အပိုင်း (၁၀)
ကျားယောင်နှင့်ပိုင်ဝမ်သည် ယွီဖန်ရှင်းနားတွင် အချိန်အကြာကြီး ရှိနေခဲ့ကြသောသူများ ဖြစ်ပေသည်။ သူတို့သုံးယောက်သားသည် ခွဲ၍မရသောသူများ ဖြစ်ပေသည်။ အမြဲ တပူးပူးတတွဲတွဲ နေလာရင်းကပင် ပိုင်ဝမ် ကျောင်းပြောင်းသွားသည့်အချိန်မှစ၍ ယွီဖန်ရှင်းတို့နှင့် အဆက်အသွယ် ပြတ်ခဲ့ပေသည်။
ဘွဲ့ရပြီးနောက်ပိုင်းတွင် ယွီဖန်ရှင်းသည် ရှန်ဟိုင်း (Sမြို့တော်) သို့ပြန်လာ၍ စီးပွားရေးကို စတင်ကာနာမည်ကြီး ကျော်ကြားသွားပြီးနောက်တွင်ကား ပိုင်ဝမ်သည်လည်း ယွီဖန်ရှင်း၏လက်ထောက်အဖြစ် တာဝန်ယူပေးခဲ့ပေသည်။
ပိုင်ဝမ်၏အဓိကထားသည့် မေဂျာသည်ကား စီးပွားရေးပိုင်း ဖြစ်သောကြောင့်ပင် ဖန်ရှင်း၏ဂိမ်းလောကအကြောင်းကို လုံးဝ နားမလည်ပေ။
ယွီဖန်ရှင်းသည် ပိုင်ဝမ်ကား စီးပွားရေးပိုင်းတွင် ကျွမ်းကျင်ပိုင်နိုင်သည်ကို ကောင်းကောင်း အသုံးချကာ ကုမ္ပဏီ၏ စီးပွားရေးနှင့်ဆိုင်သော စိစစ်ကွပ်ကဲမှုများကို ပိုင်ဝမ်နှင့်ပင် လွှတ်ထားပေသည်။ ထို့ပြင် အခြားသော ကိစ္စအဝဝကိုလည်း ပိုင်ဝမ်ကို အများဆုံး လုပ်ပေးခိုင်းခဲ့ပေသည်။
ထိုသို့ အရာရာနီးပါးကို လက်လွှဲခဲ့သည့်တိုင် ယွီဖန်ရှင်းတစ်ယောက် အလုပ်မလုပ်ပဲ အေးဆေးမနေနိုင်သေးပေ။
ပိုင်ဝမ်သည် အများစုကိုင်ရသည်ကား ကုမ္ပဏီ၏စီမံခန့်ခွဲမှုပိုင်းဖြစ်ပြီး တခြားသော (၇၀) ရာခိုင်နှုန်းခန့်သည်ကား ယွီဖန်းရှင်းကိုယ်တိုင်ပင် တည်ထောင်ခဲ့သော အပိုင်းများဖြစ်ပေသည်။
ထိုသို့သော အရာများကို မလုပ်ကိုင်မီ ဖန်ရှင်းသည် အရာတော်တော်များများကို လေ့လာပြီး လိုအပ်သည့် အချက်အလက်များကို စုဆောင်းကာ ကိုးကားရပေသည်။
လူတော်တော်များများက ဂိမ်းကို အချိန်ကုန်ခံဆော့ကြသည်ကား စိတ်ကို ပျော်ရွှင်စေချင်သောကြောင့်ဖြစ်ရာ ယွီဖန်ရှင်း၏အလုပ်မှာ ထိုကလေးများကို သူတီထွင်သောဂိမ်းထဲတွင်ပဲ အချိန်ကုန်ဆုံးချင်လာအောင် ဆွဲဆောင်ရခြင်း ဖြစ်ပေသည်။ မည်သို့ပင်ဖြစ်စေ ကိုယ်ဆော့သည့် ဂိမ်းတစ်ခုကား ဆော့ရတာကောင်းပါက အချိန်အကုန်ခံရသည့်တိုင် အချိန်ပေးရကျိုးနပ်သည့်ဂိမ်းကိုပင် ဆော့ချင်ကြပေသည်။
ထို့ကြောင့်ပင် ယွီဖန်ရှင်းသည် ပိုင်ဝမ့်အပိုင်းကို ဦးမဆောင်နိုင်ခြင်းဖြစ်ပေသည်။
