အပိုင်း (၂၈)
အစားအသောက်ပိုင်းနှင့် ညဘက်အိမ်မက်ဆိုးမက်နေသည့် ကိစ္စများကတော့ ဖန်ရှင်း စိတ်ပူစရာမလိုတော့ပေ။
ယွီဖန်ရှင်းတစ်ယောက် သူ့ကိုယ်သူ အိပ်ပျော်အောင် နည်းမျိုးစုံဖြင့် ကြိုးစားခဲ့သမျှ အခုတော့ အဆင်တပြေဖြစ်သွားပေပြီ။
အိပ်မက်ဆိုးအကြောင်းကို စဥ်းစားလိုက်သည်နှင့် ယွီဖန်ရှင်း၏မျက်နှာတစ်ခုလုံး မှောင်ကျသွားပေသည်။
ဆရာဝန် ညွှန်ကြားထားသည်ကား ယွီဖန်ရှင်း ဆေးလိပ်သောက်တာကို တစ်နည်းနည်းဖြင့် ဖျက်မှရတော့မည် ဟူ၍ပင်။ အသက်အရွယ်အရ ငယ်ရွယ်သေးသောကြောင့်သာ ခန္ဓာကိုယ်က အဆင်ပြေသည်ဟု ခံစားနေရခြင်းပင်။ ဤသို့သာ ရှေ့လျှောက် ဆေးလိပ်ထပ်သောက်သွားပါက တရုတ်နိုင်ငံ၏ အနာဂတ်ဂိမ်းလောက ကြယ်တစ်ပွင့်ကို ဆုံးရှုံးရမည်ဟု သွယ်ဝိုက်နည်းဖြင့် ပြောခဲ့သည်။
စိတ်တိုစွာဖြင့် ပြာခွက်ထဲသို့ ဆေးလိပ်ကိုထည့်ကာ မီးသတ်လိုက်ပြီးလျှင် အစားစားရန် ထွက်သွားခဲ့သည်။
ယနေ့အတွက် အစားအစာတွင် ထမင်းမပါပေ။ ဂျုံသာကူစွပ်ပြုတ်ကို ပူပူလေးချက်ထားသည်။
"တကယ်ကို ဟုတ်နေပြီ"
ယွီဖန်ရှင်း တစ်ရာရာခိုင်နှုန်းကို သေချာသွားပေပြီ။ မနေ့က ပိုင်ဝမ်ကိုဖုန်းခေါ်၍ သူဗိုက်အောင့်ကာ နေမကောင်းကြောင်းပြောပြီး ဆေးရုံကားခေါ်ခိုင်းသူကား ထူးဆန်းသည့်ကောင်လေးပင်ဖြစ်ရမည်။ မဟုတ်လျှင် အဘယ်ကြောင့် ယနေ့တွင် ဂျုံသာကူကို ကြိုမည်နည်း။ အစားအမာ မစားနိုင်မှန်း သိနေသောကြောင့်ဆိုတာ ရှင်းနေပေပြီ။
ထိုကောင်လေး၏ စားသောက်သည့် ပုံစံသည် ထူးဆန်သည်ဟုဆိုရမည်။
ယွီဖန်ရှင်းသည် ပေါ့ပါးပြီး အားဖြည့်တင်းမှုကို ပေးသော အစားအစာများကို အားပါးတရ စားပြီးသည်နှင့် စိတ်ထဲတွင် နေလို့ထိုင်လို့ကောင်းသွားပေသည်။
ထို့နောက် ဘောပင်နှင့်စာရွက်ကိုရှာကာ မှတ်စုတစ်ခု ရေးပေးလိုက်သည်။
"မင်း ဘာလို့ ငါ့အပေါ် ကောင်းပေးရတာလဲ"
မှတ်စုကို လက်နှစ်ချောင်းကြားညှပ်၍ ထမင်းဘူးထဲသို့ထည့်မည်အလုပ် ပြန်ဖွင့်ဖတ်ကြည့်လိုက်သည်။ အဆင်မပြေသေးဘူးဟူ၍ စာကိုပြန်ပြင်ရေးလိုက်၊ ထမင်းဘူးထဲပြန်ထည့်လိုက်နှင့် လေးခါမြောက်လုပ်ပြီးသည့်နောက်တွင်ကား အမှိုက်ပုံးထဲသို့သာလွှင့်ပစ်လိုက်တော့သည်။
