အပိုင်း (၃၂)
“ဟာ” စုရှင်းချန် စားပွဲနားသို့ရောက်လာရင်းနှင့် မှတ်စုကို ဖတ်လိုက်ပြီး သက်ပြင်းချရ၏။
အိမ်ပိုင်ရှင်ဘက်မှ လက်မလျှော့သည့်အတွက် စုရှင်းချန် အခက်ပိုတွေ့လာရသည်။
“မင်း ငါ့ရဲ့လက်ဆောင်ကို လက်မခံဘူး ဆိုရင်တောင် အနည်းဆုံး ကျေးဇူးတင်ပါတယ် လောက်တော့ပြောသင့်တယ် ထင်တာပဲ။”
သူပြောတာလည်း ဟုတ်တော့ဟုတ်ပါသည်။ အနည်းဆုံးတော့ တုန့်ပြန်မှု တစ်ခုခု ရှိသင့်ပေသည်။ ထို့ကြောင့်ပင် စုရှင်းချန်သည် 'ဟယ်လို' ဟူသော စကားဖြင့်အစပြုကာ ဖော်ဖော်ရွေရွေ ပြန်ရေးပေးလိုက်သည်။
“လက်ဆောင်အတွက် ကျွန်တော် တကယ်ကို ကျေးဇူးတင်ပါတယ်။ လက်မခံမိတဲ့အတွက် အားလည်း နာပါတယ်။ ကျွန်တော့်ကို လက်ဆောင်ပေးချင်သပဆို အသားဝယ်ပေးလေ။ ကျွန်တော် ချက်ကျွေးမယ်”
နေ့လယ်ခင်းပိုင်းတွင် စုရှင်းချန် တရေးအိပ်မည်ဟု ကြံလိုက်သော်လည်း လုပ်စရာများကို စဥ်းစားမိ၍ ကောက်ရိုးခမောက်နှင့် ရေပုံးကိုကိုင်ကာ ဂျွန်လ၏ ပူလောင်လှသော နေရောင်အောက်တွင် လုပ်ငန်းခွင်ဝင်ဖို့ ထွက်လာခဲ့ပေသည်။
သူ့အနောက်တွင် လိုက်လာသော ခွေးဖက်တီးလေးနှစ်ကောင်သည် ပြင်းထန်သော နေအပူဒဏ်ကြောင့်လျှာများထွက်ကာ မြစ်နားတွင် လက်ချောင်းလေးများကို ရေစွတ်လိုက် ပြန်တက်လာလိုက် လုပ်နေကြ၏။
ခမောက် စောင်းထားသော ကောင်လေးသည်လည်း မြစ်ကမ်းနားတွင် ခြေထောက်လက်ထောက်များဆေးရင်း အပူသက်သာအောင် လုပ်လိုက်သည်။
ရေပုံးကိုကိုင်ကာ မြစ်ကမ်းတစ်လျှောက် ဘောင်းဘီကိုမ၍ လမ်းလျှောက်သွားလိုက်သည်။ ခြေဗလာဖြင့်လျှောက်လာရင်း မြစ်ကမ်းတစ်လျှောက် ကြည်လင်သောရေအောက်ရှိ ငါးသေးသေးလေးများ ကူးခပ်နေသည်ကိုတောင် မြင်နေရပေပြီ။
“ဝိုး...”