ဖန်ရှင်းသည်အလုပ်တစ်ခုကို စတင်လုပ်ပါက ခေါင်းကိုနှစ်၍မပြီးမချင်းပင် အားသွန်ခွန်စိုက်လုပ်တတ်သည်ဖြစ်ရာ အကယ်၍များ အရမ်း အလုပ်များသောနေ့ဖြစ်ပါက တစ်နေ့လုံးနေမှ တစ်နပ်ပဲ စားသည့်အချိန်များပင် ရှိသည်ဖြစ်ပြီး တစ်ခါတလေ မစားပင်မစားပေ။ ဖန်ရှင်း၏ပုံမှန်လည်ပတ်ပုံလိုမျိုး ဖြစ်နေပေပြီ။
ကျားယောင်နှင့်ပိုင်ဝမ်သည် ယွီဖန်ရှင်း၏ အခြေအနေကို သေချာသိသူများ ဖြစ်ပေသည်။ ထို့ကြောင့်ပင် ဤထမင်းချက်ပေးနေသည့်သူအား ယွီဖန်ရှင်းအတွက်ဖြစ်ဖြစ် ထိန်းသိမ်းထားပေးချင်ပေသည်။ ပိုက်ဆံဘယ်လောက်ပင် ပေးရပေးရ ဤကဲ့သို့သော ဟင်းလျာမှသာလျှင် ယွီဖန်ရှင်းအတွက် နေ့တိုင်း အစားစားချင်စိတ် ဖြစ်ပေါ်လာမည်ဖြစ်သည်။
ယွီဖန်ရှင်းသည် အပြင်ပိုင်းကကြည့်လျှင်သာ ဂရုမစိုက်နေတတ်သည့်အကျင့်ရှိသော်ငြား အတွင်းစိတ်တွင်ကား တန်ဖိုးထားသည့်အရာတစ်ခုကို နက်နက်ရှိုင်းရှိုင်းပင် ကာကွယ်မှုပေးတတ်သူဖြစ်ပေသည်။
ထိုနေ့မွန်းတည့်ချိန်တွင်ကား ကျိကျားယောင်နှင့် ပိုင်ဝမ်သည် ယွီဖန်ရှင်းနေ့လယ်စာကို တဝတပြဲစားသည်ကား ပထမဆုံးမြင်ဖူးသောကြောင့် အတော်ပင် အံ့သြသွားပေသည်။
ပြောင်နေတာပဲစားတာ။
နေ့လယ်စာ ထမင်းဘူးသည် အရသာရှိသည့်တိုင် ယွီဖန်ရှင်းအဖို့ အနည်းငယ် ခံတွင်းပျက်နေသေးသည်ဟု တဖွဖွပြောနေပေသည်။
ယုံချင်စဖွယ်ပင်။
"မင်းတို့ ငါ့ကို ဘာလို့ အဲ့လိုကြီး ကြည့်နေတာလဲ" ယွီဖန်ရှင်းသည် ပိုင်ဝမ်တို့နှစ်ယောက်အားမျက်မှောင်ကြုတ်၍ ဘုကြည့်ကြည့်ကာ မေးလိုက်ပြီးလျှင် မျက်လုံးက ဘေးနားက ပန်းသီးဆီသို့ရောက်သွားပေသည်။
ကျားယောင်နှင့်ပိုင်ဝမ်သည် အတော်ပင် အံ့သြနေပေပြီ။ ထမင်းတစ်ဘူးလုံးကို စားပြီးသည်ထိ ပန်းသီးတစ်လုံးကို ထပ်စားရန် ကြံနေနိုင်ပေသေးသည်။
ကံကောင်းစွာနှင့်ပင် ဖန်ရှင်းသည် ပန်းသီးလေးကို နှစ်ချက်မျှကြည့်ပြီးသည့်နောက်တွင်ကား
"ငါတော်တော်ဗိုက်ပြည့်နေပြီ နေ့လယ်လောက်ကျမှဗိုက်ဆာရင် ထပ်စားကြတာပေါ့"
ကျိကျားယောင်နှင့် ပိုင်ဝမ်တို့နှစ်ဦးသာ ဘာမှမပြောခင်ပင် ဖန်ရှင်းသည် ထမင်းစားထိုင်ခုံမှ ဆက်ကနဲ ထကာ
"ဖြေးဖြေးချင်းစားခဲ့ကြ ငါ ထမင်းဘူးကို သွားဆေးလိုက်ဦးမယ်"
