်ဘက်မှ ရှုခင်းများကိုကြည့်နေခဲ့ပေသည်။ အချိန်တစ်ခုကြာပြီးသည့်နောက်တွင် ရထားသည် ဘူတာရုံသို့ဆိုက်ရောက်ခဲ့ပေသည်။
စုရှင်းချန် ခရီးသွားသောလသည် မေလဖြစ်သောကြောင့်ပင် တောက်ဘက်ပိုင်းမြို့နေရာများအတွက် အလွန်ပင် နေရထိုင်ရကောင်းသော လဖြစ်ပေသည်။
စုရှင်းချန်သည် မြို့မြောက်ဘက်ဘူတာရုံမှ ဆင်းကာ မြို့ပြနေရာသို့ရောက်ရန်အတွက် ဘတ်စကား အကြာကြီး စီးခဲ့ရပေသည်။
တစ်နေရာနှင့်တစ်နေရာကြားတွင် ကားအမျိုးမျိုးပြောင်းစီးကာ အဆင့်ဆင့်စီးခဲ့ပြီးသည့်နောက်တွင်ကား စုရှင်းချန်၏မြို့ငယ်လေးသို့ရောက်ချိန်၌ ညမှောင်နေပြီဖြစ်သည်။
ကားပေါ်မှဆင်းလိုက်ပြီး သူ၏အရှေ့တွင်မှိန်ပြပြမီးလေးများ ထွန်းညှိထားသော မြို့လေးကိုကြည့်ကာ ခြေလှမ်းများသည် တွန့်ဆုတ်နေပေသည်။ ဤနေရာသို့မရောက်သည်မှာ ကြာလှပြီဖြစ်သောကြောင့် သူ့အတွက် လုံးဝ နေရာစိမ်းတစ်ခုပင်ဖြစ်နေပေသည်။
နောက်ဆုံးတွင်မူ သူ့အား လိုက်ပို့ခဲ့သောကားဆရာဦးလေးကြီးသည် သူ့အားကြည့်၍
"လူလေးက ဘယ်မှာဆင်းမှာလဲ ဦး ခရီးဆောင်အိတ်ကို လိုက်ပို့ပေးမယ်လေကွယ်"
ကားသမားဦးလေးကြီးသည် မျက်ခုံးပုံအနေအထားကိုကြည့်၍ စူရှင်းချန်ကားဤမြို့ခံတစ်ယောက်ဖြစ်သည်ကိုသိပေသည်။ သူကိုယ်တိုင်သည်ပင်ဤမြို့ငယ်လေးတွင်နေထိုင်သူတစ်ယောက်လည်း ဖြစ်ပေသည်။
ကားဆရာကြီး၏အမည်သည် ဝမ်ဟန်ရှုန့်ဖြစ်ပြီး မြို့ခံတစ်ယောက်ပင်ဖြစ်ပေသည်။ သူသည် မြို့ငယ်တွင်းရှိ တိုက်ခန်းသေးလေးတစ်ခု၏ ဒုတိယထပ်၌နေထိုင်သောသူဖြစ်ပေသည်။
ဖြစ်ချင်သည်ကား စူရှင်းချန်တွင် လွယ်အိတ်တစ်လုံးနှင့် လက်ဆွဲအိတ်တစ်ခုသာ ပါလာပေသည်။ ထို့ပြင် ဖခင်ဖြစ်သူက အိမ်သို့လူစိမ်းများမခေါ်လာရန်မှာထားခဲ့ဖူးသောကြောင့်ပင် ခေါင်းကိုခါ၍ နှာခေါင်းစည်းကို ဆွဲချလိုက်ပြီးလျှင်
"ရပါတယ်ခင်ဗျ ကျေးဇူးတင်ပါတယ်။ ကျွန်တော် ကိုယ့်ဟာကိုယ်ပဲ လမ်းလျှောက်သွားလိုက်ပါ့မယ်"
စုရှင်းချန်သည် ဘာလုပ်လို့လုပ်ရမှန်းမသိသောကြောင့်ပင် ထိုနေရာ၌ တစ်နာရီနီးပါးလောက်ရပ်နေကာ အားတင်း၍မြို့လမ်းလေးအတိုင်း နေရပ်အိမ်သို့ဦးတည်လျှောက်လာခဲ့ပေသည်။