စုရှင်းချန်သည် ကျောက်တုံးတစ်ခုပေါ်တွင် တင်နေသော ခရုတစ်ကောင်ကို မြင်လိုက်သည်နှင့် တအံ့တသြ အော်လိုက်၏။
ထိုခရုသည် စုရှင်းချန် အရမ်းကြိုက်သော ရှင်းချန်ခရုဖြစ်သည်။
ရှင်းချန်ခရုများသည် တခြားသော သာမန်ခရုများကဲ့သို့ ကပ်ပါးကောင်နှင့် ရောဂါများကို ဖြစ်ပေါ်စေခြင်းမရှိပဲ မျက်လုံးနှင့် အသည်းအတွက် အထူးအကျိုးပြုပေသည်။ ထို့အပြင် ကျောက်ကပ်အတွက်လည်း တစ်ဖက်တစ်လှမ်းမှ အကျိုးပြုသေးပေသည်။
ထိုသို့သော တောင်ပေါ်ခရုများသည် အလွန်ရှားပါးသည်ဖြစ်ရာ မြို့ပေါ်တွင်သာမက တောအရပ်တွင်ပင် တစ်ပေါင်လျှင် ယွမ်တစ်ရာ နီးပါးရှိသည်။
စုရှင်းချန် ဤခရုများကို မစားရသည်မှာ အတော်ကြာပေပြီ။ ဟိုးအရင် အဖေကိုယ်တိုင် ချက်ကျွေးခဲ့တုန်းကသာ လတ်လတ်ဆတ်ဆတ် စားခဲ့ဖူးသည်။
နှစ်နာရီကြာမျှ သဲကိုတူးဆွပြီးသည့်နောက် လူငယ်လေးသည် ရေပုံးတွင် ရေအပြည့် ထည့်ကာ ခရုလေးများကို ကျောက်တုံးတစ်ဝိုက် လျှောက်ကောက်ရင်း ပြန်လာခဲ့သည်။
ခရုများ ကောက်လာသည်မှာ သုံးပေါင် လေးပေါင် နီးပါးခန့်ရသည်။
စုရှင်းချန်သည် ဖုန်းကိုထုတ်၍ ကောက်လာသော ခရုများထဲမှ အကောင်ကြီးကြီးနှင့် အနက်ရောင် ခရုတစ်ကောင်ကို ထုတ်လိုက်ကာ မှတ်တမ်းတင် ဗီဒီယိုအတိုလေးတစ်ခု ရိုက်လိုက်သည်။
“ရှောင်ပိုင်... ရှောင်ချင်း”
ခွေးလေးနှစ်ကောင်သည် မြစ်ထဲတွင် လူးလူးလိမ့်လိမ့်နှင့် ရေကူးနေကြသည်ကို မြင်သောကြောင့်အသက်အန္တရာယ် ဖြစ်မည်ကို စိုးရိမ်၍
“ကမ်းကိုပြန်လာကြ သေကုန်မယ်”
ခွေးလေးနှစ်ကောင်သည် သခင့်အသံကို ကြားသည်နှင့် ကမ်းသို့ ချက်ချင်း ပြန်ကူးလာကြသည်။
ကမ်းပေါ်သို့ ပြန်တက်လာသည်နှင့် ခန္ဓာကိုယ်ပေါ်တွင် တင်နေသော ရေများကို လှုပ်ခါလိုက်သည်။
“ပြန်ကြမယ်”
စုရှင်းချန်သည် ရေခပ်ခဲ့ရသည့်အပြင် လိုချင်သည့်ခရုတွေကိုပါ ရလာသည့်အတွက် အိမ်သို့ပြုံးပြုံးရွှင်ရွှင်နှင့် ပြန်နိုင်ပေတော့သည်။
အိမ်သို့ပြန်ရောက်သည့်နောက် ခရုများကိုအညစ်အကြေးများ ဆေးထုတ်ရန်အတွက် ဘေစင်တွင် တင်လိုက်၏။
ဦးလေးနျူပြောသည်ကား ဤခရုများသည် ရေအတော်ဆေးရပြီး အညစ်အကြေး မပြောင်ပါက ခါးသက်သက် ဖြစ်တတ်သည်။ ရေကိုနိုင်နိုင်ဆေးပြီး ပိုပြီးသန့်စင်ရန် ဆားရေဖြင့် စိမ်ထားလိုက်၏။