ဗိုက်ပြည့်ပြည့်ဖောင်းဖောင်းဖြင့် ထမင်းတစ်ဘူးလုံးကို စားပြီးသောကြောင့် ကော့ကော့,ကော့ကော့ပင် ထကာ သုတ်သုတ်ပျာပျာဖြင့် ထွက်သွားသော ဘော့စ်ပုံစံကိုကြည့်၍ နှစ်ယောက်သား ပါးစပ်အဟောင်းသားနှင့်ပင် ကျန်ခဲ့ကြပေသည်။ အိမ်လုပ် ထမင်းဟင်းလျာကို စိမ်ပြေနပြေ စားပြီး ပန်းသီးတစ်လုံးကိုပင် ထပ်စားရန် ယူသွားပေသည်ကား တစ်ခုခုတော့ တစ်ခုခုပင်။
ထူးဆန်းပေသည်။
အတော်ပင် ထူးဆန်းနေပေသည်။
ပိုင်ဝမ်သည် သူ့ဘေးနားတွင် ထိုင်နေသော ဒါရိုက်တာကျိကို လှမ်း၍ ကြည့်ကာ မေးလိုက်ပေသည်။
"ဒါရိုက်တာ အခုတလော ဘော့စ်က ထူးဆန်းနေတယ်လို့ ထင်တယ်မလား"
အတွေးထဲတွင် နစ်မျောနေသော တာဝန်ခံဒါရိုက်တာသည် ပိုင်ဝမ့်မေးခွန်းကို ကြားသည်နှင့်
"ဟုတ်တယ် ခုတလော သူတော်တော်ကို စိတ်ပျော်နေတာ။ တစ်ညလည်း ငါ့ကိုခေါ်ပြီးတော့ သူ့အိမ်ကိုလာသေးလား ဘာညာ မေးသေးတာ"
ထိုအကြောင်းကို ပြောလိုက်သည်နှင့်ကျိကျားယောင်သည် အလွန်ပင် ဒေါသထွက်လာကာ အံကိုကြိတ်၍
"အဲ့လိုမေးတော့ ငါလည်း ကိုယ့်ဟာကိုယ်တောင် မအားတာ သူ့အိမ်ကို ဘယ်လိုလုပ် သွားနိုင်မှာတုန်း"
ထို့အပြင် လမ်းခွဲပြီးကတည်းက ကျိကျားယောင် တစ်ယောက် သူမ၏ရည်းစားဟောင်းနေသည့် အိမ်သို့ ခြေတစ်ဖဝါးမှ မချခဲ့ပေ။
"ဟုတ်ပါတယ်လေ" ပိုင်ဝမ်သည် ရုတ်တရက် တစ်ခုခုကို သတိရသွားသောကြောင့် ချက်ချင်းပင် "သိပြီ"
ပိုင်ဝမ်သည် ချိန်ကိုက်ဗုံးကို ဖောက်ခွဲလိုက်သည့်ပမာ ကျားယောင်ကို ပြောပြလိုက်သည်ကား ယွီဖန်ရှင်းကိုအခုတလောတွင် ကောင်မလေးတစ်ယောက် မြှူဆွယ်နေသည်ဖြစ်ပြီ ဖန်ရှင်း ကိုယ်တိုင်သည်လည်း ထိုကောင်မလေးနှင့် အဆက်အသွယ်ရှိသည် ဟူသည့်ထင်ကြေးလော အတည်လောကို မသဲကွဲအောင် ပြောလိုက်သောကြောင့်ပင် ကျိကျားယောင်၏ချိန်ကိုက်ဗုံးသည် အချိန်မှန်ပင် ထပေါက်ကွဲသွားပေသည်။
ကျားယောင်က တစ်ခုခုကို စိတ်တိုသွားသောအသံဖြင့် "နင် ဘာတွေ သိသေးလဲ"
ပိုင်ဝမ်သည် ရယ်ရယ်မောမောဖြင့် "ဘာမှ မဟုတ်ပါဘူး။ လုပ်စရာကိစ္စလေးတွေ မပြင်ဆင်ရသေးဘူး။ ငါ စားလို့ပြီးတော့မှာမို့ နေ့လယ်ကျရင် သေချာ စုံစမ်းလိုက်မယ်"
"အင်း" ဒါရိုက်တာတွင်ကား လုပ်စရာအလုပ်များစွာရှိသည့်အတွက်ပင် ရည်းစားဟောင်းကိစ္စများကိုအသေအချာ မတွေးနိုင်သေးပဲ အလုပ်ကိုသာဦးစားပေးရမည်ဖြစ်သည်။