ထို့ကြောင့် နောက်တစ်နေ့မနက် စုရှင်းချန် ထမင်းဘူးကို ဖွင့်လိုက်သောအချိန်တွင် ဆေးကြောထားသော ဘူးလေးများသာ ပြန်ပါလာခဲ့သည်။
ထမင်းဘူးကိုထုတ်ကာ အိမ်ပိုင်ရှင်အတွက် မနက်က ချက်ပြုတ်ပေးထားသော ဆန်ပြုတ်ကိုထည့်ပေးလိုက်သည်။ မနက်စာအတွက် သေချာ ထုပ်ပိုးပေးသည့်နောက်တွင် အပြင်သွားရန် ပြင်ဆင်တော့သည်။
ယနေ့တွင် စုရှင်းချန်တောင်ပေါ်သို့ သွားမည်ဖြစ်သည်။
ရက်အနည်းငယ်တုန်းက အမြစ်ရိုင်း အနည်းငယ်ကိုသာ တူးယူခဲ့မိပေသည်။ ထို့ကြောင့် တောင်ပေါ်တွင် သေချာပေါက် အများကြီး ကျန်ဦးပေမည်။
ပြဿနာကား တူးနိုင်သည် ဆိုဦးတော့ သယ်ယူရသည့် ဒုက္ခသည် တော်တော်ကြီးလှပေသည်။
ကျောက်ဆူးကောင်လေးတစ်ယောက် တိုက်ရိုက်ထုတ်လွှင့်နေသည် ဟူသော စာသားသည် ဖုန်းထဲတွင် တက်လာသည်နှင့် ပရိသတ်များက အပြေးအလွှားဝင်လာကြပေသည်။ အကြောင်းကား မလွှင့်သည်မှာ ကြာ၍ တမျှော်မျှော် ဖြစ်နေခဲ့ခြင်းကြောင့်ပင်။
"အားလုံးပဲမင်္ဂလာပါ" ကျောက်ဆူးကောင်လးသည် ကင်မရာကို သူ့မျက်နှာဘက်သို့ လှည့်လိုက်ပေသည်။ ဖြူဖွေးပြီး ချောမောသောမျက်နှာပေါ်တွင် ချွေးများကျနေသည့် ပုံစံကို မြင်သည်နှင့် အားပေးမြဲ ပရိသတ်ကြီးများက မှတ်ချက်မျိုးစုံကို တန်းစီနေအောင်ပေးကြပေသည်။
တစ်ချို့သော သူများပြောထားသည်ကား...
"အမြစ်ရိုင်းတွေကိုများများတူးပြီးတော့ရောင်းဦးမှာလား"
"အမြစ်ရိုင်းကိုလိုချင်လို့ပြန်ရောင်းပါဦး"
"ငါ့ကောင်ကြီးကြောင့် မြို့မှာတောင် မနေချင်တော့ဘူး"
မှတ်ချက်မျိုးစုံကို ဖတ်ပြီးနောက်တွင် စုရှင်းချန်သည် ပရိသတ် အမေးအများဆုံးနှင့် အသိချင်ဆုံးတစ်ခုကိုသာ ရွေးထုတ်၍ ပြောပြပေသည်။
"လက်တတ်တဲ့ အမြစ်ရိုင်းက သိမ်းဆည်းထားရတာ လွယ်ကူတော့ ပရိသတ်ကြီးတို့အတွက် ကျွန်တော်ရောင်းပေးမှာပါ။ စျေးနှုန်းအနေနဲ့ကတောာ့ တစ်ပေါင်ကို ယွမ်နှစ်ဆယ်ဖြစ်ပါတယ်။ ကျွန်တော်အိမ်ပြန်ရောက်တာနဲ့ ပရိသတ်ကြီးတို့ အရှေ့မှာပဲ သေချာချိန်ပေးပါ့မယ်ခင်ဗျ"
ထိုစျေးနှုန်းသည် သင့်တင့်သောကြောင့်...