ခရုဆေးပြီးသည့်နောက် စျေးထဲမှဝယ်လာသောဘိလပ်မြေကို ခြံထဲ၌ ရောစပ်ရန် ပြင်ဆင်လိုက်သည်။ ရေနှင့်သဲကို သေချာမရောမီ သဲနုများကို လိုက်ရှာရ၏။ ထို့နောက် ဘိလပ်မြေနှင့် အချိုးကျကျ ရောရင်း ကြမ်းပြင်ကို ဖို့လိုက်ပေသည်။
နေ့လယ်ခင်းတွင် စုရှင်းချန်သည် အပြင်ဘက်နှင့်အတွင်းဘက်ရှိ ပြင်ဆင်သင့်စရာရှိသော အရာများကိုပြင်ဆင်ပြီးနောက် မီးဖိုကိုပြင်ရန် အလှည့်ကျလာပေပြီ။ ဘိလပ်မြေလောင်းရသည့်အပြင် ဘေးဘက်ရှိ ပျက်နေသော နေရာများကို ပြန်ပြင်ရန် အိမ်ရှိ လက်သုံးပစ္စည်းများဖြင့် ကလိရတော့သည်။
အားလုံး ပြီးသွားသည့်နောက် ပြန်ကြည့်ရင်း စိတ်တိုင်းကျနေလေသည်။
စုရှင်းချန်သည်ရေပုံးနှင့် ကိရိယာများကို နေရာတကျ ပြန်ထားကာ အပေါ်ထက်သို့တက်၍ ကိုယ်လက်သန့်စင်လိုက်သည်။
ခဏကြာပြီးနောက် အိမ်ပိုင်ရှင်သည် ဆူပုတ်နေသည့်မျက်နှာဖြင့် အိမ်သို့ပြန်လာသည်။ စုရှင်းချန်သည် ခေါင်းစိုကြီးနှင့် ရေချိုးခန်းမှ ထွက်အလာ အိမ်ပိုင်ရှင်ကို မြင်ပြီး ပျော်တော့်မည်အလုပ် မျက်နှာပျက်နေသည်ကို သတိထားမိလိုက်၏။ အိမ်ပိုင်ရှင်သည် စုရှင်းနားမှ ဖြတ်သွားကာ ဆိုဖာပေါ်တွင် မိန့်မိန့်ကြီး ထိုင်ချလိုက်သည်။
“ဘာဖြစ်လာတာလဲ မသိဘူး”
စုရှင်းချန်သည် အိမ်ပိုင်ရှင်ကို စိုးရိမ်စိတ်ဖြင့် ကြည့်လိုက်ပေသည်။ သိနေပေပြီ။ အဘယ်ကြောင့်ဆိုသော် အိမ်ပိုင်ရှင်သည် ခဏအကြာတွင် ထိုင်နေရာမှ ထကာ ရေခဲသေတ္တာနားသို့သွား၍ ဝိုင်ပုလင်းတစ်ခုကို ထုတ်ချလာခဲ့သည်။
ထိုဝိုင်သည် အရမ်းကို ပြင်းသော အဆင့်မြင်ဝိုင်တစ်ခုဖြစ်ပြီး အရက်ပါဝင်နှုန်းအမြင့်ဆုံး ဖြစ်သည်။
ကြာကြာစွဲသောက်ပါက ကျန်းမာရေးကို ထိခိုက်နိုင်သည်။
အိမ်ပိုင်ရှင်သည် ဝိုင်ပုလင်းကိုဖွင့်ကာ ခွက်ထဲသို့ ထည့်လိုက်သည်။ စုရှင်းချန်သည် အနားတွင် စိုးရိမ်စိတ်အပြည့်ဖြင့် ရပ်ကြည့်နေရင်း ပါးစပ်မှ
“တော်တော် ထိန်းမနိုင်တဲ့ လူ" ဆိုပြီး တဖွဖွပြောနေပေသည်။
ယွီဖန်ရှင်း အတော်ကို စိတ်ဓာတ်ကျနေသည်။ ဝိုင်ခွက်ကို အဆင်သင့်ထည့်ထားရင်း စိတ်နည်းနည်း ကြည်စေရန် မျက်နှာထသစ်လိုက်သည်။
အိမ်ပိုင်ရှင် ထသွားသည်ကို အခွင့်ကောင်းယူကာ စုရှင်းချန်သည် ဝိုင်ပုလင်းကိုယူ၍ တစ်နေရာရာတွင် ဖွက်ထားလိုက်သည်။