နောက်နှစ်ရက် သုံးရက်ထိတိုင် စုရှင်းချန်သည် တစ်နေကုန်လုံး ပါးစပ်လေးပေါက်အတွက်ချက်ပြုတ်ရပေသည်။ ခွေးလေးများနှင့်သူ့အတွက်ကား တစ်ခါပြင်လျှင် တစ်ပန်းကန်နီးပါး စားသော်လည်း အိမ်ပိုင်ရှင်အတွက်ကိုကား တစ်ခါပြင်ပေးလျှင် နှစ်ပန်းကန်စာ ပြင်ပေးရပေသည်။
ထို့ကြောင့်ပင် တစ်နေ့တစ်နေ့ စားစရိတ်သည်ကား နည်းလှသည် မဟုတ်ပေ။
စုရှင်းချန်သည် ထိုနေ့က ပြောခဲ့မိသည့်စကားကိုပြန်ရုပ်သိမ်းရမလိုပင် ဖြစ်နေပေပြီ။ သူတစ်ခွက်စားလျှင် အိမ်ပိုင်ရှင်အတွက် တစ်ခွက်ကျွေးကိုကျွေးမည်ဟု ပြောဆိုခဲ့သည်ကား လက်တွေ့တွင် သူကိုယ်တိုင် စရိတ်အလွန်ပင်ထောင်းနေပေပြီ။ ထို့အပြင် တစ်ဖက်လူသည်လည်း ဆင်းရဲနွမ်းပါးသည့်သူတစ်ယောက် မဟုတ်သည့်အတွက် ဤသို့စကားကိုဆိုခဲ့သည်ကားလည်း အနည်းငယ် ရှက်မိပေသည်။
ရက်အနည်းငယ်ကပင် စုရှင်းချန်သည် ခြံဝင်းတစ်ဝိုက်တွင် အပင်များကို စိုက်ပျိုးပြီးစီးနေပြီဖြစ်သဖြင့် ရေလောင်းပေါင်းသင်ကာ ကာဗွန်မှုန့်များမြေဆီလွှာအတွက် ကောင်းမွန်သည့် ကြက်ချေးများနှင့် အပင်များထပ်စိုက်ရန်အတွက် သစ်စေ့များကိုဝယ်လာခဲ့ပေသည်။
"ဦးလေးနျူ"
ဒီမနက်တွင်ကား စုရှင်းချန်သည် ဦးလေးနျူ၏အိမ်သို့ သုံးဘီးလေးဖြင့် ထွက်ခဲ့ပြီး ခြံရှေ့တွင်ရပ်ကာ တစ်ယောက်တည်းသမားကြီးအား
"ဦးလေး ဘာမှာစရာရှိသေးလဲ ခင်ဗျ ကျွန်တော် မြို့ထဲသွားမလို့"
ဦးလေးနျူတစ်ယောက် ရုန်းကန်ရသည့် ဘဝကားမလွယ်ကူလှပေ။ တစ်ယောက်တည်းသမားဖြစ်သည့်အပြင် နေ့တိုင်းလိုလို စားစရာသောက်စရာများကို မြို့တက်ဝယ်နိုင်ရန်နှင့် ငွေကြေးကလည်း စကားပြောသောကြောင့်ပင် စုရှင်းချန်သည် ကြီးကြီးမားမား မဝယ်ပေးနိုင်သည်ဆိုဦးတော့ ဦးလေးအတွက် အသီးနှင့်စားဖွယ်ရာများကို မြို့ကိုသွားတိုင်း ဝယ်လာပေးပေသည်။
စုရှင်းချန်၏အော်ခေါ်သံကို ကြားသည်နှင့် တစ်ယောက်တည်းသမားကြီးသည် အိမ်ရှေ့သို့ထွက်လာကာ ပြုံးပြုံးဖြင့် စုရှင်းချန်ကိုကြည့်၍
"ကျေးဇူးပါကွယ် လူလေးရယ်။ အဲ့ဒါဆို ဦးလေးကို (၃၀) ကီလိုဂရမ် ဆန်တစ်အိတ်၊ ၁၀ ကီလိုဂရမ် ဂျုံမှုန့်တစ်အိတ်နဲ့ ဆားနှစ်ထုပ်လောက် ဝယ်ခဲ့ပါနော်။"