မြို့စွန်နေရာလေးဖြစ်သည့်အတွက် ညအချိန်၌မီးများကိုလင်းရုံမျှပင် ထွန်းညှိထားသောကြောင့်ပတ်ဝန်းကျင်တစ်ခုလုံးသည် မှိန်ပြပြပင်မြင်နေရပေသည်။ ဘေးပတ်ပတ်လည်သည် တောင်တန်းများဖြင့်ဝိုင်းရံထားပြီး တောင်ပေါ်ရှိတောအုပ်များအတွင်းမှထွက်ပေါ်လာသောငှက်သံများနှင့် တိရစ္ဆာန်အသံများသည် အသက်နှစ်ဆယ်ပင်ရှိသေးပြီး အသည်းနုလှသော စူရှင်းချန်အဖို့ ခြေလှမ်းများတုန်တုန်ရီရီဖြစ်နေစေသည်။
မှိန်ပြပြမီးများသည် လူတစ်ယောက်စာသွားနိုင်အောင်ပင် လင်းထိန်ခြင်းမရှိတော့သည့်အတွက် စုရှင်းချန်သည် ဖုန်းမီးလေးကိုထုတ်ကာ တောအုပ်လမ်းလေးအတိုင်းပင် အားမွေး၍လျှောက်လာပေသည်။
ကြောက်စိတ်ကို ပျောက်စေရန်အတွက် မရှက်မကြောက်ပဲနှင့်ပင် သီချင်းများကိုလမ်းတစ်လျှောက်လုံး အော်ဆိုနေခဲ့ပေသည်။
ငါးပုဒ်မြောက်သီးချင်းကိုဆိုပြီးသည့်နောက်တွင်ကား ဘိလပ်မြေခင်းထားသော တောအုပ်လမ်းလေးသည် အဆုံးနေရာသို့ရောက်ခဲ့ပေပြီ။
ကြီးမားပြီးမှောင်မဲနေသော အိမ်ကြီးတစ်လုံးသည် စူရှင်းချန်၏အရှေ့တွင် ငြိမ်သက်မှုအပြည့်ဖြင့် တည်ရှိနေပေသည်။
အိမ်ကြီးသည်နှစ်ထပ်တိုက်ဖြစ်ပြီး ဘေးပတ်လည်ကို သေးငယ်သောခြံဝင်းဖြင့် ကာရံထားပေသည်။
စုရှင်းချန်သည် မောမောဟိုက်ဟိုက်ဖြင့် တစ်လမ်းလုံးသီချင်းဆိုခဲ့သည်ကို ပြန်တွေးရင်းနှင့်ပင် ရှက်စိတ်ဖြစ်ပေါ်လာပေသည်။
သို့သော်လည်း သူရည်မှန်းထားသောနေရာသို့ရောက်လာခဲ့ပြီဖြစ်ရာ ပထမဆုံးအဆင့်ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီဖြစ်သည်။
ထို့နောက် လွယ်အိတ်နောက်မှ သော့တွဲများကိုထုတ်ကာ ခြံဝင်းတံခါးအားဖွင့်ရန် ကြံလိုက်သည်နှင့် တံခါးကြီးသည် အလွန်ပင်လေးပြီး တွန်းရခက်ပေသည်။
ခြံဝင်းတံခါးကို အောင်မြင်စွာဖွင့်ပြီးနောက်တွင် ဝက်ဝံများ၏ရန်ကို ကြောက်သောကြောင့် တံခါးအား သေချာစွာ ပြန်ပိတ်လိုက်ပေသည်။
ဤသို့သော တောင်တန်းများ ဝန်းရံနေသည့်နေရာအား လာရောက်သည့် မည်သူမဆိုပင် တောရိုင်းတိရစ္ဆာန်ရန်ကို ခံရမည်ကားကြောက်ကြမည်ဖြစ်ပေသည်။
စုရှင်းချန်သည်ကား သေရမှာမကြောက်သောကြောင့်ပင် စိတ်ကိုပြင်ဆင်ကာ ဤနေရာအထိရောက်အောင် လာခဲ့နိုင်နေပြီဖြစ်သောကြောင့် တွန့်ဆုတ်မနေတော့ပဲ အိမ်တံခါးပေါက်သို့ဦးတည်သွားပေသည်။
အို့...