ယွီဖန်ရှင်းပြန်လာသောအချိန်တွင် ခုံပေါ်၌ ဝိုင်ပုလင်းမရှိတော့သောကြောင့် ကြောင်တောင်တောင် ဖြစ်သွားပေသည်။ စိတ်ရှုပ်နေလို့ ဖြစ်တာလား။ ဒါမှမဟုတ် ဘယ်နေရာမှာ ထားလိုက်လဲဆိုတာ မမှတ်မိတာလား။ ဖန်ရှင်းတစ်ယောက် ရီဝေဝေ ဖြစ်နေသည်။ သေချာမှတ်မိသည်ကတော့ ဒီနေရာတွင် တင်ခဲ့ခြင်းပင်။ စိတ်ကလည်းရှုပ် ညစ်လည်း ညစ်နေသောကြောင့် ဖြောင့်ဖြောင့်တန်းတန်းတောင် မတွေးနိုင်တော့ပေ။
“တော်တော်အာရုံနောက်ဖို့ ကောင်းလိုက်တာကွာ…”
ဥက္ကဌယွီသည် တောက်တစ်ချက်ခေါက်ရင်း ဝိုင်ပုလင်းကို နေရာအနှံ့ လိုက်ရှာ၏။ ဘယ်လိုမှ မတွေ့တော့သည့်အဆုံး ရေခဲသေတ္တာဆီသို့ တစ်ဖန် ပြန်သွားကာ နောက်ဝိုင်ပုလင်းကို ထပ်ထုတ်လိုက်ပြန်သည်။ သို့သော်လည်း ထိုပုလင်းသည် ယွီဖန်ရှင်း ထည့်ဖို့ခွက် ရှာနေရင်းနှင့်ပင် ပျောက်သွားပြန်သည်။
“အိမ်ပိုင်ရှင်ကတော့ တကယ်မလွယ်တဲ့လူ”
စုရှင်းချန်သည် အိမ်ပိုင်ရှင်ဆီမှ ယူလာသော ဝိုင်ပုလင်းများကို အနည်းငယ် မြည်းစမ်းကြည့်လိုက်ရုံနှင့်ပင် ရီဝေလာသည်။ မကောင်းတော့ပေ။ ထို့ကြောင့် အိမ်ပိုင်ရှင် စိတ်ရှုပ်နေပါက နည်းနည်း လန်းဆန်းသွားအောင် ဆေးရေနွေးကြမ်းကို စပ်ပေးရန် ပြင်လိုက်သည်။
ဥက္ကဌယွီတစ်ယောက် ဝိုင်ပုလင်းများကို နေရာအနှံ့လိုက်ရှာနေရင်းနှင့် မည်သည့် ဝိုင်ကိုမျှ မတွေ့တော့ပေ။ ထို့ကြောင့် ဧည့်ခန်းအတွင်း ဆိုဖာပေါ်တွင် စိတ်ပျက်လက်ပျက်ဖြင့် ဘုန်းကနဲ ထိုင်ချလိုက်သည်။ ရေနွေးခွက်ကိုတွေ့သည်နှင့် ရေဆာသောကြောင့် အမှုမဲ့ပင်သောက်လိုက်သည်နှင့် ခါးသပ်သပ်အရသာကို ရလိုက်သည်။ ခါးသပ်သည့်တိုင် ဝမ်းတွင်းသို့ ရောက်သည်နှင့် လန်းဆန်းသွားပေသည်။
ဝိုင်ကိုရှာနေတာ ဝိုင်မတွေ့ပဲ ရေနွေးကြမ်းနဲ့မှ လာတိုးနေရတယ်လို့။ ဘာလို့များ ရေနွေးကြမ်းကို ဧည့်ခန်းထဲမှာ တကူးတက လာထားရတ--
ဖန်ရှင်း ရုတ်တရက် သတိရသွားကာ ချက်ချင်း ရေနွေးခွက်ကို ကြက်သေသေဖြင့် ကြည့်လိုက်ပေသည်။
ဆူပုတ်နေသောရုပ်တွင် နူးညံ့သော အမူအရာတို့ ပေါ်လာကာ တိုးညှင်းသည့် အသံဖြင့်
“မင်းလုပ်တာလား”
စုရှင်းချန်သည် အိမ်ပိုင်ရှင်ဘေးနားတွင် ရပ်နေရင်း အသံကိုကြားသည်နှင့် တံခါးအပြင်ဘက်သို့ ပြေးထွက်သွားရန် ကြံစည်လိုက်သည်။ ယွီဖန်ရှင်းသည် စုရှင်းချန် အခန်းအတွင်းတွင် ရှိနေလောက်သေးသည်ဟု တွေးမိသောကြောင့်
“မင်းကိုယ့်ကို အရက်မသောက်စေချင်ဘူးပေါ့”
“ဟုတ်တယ်”