ဦးလေးနျူမှာသည်များကို စုရှင်းချန်သည် စိတ်ထဲတွင် မှတ်ထားလိုက်ပေသည်။
ဦးလေးနျူသည် စုရှင်းချန်အား ကြည့်ကာ "လူလေးရဲ့ ပရိဘောဂတွေက ပစ္စည်းတွေကို ဦးလေးပြင်ဆင်နေတုန်းမို့ မနက်ဖြန်လောက်မှ စလုပ်ဖြစ်မှာ"
"ရပါတယ် ဦးလေး ဖြေးဖြေးသာလုပ်။ အေးဆေးမှ ရလည်း ဖြစ်တယ်ခင်ဗျ"
ဦးလေးနျူသည် ခေါင်းကိုညိတ်ကာ အိတ်ကပ်ထဲမှ ပိုက်ဆံတစ်ထုပ်ကို ထုတ်၍
"ရော့ လူလေးဆန်နဲ့ ဂျုံမုန့်ဖိုး"
စုရှင်းချန်သည် လက်တန့်သွားကာ ဦးလေးနျူပေးသည်ကို အလျင်အမြန်ပင် လက်ခါ၍
"မလိုပါဘူးဦးရဲ့ ပရိဘောဂဖိုးလည်း ပေးရဦးမှာပါဦးလေးရဲ့ မပေးပါနဲ့"
ဦးလေးနျူသည် စုရှင်းချန် ပြောစကားကို လုံးဝ နားမထောင်သောကြောင့် မဖြစ်နိုင်သည့်အဆုံးမှ လက်ခံလိုက်ရပေသည်။
"သွားတော့မယ်နော် ဦးလေး"
ဦးလေးနျူသည် စုရှင်းချန် သုံးဘီးဆိုင်ကယ်လေးဖြင့် ထွက်သွားသည်ကိုကြည့်ကာ မျက်ရည်လေးတဝဲဝဲဖြင့် ရင်ထဲတွင် အတော်ပင် နွေးထွေးမှုကိုခံစားရသောကြောင့် တပြုံးပြုံးနှင့်ပင် ကြည်နူးပီတိဖြစ်နေရပေသည်။
"ဒီကလေးကတော့ တကယ်ကို လူကောင်းလေးပါလားကွယ်..."
လူလေးသည် ချောမောရုံတင်မက အလွန်ပင် စိတ်ကောင်းရှိသူတစ်ဦး ဖြစ်ပေသည်။
စုရှင်းချန် မြို့မှပြန်ရောက်လာသောအချိန်သည် နေမွန်းတည့်ချိန် ဖြစ်နေပြီဖြစ်ပြီး ဦးလေးနျူမှာသမျှကို သေသေချာချာ ဝယ်လာခဲ့ပေသည်။ ထိုမျှသာမက ဦးလေးနျူစားဖို့အတွက် အသီးနှင့်အအေးဖျော်ရည်များကို လက်ဆောင်အဖြစ် ဝယ်လာခဲ့ပြီး တောင်ပေါ်သို့တက်ရန် လိုအပ်သည်များကို ဦးလေးနျူထံ မေးလိုက်ပေသည်။
"လူလေးက တောင်ပေါ်ကို သွားမလို့လားကွဲ့" ဦးလေးနျူသည် အလွန်ပင် အံ့အားသင့်သွားကာ သဘောမတူသည့်ပုံစံဖြင့်
"တောင်ပေါ်က အန္တရာယ်များတယ်ကွဲ့ မသွားပါနဲ့ကလေးရယ်"
"ဝက်ဝံတွေ ရှိလို့လား ဦးလေး"
"အဲ့လိုမဟုတ်ဘူးကွဲ့" ဦးလေးနျူသည် ပြောနေလက်စကို ရပ်ကာ စုရှင်းချန်၏ ခေါင်းမှခြေအဆုံးကြည့်လိုက်ပေသည်။ ဒီကလေးသည် ဤမြို့သို့ရောက်သည်မှာ သိပ်မကြာသေးပေ။ ထို့ပြင် ပိန်ပိန်ပါးပါးနှင့် သေချာပေါက်ပင် ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
