အပိုင်း (၂၁)
"အာ..." ဖုန်းပြောနေသည့်သူသည် ဤသို့မေးမည်ကိုသိသော်လည်း မလုံမလဲ ဖြစ်သောကြောင့်
"ဒါရိုက်တာ သူ့ကို တိုက်ရိုက်ဆက်သွယ်နိုင်မဲ့ ဖုန်းနံပါတ်တို့ ဘာတို့ မရှိပါဘူးဗျ ဒါပေမဲ့ ဒါရိုက်တာလိုချင်တယ်ဆိုရင်တော့ ချက်ချင်း သူနဲ့တွေ့ရအောင် လုပ်ပေးနိုင်ပါတယ်ခင်ဗျ"
ဟန်မူယွမ် တစ်ဖက်လူမှ ဖျောင်းဖျပြောဆိုမည်ကို ယုံကြည်လိမ့်မည်ဟု မည်သည့်အခါမှ မတွေးမိပေ။
ဒါရိုက်တာထံမှ ခွင့်ပြုချက်ကိုရသောအခါ ချက်ချင်းပင် ကျောက်ဆူးကောင်လေးအား မက်ဆေ့ဂျ်ပေးပို့လိုက်ပေသည်။
သို့သော်လည်း စုရှင်းချန်ဆီသို့ မက်ဆေ့ဂျ်ပို့သူများသည် အတော် များပြားလှသည်ဖြစ်ရာ စုရှင်းချန်သည် ဖွင့်ဖတ်ကြည့်ဖို့ပင် အချိန်မရပေ။ ကံကောင်းထောက်မစွာဖြင့် ထိုလူသည် စုရှင်းချန်အား အချိန်တိုင်းလိုလိုပင် မက်ဆေ့ဂျ်ပို့ကာ မှိုနီလိုချင်သည်ဟု တဖွဖွပြော၍ သူ၏နေမကောင်းသည့်အဘိုးတစ်ယောက်အတွက် လိုချင်နေသည်ဟုပင် ထပ်လောင်းပြောပေသေးသည်။
ထိုအချိန်ထိ စုရှင်းချန်သည် တစ်ဖက်လူကို ယုံကြည့်ရမည်လောဟု အနည်းငယ် တွန့်ဆုတ်နေပေသေးသည်။
စုရှင်းချန်အား ဆွယ်ရန်အတွက် တစ်ဖက်လူသည်
“ညီလေး အကို့ရဲ့အဘိုးတစ်ယောက် နာမကျန်းဖြစ်နေလို့ပါ။ သူက နိုင်ငံအတွက်လည်း အများကြီးအကျိုးပြုတဲ့သူပါကွယ်။ အခု သူ့ခန္ဓာကိုယ်ထဲမှာ မကျန်းမမာဖြစ်စေတဲ့ အရာတစ်ခုကို ခံစားနေရလို့နားလည်ပေးပြီး မှိုလေးရောင်းပေးနိုင်မလား”
စုရှင်းချန်သည် တစ်ဖက်လူက အသေအချာ ပြောဆိုရှင်းပြသည့်အတွက်ကြောင့် စိတ်အားထက်သန်စွာဖြင့် မက်ဆေ့ဂျ်ကိုဖတ်ပြီးနောက် ချက်ချင်းဆိုသလို
“ဟုတ်ပြီ အဲတာသာ အမှန်ဆို ကျွန်တော် ပေးပါ့မယ်။ ပိုက်ဆံတော့ မယူပါဘူး”
“ပိုက်ဆံ မယူဘူးလား”
"ဟုတ် ပိုက်ဆံမယူပါဘူး။ ဒါက!ကျွန်တော့်ဖုန်းနံပါတ်ပါ။ အေးအေးဆေးဆေး အကြောင်းစုံပြောကြတာပေါ့”
အနီရောင်မှိုပန်းပွင့်သည်ကား အလွန် တန်ဖိုးကြီးလှသောကြောင့် စုရှင်းချန်သည် ဤကိစ္စကို မှန်သည်မှားသည် သေချာ ဆုံးဖြတ်ချက်ချရမည်ဖြစ်သည်။
မကြာမီပင်...