စုရှင်းချန်သည် ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သော်လည်း အိမ်ပိုင်ရှင်သည် သူ့ကိုမကြားနိုင်ပေ။
"အင်းပါ မင်းမသောက်စေချင်ရင် ကိုယ်မသောက်တော့ပါဘူး”
ယွီဖန်ရှင်းသည် တည်တည်ငြိမ်ငြိမ်ဖြင့် ထိုင်ချကာ ရေနွေးကြမ်းကို တစ်ငုံမျှ ထပ်သောက်လိုက်သည်။ သူ့အပေါ် စိုးရိမ်စိတ်ဖြင့် တကူးတက ဂရုစိုက်ပေးသည့် သူရှိနေသည်ဟု သိလိုက်ရသောကြောင့် ပြုံးမိလိုက်ပေသည်။
စုရှင်းချန်သည် အိမ်ပိုင်ရှင်ကိုကြည့်ရင်း နားမလည်နိုင်တော့ပေ။ ဝိုင်မသောက်ရလို့ ဂေါက်သွားတာလား။ ခုနကပဲ ဆူပုတ်နေပြီးတော့။ အခုပြုံးနေတယ်။ ငါ့ရေနွေးကြမ်းထဲ ဘာထည့်မိလိုက်လို့ပါလိမ့်။
ထိုအရာများထပ် စုရှင်းချန်သိချင်သည်ကား အိမ်ပိုင်ရှင် စိတ်ညစ်လာရသော အကြောင်းရင်းကိုပင်။ ဘာကြောင့်များ ဝိုင်ကို စိတ်ရှိလက်ရှိ သောက်ချင်ပုံပေါ်နေရအောင် ဘာကိစ္စများ ဖြစ်လာခဲ့လို့ပါလိမ့်။
ပြောရမည်မှာ အရှည်ကြီးပင်။ သေချာပေါက်တော့ထန်မိသားစုနှင့် ဆက်စပ်နေသည်။
ထန်မိသားစုနှင့် ရေစက်ကုန်သွားပြီဖြစ်သည်။ ထို့ကြောင့် ထိုမိသားစုနှင့် ပတ်သက်ပြီး ဘာဆိုဘာမှ စိုးရိမ်စရာမလိုတော့ပဲ စိတ်ဒုက္ခ ညှဉ်းဆဲမှုများ တစ်ခန်း ရပ်သွားပြီဟု ထင်ခဲ့ခြင်းပင်။
ထန်မိသားစုတွင် ကျန်ခဲ့သော လူအိုကြီးနှစ်ယောက်သည် ယွီဖန်ရှင်း၏ အင်တာဗျူးကိုကြည့်ပြီးနောက် လူထု၏သဘောထားကို လှုံ့ဆော်သည့်အနေဖြင့် ဆောင်းပါးတစ်ခု တင်လိုက်သည်။
ယွီဖန်ရှင်းအတွက်တော့ ထိုစောင်းပါးများသည် အမြဲလိုလိုမြင်နေကျဖြစ်၍ ရိုးနေပေပြီ။ ဘယ်သောအခါမှ ပြန်လည် ချေပခြင်း ဂရုပြုခြင်းအလျဉ်းမရှိခဲ့။
အွန်လိုင်းအသုံးပြုသူများသည် အခြေအနေကို သေချာနားမလည်ကြပဲ ဆောင်းပါးကိုကြည့်ကာ ယွီဖန်ရှင်းကို အကြင်နာတရားမရှိသူအဖြစ် စွပ်စွဲကြသည်။ ကိုယ့်အမျိုးကိုယ်တောင် ငဲ့ညှာခြင်း မရှိဘူးဟူသော စကားလုံးများကို သုံးကာ ဝိုင်းပြစ်တင် ရှုတ်ချကြသည်။ ယွီဖန်ရှင်း၏ ပြတ်ပြတ်ပြောတတ်သော အကျင့်ကြောင့် အချို့သော အွန်လိုင်းအသုံးပြုသူများ (အထူးသဖြင့် လူကြီးများ) က မကောင်းကွက်ကိုမြင်သည်နှင့် တန်းအပြစ်ပြောကြခြင်းပင်။
ယွီဖန်ရှင်းတစ်ယောက် အိပ်မက်ဆိုးကိုတောင် မနည်း ဖြတ်ကျော်နေရသည်ဖြစ်ရာ အတိတ်အကြောင်းကို ပြည်သူလူထုကို ချပြလျှင် သေချာပေါက် ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်မည်မဟုတ်ပေ။ ပြဿနာ ဖြစ်ကာမှ မျက်ရည်ချူပြသည်ဟုလည်း အထင်မခံနိုင်။