"ယွမ်နှစ်ဆယ်ဆိုတာက စျေးနှုန်းသင့်တာပဲဟာ။ ငါကတော့ရအောင်ဝယ်မယ်။ ကျောက်ဆူးကောင်လေးရဲ့ဖောက်သည်ဖြစ်အောင်လုပ်ပြမယ်"
"သားကြီး ငါလည်း ဝယ်မယ်။ ငါ့အတွက် ကြီးကြီးတုတ်တုတ် ငါးခုလောက် ချန်ထားပေးပါ"
စုရှင်းချန်သည်
"ဟုတ်ကဲ့ပါခင်ဗျ။ ကျွန်တော်ဆက်တူးလိုက်ပါဦးမယ်။ ဒီနေ့အတွက် တူးမဲ့ပန်းတိုင်ကတော့ ပေါင်ငါးဆယ်ထိရအောင်တူးမှာပါ"
သို့သော်လည်း အမြစ်ရိုင်းသည် နှစ်ပေါင်းများစွာကြာအောင် မည်သူမျှ တူးယူမည့်သူ မရှိခဲ့သည့်အတွက် အမြစ်ခိုင်နေမည်ကို စိုးရိမ်ပေသည်။ တကယ်ပဲ အမြစ်ခိုင်နေပါက နှုတ်ရမှာ မလွယ်လေ။
"ဒီတစ်ခုလည်း တော်တော်ကြီးတာပဲ"
စုရှင်းချန်သည် အတော်ကိုကြီးသော အမြစ်ရိုင်းကို တူးယူရရှိခဲ့သည်။ အမြစ်တုတ်ကြီးကို ကိုင်ရင်း အားပါးတရပင် ဝမ်းသာနေပေသည်။
"တော်တော်မိုက်တာပဲ။ လေးပေါင်ငါးပေါင်လောက် အနည်းဆုံးရှိရမယ်"
ပရိသတ်တစ်ယောက်သည် ထ၍ "အဲ့တာကငါ့အတွက်ပဲ ဘယ်သူမှငါ့ဆီကနေ လာလုလို့မရဘူးးး"
ကျန်သောတစ်ယောက်မှ "ငါ့ကိုရောင်းပါ ငါယွမ်သုံးဆယ်ပေးပါ့မယ်"
တိုက်ရိုက်ထုတ်လွှင့်သည့် စကားပြောခန်းတွင် အတိုက်အခိုက်တွေ ဖြစ်လာကြပေသည်။
စုရှင်းချန်သည် တခြားသောအမြစ်များကို တူးပြီးသည့်နောက်တွင် ခဏမျှထိုင်နားလိုက်ပေသည်။ ရှပ်အင်္ကျီကိုချွတ်ကာ စီးကျနေသော ချွေးများကို သုတ်လိုက်သည်။
ဂျွန်လလယ်၏ ရာသီဉတုသည် အတော်ပင်ပူပြင်းလှပေသည်။
စုရှင်းချန်သည် သူ၏ ကောက်ရိုးဦးထုပ်ဖြင့် ယပ်ခတ်နေရင်း ပရိသတ်များကို စကားတပြောပြော လုပ်နေပေသည်။
"တော်တော်ကိုပူတာပဲ။ ခဏလောက်နားပြီးတော့မှပဲ တခြားကျန်တဲ့အမြစ်တွေကို ထပ်တူးပေးတော့မယ်"
တိုက်ရိုက်ထုတ်လွှင့်သည့်နေရာတွင် ရှိနေသည့်သူ အကုန်လုံးးး ဟင်ခနဲဟာခနဲပင် ဖြစ်ကုန်ကြပြီ။
အကြောင်းကား ကျောက်ဆူးကောင်လေးသည် အပေါ်ပိုင်းဗလာဖြင့် သူတို့အရှေ့တွင် အေးဆေးပင်ထိုင်နေခြင်းကြောင့်ပင်။ ရင်းသားများကို အတိုင်းသား မြင်နေရပေသည်။ ပရိသတ်များ၏ အကြည့်ကို မလွှဲနိုင်အောင် လုပ်လိုက်ပေသည်။ အချို့ဆိုလျှင် လက်ကလေးဖြင့်ကာ,ကာ မခို့တရို့ ခိုးကြည့်နေကြပေသည်။