"လူလေးကို တိုတိုနဲ့လိုရင်းပဲ ပြောပြလိုက်မယ်။ တောင်ပေါ်ရောက်ရင်လေ ဟိုဟိုဒီဒီ သိပ်ပြီးအတတ်ဆန်းပြီး မသွားနဲ့။ ပြီးတော့ မြစ်နားကိုလည်း မသွားနဲ့ကြားလား။ တစ်ခုခုဆို ပြေးသာပြေး"
စုရှင်းချန်သည် ဦးလေးနျူ စိတ်ပူပန်နေသည်ကိုနားလည်သောကြောင့် ပြုံးပြုံးဖြင့်
"ဟုတ်ကဲပါဗျ။ ဦးလေးစကားကို နားထောင်ပါ့မယ်"
ဦးလေးနျူကို မစိုးရိမ်စေချင်သောကြောင့် ဆက်မပြောပဲ ထွက်ခဲ့ပေသည်။
မြို့ကိုသွားသောအချိန်တွင် စုရှင်းချန်သည် အစေ့များနှင့်ပျိုးပင်များကို ဝယ်ယူခဲ့ပေသည်။
အိမ်သို့ ညနေခင်းပြန်ရောက်ပါက အစေ့ပျိုးမည်ဖြစ်သောကြောင့်ပင် ရေသေချာစိမ်ထားကာ နောက်တစ်နေ့မနက်မိုးလင်းသည်အထိ ထားပါက အပင်စိုက်ဖို့ရန် သင့်တော်ပေမည်။
ကျန်ခဲ့သည့်အပတ်က Live သည် မြေကြီးကိုတူးဆွနေခြင်းဖြစ်သည့်အတွက် တောင်အောက်တွင်သာအလုပ်လုပ်ခဲ့သည် ဖြစ်သောကြောင့်ပင် ပျင်းလာသောကြောင့် ဆက်၍ မလွှင့်ခဲ့ခြင်း ဖြစ်ပေသည်။
ယနေ့တွင်ကား ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးခြင်းသည် ကောင်းမွန်သည့် ပရောဂျက်တစ်ခု ဖြစ်ပေလိမ့်မည်။
ထို့ကြောင့်ပင် Live လွှင့်ရန် ပြင်ဆင်လိုက်ပေသည်။
"အားလုံးပဲ မင်္ဂလာနေ့လယ်ခင်းလေးပါခင်ဗျာ။ ကြယ်တွေကို လက်ဗလာနဲ့ယူမယ်ဆိုတဲ့ Live လေးကနေ ပြန်လည် ကြိုဆိုပါတယ်။ ဒီနေ့မှာတော့ကျွန်တော် ထုတ်လွှင့်မှာကတော့ ဟင်းသီးဟင်းရွက် စိုက်ပျိုးနည်းကို ပရိသတ်ကြီးကို ဝေမျှသွားမှာဖြစ်ပါတယ်"
စုရှင်းချန်သည် ဖုန်းကိုဖွင့်ကာ ကင်မရာကို ခေါင်းညိတ်ပြ၍ ထို့နောက်တွင်ကား အသီးအရွက်စိုက်ရန် အစေ့များကိုယူကာ ကြည့်ရှုသူများကို အစေ့တစ်ခုချင်းစီကို ပြောပြနေပေသည်။
"အာလုံးမြင်ကြတဲ့အတိုင်းပဲ ဒီခရမ်းနီရောင်အစေ့လေးကိုကျ ပန်းမပွင့်တဲ့အပင်လို့ ခေါ်တယ်။ ဒီအပင်လေးက တကယ်ကို စားလို့ကောင်းပြီးတော့ပရိသတ်ကြီးတို့ ရင်းနှီးနေပြီးသား အပင်ဆိုလည်း မမှားပါဘူး။ ဒီအစိမ်းရောင်အစေ့လေးက အရသာအားဖြင့်တော့ အနည်းငယ် ခါးပြီးတော့ နွေရာသီမှာဘဲဥလေးနဲ့ တွဲပြီး ချက်စားရင် တကယ်ကို အရသာတွေ့မှာအမှန်ပါပဲ။ ပရိသတ်ကြီးတို့ စားဖူးကြမယ်လို့ထင်ပါတယ်"
ထို့ပြင်ပဲပင် ငရုတ်သီးအပင်နှင့် သခွားချဉ်သီးမျိုးစုံကို စိုက်ပျိုးရန်အတွက်လည်း ပါလာခဲ့ပေသည်။