ဝန်ထမ်းများသည် ဘော့စ်အတွက် ဝိုင်းစိတ်ပူနေကြသော်လည်း ဘော့စ်သည် အလုပ်ကို ပုံမှန်အတိုင်း တက်နေပေသည်။ သတင်းများကြောင့် အိမ်တွင် ခဏလောက် အနားယူဦးမည်ဟု ထင်နေကြပေသည်။ သို့သော် ထိုသို့လုပ်ခြင်းက ပို၍ပင် စိတ်ပူစရာ ကောင်းပေသည်။
အတွင်းရေးမှူးပိုင်သည် ဘော့စ်နှင့်အတူတူ အိမ်ပြန်လိုက်ချင်သော်လည်း သူ့ကို စိတ်အရမ်းဆိုးပြီးကျိန်ဆဲ ဆူငေါက်မည်ကိုလည်း စိုးရိမ်ပေ၏။
ထို့ပြင် ဘော့စ်စိတ်ကြည်သွားစေရန် ကုမ္ပဏီ ညစာစားပွဲ သီးသန့်လုပ်ပေးမည်ဟု တင်ပြခဲ့သော်လည်းအေးစက်စက်ဖြင့် ငြင်းလိုက်ပုံကြောင့် နောက်တစ်ကြိမ်ပင်ထပ်၍ မခေါ်ရဲတော့ပေ။
ဘော့စ်အခြေနေကို အရင်က အရမ်းကြီး စိတ်မဝင်စားတတ်သော ပရိုဂရမ်ဌာနမှ ခေါင်းဆောင်ကိုယ်တိုင်သည်ပင် ဘော့စ်၏ ထူးခြားသော အပြုအမူများကို ကြည့်ကာ
“ဘော့စ်အဆင်ပြေရဲ့လား” ဟု မေးရလောက်သည့် အဆင့်ပင်။
နောက်တစ်နေ့တွင် ဘော့စ်တစ်ယောက် ပုလင်းတစ်ခုကို ကိုင်ရင်း လန်းလန်းဆန်းဆန်းပင် ရုံးတက်လာပြန်ပြီ။ လူတိုင်း ဘော့စ်ကို စိတ်ပူနေကြသော်လည်း ယခုလိုမြင်ရတော့ နည်းနည်းလေး စိတ်ချရသည်ကား အမှန်ပင်။
ကျားယောင်သည် ဖန်ရှင်းစိတ်အဆင်မပြေသည်ကို သတင်းစကားမေးရန် ရုံးခန်းအတွင်းသို့ ဝင်လာသည်။ အနားသို့ရောက်လာသည်နှင့် ခွက်အတွင်းရှိ မဲကျစ်ကျစ်လို အရည်ကိုမြင်၍ မျက်မှောင်ကြုတ်လိုက်မိသည်။
“မင်း ဘာပြောစရာရှိလို့လဲ”
ဒါရိုက်တာကျားယောင်သည် ဖန်ရှင်းအသံကြောင့် ခွက်ကို အာရုံရောက်နေရင်း လန့်တောင်သွားသည်။ အေးစက်နေသော ဖန်ရှင်းရုပ်နှင့် မျက်နှာချင်းဆိုင်မိလိုက်သောကြောင့် အံကိုကြိတ်ကာ ဖန်ရှင်းကိုကြည့်၍
“အပြင်မှာ ခဏလောက် စကားပြောရအောင်”
ယွီဖန်ရှင်းသည် ကျားယောင်ပြောသည်ကို ကြားသည်နှင့်
“အထဲမှာပဲ အေးဆေးပြောကြမယ်လေ”
ဖန်ရှင်းတို့ နှစ်ဦးသားသည် တစ်ဦးနှင့်တစ်ဦး ဘာမှမဆိုင်ကြတော့သော်လည်း ကျားယောင်သည် ယွီဖန်ရှင်း စိတ်ဒုက္ခရောက်တိုင်း စိတ်ပြေအောင် အမြဲ လုပ်ပေးတတ်သည်။ အခုလည်း ဘာပြောရမှန်းမသိသောကြောင့် ရောက်တတ်ရာရာ တွေးရင်း
“ငါ အခုတလော ကောင်လေးတစ်ယောက်နဲ့သူငယ်ချင်း ဖြစ်နေတာ”