ချွေးများ စီးကျနေသော ခန္ဓာကိုယ်အပေါ်ပိုင်းကို နေရောင်သဲ့သဲ့လေး ဖြာကျနေသည်ဖြစ်ရာ အမြင်အာရုံကို ပိုပြီးထင်းလင်းစေပေသည်။
ပရိသတ်များသည် မနေနိုင်တော့ပဲ
"ဘုရားးးရေ ကျောက်ဆူးကောင်လေးကို ယောက်ျားဆန်ပြီး ဗလတောင့်တင်းတယ်ထင်ထားတာ...။ဝတုတ်နေတာပဲ"
ချစ်လို့စတာပါ...။
"အားကစားလေးဘာလေးလုပ်ပါဦးး"
ချစ်လို့နော်...။
စုရှင်းချန်သည် မှတ်ချက်များကိုဖတ်ပြီးနောက်တွင် သူ့ကို ပြောထားသည်များကို မြင်၍ အင်္ကျီကို အမြန်ဝတ်လိုက်ကာ ဆူပုတ်သော မျက်နှာထားဖြင့်
"ကျွန်တော်ပြန်တော့မယ်။ နောက်ထပ်တစ်နာရီလောက်မှ ဆက်တွေ့ကြတာပေါ့"
တိုက်ရိုက်ထုတ်လွှင့်မှုကိုရပ်နားကာ တစ်နာရီနီးပါးခန့်သွားရသည့် တောင်တက်လမ်းပေါ်သို့ လေးလံသည့် ခြင်းတောင်းကိုမ၍ တက်ခဲ့ပေသည်။
လမ်းပေါ်သို့မရောက်ခင် ခြင်းတောင်းကို ဆွဲထားသည့်ကြိုးကို ခိုင်မခိုင်သေချာစစ်ဆေးလိုက်သည်။ ထို့နောက် ဖိနပ်ကိုသေချာပြင်စီးကာ လေးပင်သည့်ခြင်းတောင်းကို မ၍ တစ်ဖက်လမ်းပေါ်သို့ ဖြေးဖြေးချင်း လျှောက်လာခဲ့ပေသည်။
"အိ..."
စုရှင်းချန်သည် ပေါင်ငါးဆယ် ခြောက်ဆယ်ကျော်မျှရှိသော ခြင်းတောင်းကြီးကို ပခုံးပေါ်တွင် ထမ်းထားရပေသည်။
ခန္ဓာကိုယ်ကို သေချာထိန်းထားရင်း တောင်လမ်းလေးအတိုင်း တဖြေးဖြေး တအိအိနှင့် သေသေချာချာထမ်းကာ ဆင်းလာရပြန်ပြီ။
သက်ပြင်းချကာ ပခုံးတစ်ဖက်မှခြင်းကို နောက်ပခုံးပေါ်သို့ ပြောင်းတင်၍ အိမ်သို့ဖြေးဖြေးမှန်မှန်ဖြင့် ပြန်လာခဲ့သည်။
ထိုသို့လမ်းလျှောက်လာခဲ့သည်မှာ မယုံနိုင်စရာကောင်းလောက်အောင် တစ်နာရီကျော်ကြာပေသည်။
စုရှင်းချန် အိမ်ပြန်ရောက်သည့်အချိန်တွင် မောဟိုက်၍ ခေါင်းပင်မူးနေပေပြီ။
"တော်တော်နောက်ကျနေပြီလား"
ဖုန်းကိုထုတ်ကာ အချိန်ကြည့်လိုက်သည်နှင့် ကမန်းကတန်းပင်ထကာ အခန်းအတွင်းသို့ ဝင်လိုက်ပေသည်။ ပါးစပ်မှလဲ ပွစိပွစိနှင့်