အိမ်တံခါးမကြီးသည်လည်း မေးဖို့မလိုအောင်ပင် လေးလံနေပေသည်။ စုရှင်းချန် တံခါးကိုဖွင့်လိုက်သည်နှင့် အတွင်းမှအမှောင်ထုသည်ကြိုဆိုနေပေသည်။
ကံကောင်းထောက်မစွာနှင့်ပင် ဤအိမ်အတွင်း၌ အနံ့အသက် ဆိုးဆိုးဝါးဝါးမျိုးမရပဲ နှစ်ပေါင်းများစွာကြာအောင် ပိတ်ထားရသည့်အတွက်ကြောင့်သာ ဖုန်မှုန့်နံများ ရနေပေသည်။
စုရှင်းချန်သည် ဖုန်းမီးအားဖြင့် ဘေးနားတွင်ရှိနေသောပရိဘောဂများကို လျှပ်တစ်ပြက်တွေ့လိုက်သော်ငြား တံခါးမကြီးဘေးနားရှိ နံရံပေါ်မှမီးခလုတ်ကိုပင် အဓိကထား ရှာဖွေခဲ့ပေသည်။
"ဟ..." နံရံပေါ်တွင်မီးခလုတ်များကို ဟိုစမ်းဒီစမ်းဖြင့်ရှာသော်လည်းမတွေ့ခဲ့ပေ။ သို့ကြောင့်ပင် သိလိုက်ရသည်ကား ဤကဲ့သို့မြို့စွန်ကျလွန်းပြီး တောင်တန်းများ ဝိုင်းရံနေသောနေရာတွင် လျှပ်စစ်မီး မရှိသည်ကား အထူးအဆန်းပင်မဟုတ်တော့ပေ။
ထင်ထားသောအတိုင်းပင် နံရံပေါ်၌မီးခလုတ်နှင့်တူသော တစ်ခုတစ်လေပင် မတွေ့ပေ။
ထို့ကြောင့်ပင် မည်သည်ကိုမျှ မတတ်နိုင်တော့ပဲ သူ့အဖေပြောခဲ့ဖူးသည်ကို သတိရသွားကာ ဒုတိယအထပ်သို့ လက်ဆွဲအိတ်ကိုဆွဲတင်၍ တက်ခဲ့ပေသည်။ ဒုတိယအထပ် ဝင်ပေါက်သို့ရောက်သောအခါ အမှန်တကယ်ပင် အခန်းတစ်ခန်းရှိနေပေသည်။
သက်ပြင်းကိုချကာ စိတ်ကိုပြင်ဆင်၍ အခန်းတံခါးအား တုန်တုန်ယင်ယင်ဖြင့် ဖွင့်လိုက်ပေသည်။
တံခါးကိုဖွင့်လိုက်သည်နှင့် စုရှင်းချန်၏နှာခေါင်းအား လေအေးများက တိုးဝှေ့သွားပေသည်။ ထူးဆန်းစွာဖြင့်ပင် ဤအခန်းအတွင်း၌ မှိုအောက်အောက်အနံ့ကိုမရပဲ လတ်ဆတ်သည့်လေအေးနံ့များဖြင့် ဖုံးလွှမ်းနေပေသည်။
စုရှင်းချန်သည် သံသယစိတ်မဝင်ပဲနှင့်ပင် နံရံပေါ်တွင်ရှိသော မီးလုတ်အားဖွင့်လိုက်သည်နှင့် အခန်းအတွင်းသာမက ဒုတိယထပ်အပေါက်ဝနေရာသို့သဲ့သဲ့လေးမြင်နေရပေသည်။
ထိုခဏတွင်ပင် စုရှင်းချန် မြင်လိုက်ရသောအရာကြောင့် လုံးဝ လန့်ဖျပ်ကာ အံ့အားသင့်သွားပေသည်။
စုရှင်းချန် မြင်လိုက်သည်ကား မည်သည့်အရာဖြစ်မည်နည်း။