ဒါရိုက်တာကျားယောင်သည် ယွီဖန်ရှင်း ဤသို့သောစကားများကို နားထောင်ချင်ပါ့မလားဟု စိုးရိမ်စိတ်တော့ ဖြစ်မိသည်။ သို့သော် သူ့တွင်လည်း ဘာမှပြောစရာ မရှိတော့သောကြောင့်ပင်။
အလုပ်အကြောင်းပြောရင်လည်း စကားရှည်ဦးမည်။
“တိုက်ဆိုင်လိုက်တာ ငါရော သူငယ်ချင်းတစ်ယောက် ရနေတာ” ယွီဖန်ရှင်သည် ပြုံးပြုံးဖြင့် ပြောလိုက်ရင်း ရေနွေးကြမ်းကို မော့သောက်လိုက်သည်။
“အဲ့လိုဆို နင့်သူငယ်ချင်းအကြောင်း အရင်ပြောကြည့်”
ကျားယောင်သည် ဖန်ရှင်း သူငယ်ချင်း ရသည်ကို အံ့အားသင့်မိပေသည်။ ရေခဲတုံးကြီး ဘယ်လိုများ သူငယ်ချင်း ရပါလိမ့်။
“မင်းအရင်ပြော”
ယွီဖန်ရှင်း၏ အရင်အကျင့်ကတော့ မပျောက်သေးပေ။ အမြဲ ကျားယောင်ကို ခွန်းတုံ့ပြန်လိုက်ရမှ ကျေနပ်သူပင်။
ဒါရိုက်တာကျိကျားယောင်တစ်ယောက် သက်ပြင်းချကာ ဘော့စ်ကို အလျှော့ပေးသည်အနေဖြင့် တစ်ခုခုကို နက်နက်ရှိုင်းရှိုင်းစဉ်းစားရင်း စကားစပြောပေသည်။
“သူက တကယ် ကောင်းတဲ့သူပါ။ အင်္ဂလန်မှာ ပညာတော်သင်တက်နေတဲ့ ဆေးကျောင်းသားတစ်ယောက်လေ…”
“သူက အိုနေပြီမဟုတ်ဘူးလား...”
ယွီဖန်ရှင်းသည် မျက်ခုံကိုပင့်ကာမေးလိုက်ပေသည်။
ထိုလူကို ဖန်ရှင်းသိပေသည်။ ကျိကျားယောင်သည် ဖန်ရှင်းနှင့်ရန်ဖြစ်တိုင်း သဝန်တိုစေရန် ထိုလူအကြောင်းကို ထုတ်ပြောလေ့ရှိသည်။ ကျိကျားယောင်သည်လည်း အရင်အကျင့် လုံးလုံးမပျောက်သေးပေ။
“သူက အသက်ကြီးနေပြီဆိုပေမဲ့ နှလုံးသားပြည့်ဝတဲ့သူပါနော်”
ကျိကျားယောင်သည် ထိုသို့ပြောလိုက်ပြီးသည့်နောက် အနည်းငယ် နောင်တရသွားပေသည်။ ထိုစကားလုံးများ ဖန်ရှင်းအပေါ် အနည်းငယ် သက်ရောက်မှုရှိနေသေးသည်ဟု ယုံကြည်နေခြင်းကြောင့်ပင်။ ယခင်က ဖန်ရှင်းသည် ထိုလူအကြောင်းကိုကြားတိုင်း သဝန်တိုတတ်သည်ကိုလည်း သိပေသည်။ ယခုအချိန်ထိလည်း ဤသို့ဖြစ်နေမည်ဟု ကျားယောင် ယုံကြည်နေပေသည်။
“ငါ တခြားကို ဆိုလိုတာမဟုတ်ပါဘူး တစ်မျိုးမတွေးပါနဲ့”
ဒါရိုက်တာကျားယောင်တစ်ယောက် စိတ်လှုပ်ရှားလို့ပြောမိပြောရာ ပြောထွက်သွားတော့သည်။ ခဏအကြာတွင် ခေါင်းတစ်ချက် ဟန့်သံနှင့်အတူတူ ဖန်ရှင်းပြောလိုက်သည်ကား
“မင်းကို ငါက အသက်ငယ်တဲ့ သူကို ရှာစေချင်လို့ပြောတာပါ။ ဘာလို့ဆို မောင်လေးတွေက သစ္စာရှိကြတယ်”
ကျားယောင်တစ်ယောက် ဖန်ရှင်းစကားအဆုံး၌ ကိုယ့်နားကိုယ်တောင် မယုံနိုင်တော့ပေ။