"အိမ်ပိုင်ရှင်ကို အချိန်မီကျွေးဖို့ ပိုက်ဆံမရှိသလို၊ ပိုက်ဆံရှာနေရလို့ အချိန်မီ မကျွေးနိုင်ပြန်ဘူးး"
ကောင်လေးအတွက် အတော်ခက်ခဲပေသည်။
ကံကောင်းစွာနှင့် စုရှင်းချန်အပေါ်သို့ရောက်သည့်အချိန်တွင် အိမ်ပိုင်ရှင်သည် အိမ်နေအဝတ်အစားဖြင့် ထိုင်နေပြီး လက်ဖက်ရည်သောက်နေပေသည်။ သို့သော် ရုပ်ကိုကြည့်လိုက်သည်နှင့် အိမ်ပိုင်ရှင်တစ်ယောက် ပျင်းနေပုံရသည်။
အိမ်ပိုင်ရှင်သည် အရင်အချိန်ကလို စိတ်ပင်ပန်းတာတို့ ပျင်းတာတို့ ရှိလာပါက ဆေးလိပ်နှင့် အရက် ကမပါမဖြစ် သောက်တတ်ပေသည်။ ယခုတွင်တော့ လက်ဖက်ရည်လေးဖြင့်သာ နှစ်ပါးသွားနေသည်ကိုမြင်၍ စုရှင်းချန် ကြိတ်သဘောကျနေပေသည်။
သို့သော် အခန်းထဲတွင် ဆေးလိပ်နံ့သင်းသင်းလေးတော့ ရနေသေးပေသည်။
အိမ်ပိုင်ရှင်၏ ဆေးလိပ်နှင့် အရက်ကို နှစ်နှစ်ခြိုက်ခြိုက် သောက်တတ်သည့် အကျင့်ကို သိပေသည်။ ထိုသို့သောက်သည့်အချိန်တိုင်းတွင်လည်း စုရှင်းချန် မြင်ရသည်မှာ လုံးဝစိတ်မချမ်းသာပေ။ တားလို့မရ၍သာ ကြည့်နေရသော်လည်း ဤအတိုင်းသာ ဆက်သောက်နေရင် အသက်ငယ်ငယ်လေးနှင့် သေသွားနိုင်ပေမည်။
နေ့လယ်စာကိုပြင်ဆင်ပြီးသည့်နောက် မှတ်စုလေးတစ်ခုကို ရေးပေးလိုက်၏။
"ဆေးလိပ်ကိုလျှော့သောက်၊ အရက်ကိုလဲလျှော့သောက်၊ များများစား၊ လေ့ကျင့်ခန်းများများလုပ်၊ ပြုံးပြုံးလေးနေ"
မှတ်စုနှင့် ထမင်းဘူးကိုနေရာတကျလေး ထားပြီးသည့်အချိန်တွင် စိတ်ချလက်ချဖြင့် ပထမထပ်သို့ ဆင်းသွားကာ နေ့လယ်စာ စားခဲ့သည်။
ခွေးလေးနှစ်ကောင်သည် သခင့်စားပွဲနားသို့လာကာ အစာစားနေသည့် ခြေထောက်နားတွင် ခွေခွေလေး လာထိုင်နေကြပေသည်။
ညနေခင်း လုပ်ရမည့်အလုပ်သည် အမြစ်ရိုင်းကို ဝယ်သည့်သူတစ်ယောက်ချင်းစီ၏ အိမ်လိပ်စာ၊ ဖုန်းနံပါတ်၊ အရေအတွက်နှင့် ပိုက်ဆံများကို သေချာစီစစ်ရမည်ဖြစ်သည်။
ဖောက်သည်များသည် လေးပေါင် ငါးပေါင်ကို အနည်းဆုံးဝယ်ကြပြီး အများဆုံး ဆယ်ပေါင်ကျော်ထိ ဝယ်ကြပေသည်။
ယနေ့တွင် အမြစ်ရိုင်း ပေါင်ခြောက်ဆယ်နီပါးလောက်ကို တောင်ပေါ်မှ တူးယူခဲ့ရပေသည်။