အထက်တန်းကျပြီး သပ်ရပ်ခမ်းနားစတိုင်ကျသော အဝတ်များကို မမျှော်လင့်ပဲနှင့်မြင်လိုက်ရသည်ကား စုရှင်းချန်အဖို့ အလွန်ပင် ပြောစရာစကားပျောက်ရှသွားပေသည်။
အဖြစ်အပျက်များသည် အလွန်ပင် မြန်ဆန်လွန်းသောကြောင့် စုရှင်းချန်သည် ကယောင်ကတမ်းများဖြစ်ကာ ထင်ယောင်ထင်မှားမြင်နေခြင်းဖြစ်သည်ဟုခဏတာ ထင်လိုက်ပေသည်။ ထို့ကြောင့်ပင် ပိုပြီးစိတ်ရှင်းနိုင်ရန်အတွက် ဖိနပ်ဗီရိုအားဖွင့်ကြည့်လိုက်သည်နှင့် နာမည်ကြီးတံဆိပ်များဖြင့်စျေးကြီးသော သားရည်ရှူးဖိနပ်များ၊ အားကစားဖိနပ်များနှင့် အခြားသောရှူးဖိနပ်မျိုးစုံကို ဖိနပ်ဗီရိုအပြည့်ပင် အတန်းလိုက်စီထားသည်ကို တွေ့လိုက်ပေသည်။ ရှူးဖိနပ်အကုန်လုံးသည် ယောက်ျားဝတ်ဖိနပ်အမျိုးအစားများဖြစ်ပေသည်။
"..."
စုရှင်းချန်သည် ရှူးဖိနပ်တစ်စုံကိုယူလိုက်ပြီး ခြေနင်းခုန်ဖက်အား လှန်ကြည့်လိုက်သည်နှင့် ဖိနပ်အရွယ်အစားသည် နံပါတ်လေးဆယ့်သုံးဖြစ်ပေသည်။ အဖေဝယ်ပေးခဲ့သည်ဟုဆိုရအောင်လည်း စူရှင်းချန်၏ဖိနပ်အရွယ်အစားသည်ကား နံပါတ်လေးဆယ်ပင်ရှိပေသည်။
သို့သော် ဖိနပ်ပါးများကိုကား ဝတ်လို့အဆင်ပြေသောကြောင့် ခါးကိုကုန်းကာ ခြေအိတ်ကိုချွတ်၍ ဖိနပ်ပါးများကိုဝတ်လိုက်ပြီး ရှူးဖိနပ်အား ဗီရိုထဲတွင်ပြန်ထည့်ထားလိုက်ပေသည်။
ထို့နောက် တံခါးကိုပိတ်ကာ လက်ဆွဲအိတ်အားခမ်းနားထည်ဝါသော ဧည့်ခန်းအတွင်းသို့ဆွဲသွားပြီးလျှင် ဆိုဖာပေါ်တွင်ထိုင်ချလိုက်ပေသည်။
တင်ပါးအောက်မှဆိုဖာသည် ထိုင်ရသည်မှာ အလွန်ပင်ဇိမ်ကျလှသောကြောင့် ဤနေရာ၌ဆယ်နှစ်နီးပါးလောက် မသုံးပဲထားခဲ့သောပစ္စည်းဟုပြောရက်စရာမရှိလောက်ပင် အိကျနေပေသည်။
"..."
စုရှင်းချန်သည် တဖြေးဖြေးနှင့်ပင် သူ့အဖေပြောခဲ့သောအရာများကိုသတိရကာ စတင်ယုံကြည်လာပြီဖြစ်ပေသည်။ အရာအားလုံးသည်အမှန်တရားများပင်ဖြစ်ပေသည်။
ဤအိမ်ကြီးအတွင်းတွင်ကား ကမ္ဘာနှစ်ခြမ်းကွဲနေသည်ဟူသောစကားပင်။