အမြစ်ရိုင်းအားလုံးပေါင်း ရောင်းရသည်ကား ယွမ်တစ်ထောင့်သုံးရာခန့်ရခဲ့၏။
စုရှင်းချန်သည် ရောင်းရသည့်ငွေပမာဏကို တွက်ချက်ကြည့်လိုက်ပြီး မြင်လိုက်ရသည့် ပမာဏကြောင့် ပါးစပ်ကြီး ပြုံးဖြီးသွားပေသည်။
ဘဲသားရယ်၊ ကြက်သားရယ်၊ ဝက်နံရိုးရယ်တို့ကို အားပါးတရစားလို့ရပေပြီ။
ပခုံးနှင့် ခြေဖဝါးတစ်ဝိုက်ကို ပွတ်သပ်ကာ အပင်ပန်းခံ အနာခံပြီး သယ်ခဲ့ရကြိုးနပ်ပေပြီ။
"ပျော်စရာကြီး"
ခွေးလေးများကိုဖက်ကာ ပျော်ပျော်ရွှင်ရွှင်နှင့် အော်ဟစ်လိုက်ပေသည်။
ခွေးလေးများကိုအောက်သို့ချကာ ကြက်ကောင်ပေါက်လေးများ ထားသည့်နေရာသို့ သွား၍ ထပ်မံခုန်ပေါက်နေလိုက်ပြန်သည်။
ကြက်ပေါက်ကလေးများသည် ကောင်းကောင်းမွန်မွန်နှင့်ခြံဝင်းအတွင်းတွင် အစားကောင်းအသောက်ကောင်း များကို စားနေရပေသည်။
စုရှင်းချန်သည် ကြက်ကလေးများကို ကြည့်ကာ ကြည်နူးနေမိပေသည်။ သူကိုယ်တိုင် ပြုစုပျိုးထောင်ပေးခဲ့သော ကလေးများ ဤသို့ကြီးလာသည်ကို အတော်စိတ်ကျေနပ် အားရနေခြင်းပင်။
ထို့ပြင် သီးပင်စားပင်စိုက်ပျိုးခင်းကြီးလဲ ရှိပေသေးသည်။
စုရှင်းချန်တစ်ယောက် တစ်နေကုန်ပျော်ပါးနေသည့်အတွက် အိပ်တောင်ပျော်တော့မည်မဟုတ်ပေ။
ဝါးနံ့လေးသင်းနေသော ဝါးအိပ်ရာပေါ်တွင်လှဲကာ ယပ်တောင်ကိုခတ်၍ နာမည်ကြီးသီချင်းများကို ဖုန်းဖြင့်ဖွင့်နားထောင်ရင်း တရေးအိပ်ပျော်သွားပေသည်။
ညနေခြောက်နာရီကို ရောက်ပြီဖြစ်သည်။
စုရှင်းချန် အိပ်ရာမှ နိုးလာကာ မျက်လုံးတစ်ဆုံး မှောင်မဲမှုအတိပင်။ တိတ်ဆိတ်ငြိမ်သက်ခြင်းနှင့် မှောင်မိုက်သော ပတ်ဝန်ကျင်တွင် ငှက်သံလေးနှင့် ပိုးကောင်သံလေးများကို သဲ့သဲ့လေး ကြားရပေသည်။
ထိုအသံများကို ဖုံးလွှမ်းသွားသည်ကား တဝှီဝှီနှင့် နားနားတွင် လာအော်သော ခြင်သံပင်...။
"ဖြန်းး" လက်မောင်းကို ရိုက်ချပြီး ခြင်ကိုသတ်လိုက်သည်။
အိပ်ရာပေါ်မှထကာ ခြင်ဆေးခွေကိုထွန်း၍ အိပ်ပျော်နေသေးသော ခွေးလေးများနားတွင်ထားလိုက်သည်။ ဖုန်းကိုဖွင့်လိုက်သည်နှင့်... အားကုန်နေပေပြီ။
ဒုတိယထပ်သို့သွား၍ အားသွင်းရမည်ဖြစ်သည်။
စုရှင်းချန်သည် ဖုန်းအားသွင်းကြိုးကိုယူကာ ဖိနပ်ကိုစီး၍ ဘောင်းဘီရှည်ကို ဝတ်လိုက်ပေသည်။
ဒုတိယထပ်သို့ရောက်သည်နှင့် ဖုန်းကိုအားသွင်းကာ ဖောက်သည်များ၏ မက်ဆေ့ဂျ်များကို စာပြန်နေပေသည်။
စာပြန်ပြီးနောက်တွင် စုရှင်းချန်သည် ညနေခင်းအတွက် အစားအစာကိုပြင်ဆင်ပေသည်။
အိမ်ပိုင်ရှင် ဘဲသားတို့ ကြက်သားတို့ စားလားမသိဘူး။
ညစာချက်ရန်အတွက် အတော်ကိုနောက်ကျနေပြီဖြစ်သည်။ အိမ်ပိုင်ရှင်ပြန်အလာကို အမီ ချက်ရန်ကား ကြက်သားသည် နှစ်နာရီကျော်လောက် ကြာဦးပေမည်။ ဘဲသားပဲချက်တာ ကောင်းပါတယ်။
ဘဲသားကို မွှေးကြိုင်သည့် ဟင်းရွက်များဖြင့် ရောကာ ကြက်သွန်ဖြူနှင့် ထည့်ချက်ခြင်းကြောင့် အနံ့မွှေးမွှေးနှင့် အရသာရှိပေသည်။
ဤဟင်းလျာသည် စုရှင်းချန်အတွက် ချက်ပြုတ်ခြင်းဖြစ်ပြီး အိမ်ပိုင်ရှင်အတွက် အခြားသော ဟင်းလျာကို ချက်ပြုတ်ပေးမည်ဖြစ်သည်။
အိမ်ပိုင်ရှင်အတွက် ဒီညတွင်ချက်ပေးမည့် ဟင်းလျာသည် လက်ဆတ်ပြီး အာဟာရ ဖြည့်ပေးသည့် စွပ်ပြုတ်ပင်။
စုရှင်းချန်သည် အသားများကိုလှီးဖြတ်ကာ ကြက်ဥနှစ်လုံးကို အိမ်ပိုင်ရှင်အတွက် ထည့်ပေးလိုက်သည်။
အားလုံးပြီးစီးသွားသည့်နောက်တွင် အိမ်ပိုင်ရှင်ပြန်ပို့ထားသော ထမင်းဘူးကို ဖွင့်လိုက်သည်နှင့် တွေ့လိုက်ရသည်ကား မှတ်စုတစ်ရွက်ပင်။
မှတ်စုတွင် ဖုန်းနံပါတ်နှင့် အိမ်လိပ်စာကို ထည့်ရေးထားပေသည်။
စုရှင်းချန်သည် ခဏမျှငြိမ်သက်သွားကာ အံ့အားတကြီး ဖြစ်သွား၏။
အိမ်ပိုင်ရှင် စိတ်ကောမှန်သေးလား...။
ကိုယ်နှင့်မသိသောသူတစ်ယောက်အား ဖုန်းနံပါတ်နှင့် အိမ်လိပ်စာပေးခြင်းသည် မသင့်တော်သော လုပ်ရပ်ပင်။
သို့သော် မှတ်စုနောက်တွင် ရေးထားသော စာကို မြင်လိုက်ရသည်နှင့် အနည်းငယ် ပြုံးမိလိုက်ပေသည်။
"မင်း ငါ့ကို ရှေ့လျှောက် ဆေးရုံပို့ဖို့လိုလာရင် ဒီအိမ်နံပတ်ကိုပဲပြောပြီး ဆေးရုံကားခေါ်လိုက်ပါ"
စုရှင်းချန်တစ်ယောက် ရယ်ရမလို ငိုရမလိုပင်...။