ဟွမ် ဟူသော မိသားစုနာမည်တစ်ခုဖြင့် လူကြီးလူကောင်းတစ်ယောက်၏ ဖုန်းနံပါတ်သည် စုရှင်းချန်ဖုန်းပေါ်တွင် ပေါ်လာပေသည်။ နှစ်ဦးသားမိနစ်နှစ်ဆယ်ကြာ စကားပြောကြပေသည်။
စုရှင်းချန်သည် လူကြီးလူကောင်းပီသသည့် သူ၏အသံနေအသံထားကို နားထောင်လိုက်သောအခါ ပေကျင်းကမှန်း သိလိုက်ရပေသည်။
“ပေကျင်းကလား ခင်ဗျ” စုရှင်းချန်သည် တစ်ဖက်လူကို မေးလိုက်ကာ “ကျွန်တော်လည်း ပေကျင်းမှာ ကြီးပြင်းခဲ့တာဗျ”
မစ္စတာ ဟွမ် သည် ပြုံးပြုံးဖြင့် “သိပါတယ် ခင်ဗျာ။ ညီလေးရဲ့အသံနေအသံထားက သိသာနေတာဆိုတော့”
စုရှင်းချန်သည် ဆက်လက်၍ “ဒါပေမဲ့ ကျွန်တော်ကအခု မွေးရပ်မြေကို ရောက်နေတာ ပြီးတော့ ဒီကိုရောက်တာလည်း ရက်နှစ်ဆယ်လောက်ပဲ ရှိသေးတော့။ မဟုတ်ရင် ပေကျင်းကိုလာပြီးတော့ မှိုပွင့်ကိုလာပေးဖြစ်အောင် ပေးမှာပေါ့ဗျာ”
မစ္စတာ ဟွမ် သည် စုရှင်းချန်တစ်ယောက် ဤမျှစိတ်အားထက်သန်နေပုံကိုကြည့်ကာ အံ့အားသင့်နေခဲ့ပေသည်။
“အိုကေ မင်း ဘယ်အချိန်လာမလဲဆိုတာကို ပြောလေ။“
စုရှင်းချန်သည် နှုတ်ခမ်းလေးကိုစူကာ မသေချာသောကြောင့်ပင် ခဏမျှတွေးတောနေပြီး “ဒီအပတ်လောက် ဖြစ်လောက်မယ်ထင်တယ်။ လုပ်စရာလေးတွေလည်း ရှိသေးတော့ ထွက်လာဖြစ်ရင်ဖုန်းဆက်လိုက်ပါ့မယ်”
မစ္စတာ ဟွမ် : "ဟုတ်ပါပြီ”
မစ္စတာ ဟွမ် သည် စုရှင်းချန်ဖုန်းကို ချပြီးနောက်တွင် ချက်ချင်းပင် ဒါရိုက်တာဟန်မူယွမ်ကိုခေါ်လိုက်ပြီးလျှင်
“ဒါရိုက်တာခင်ဗျ၊ မှိုပွင့်ကိုရောင်းတဲ့သူနဲ့ ဆက်သွယ်ပြီးသွားပေမယ့် သူပြောတာက...”
တွန့်ဆုတ်ဆုတ်နှင့် ဖြစ်နေသော ဟွမ် ၏အသံကိုနားထောင်၍ ဒါရိုက်တာဟန်သည် စိတ်မရှည်တော့သောကြောင့်
“သူ ဘာပြောတာလဲ မင်းကို မရောင်းနိုင်ဘူးဘာညာ ပြောလိုက်လို့လား”
မစ္စတာ ဟွမ် သည် ထိုစကားကိုကြားသည်နှင့်
“မဟုတ်ပါဘူးဗျာ အဲ့လိုပြောတာ မဟုတ်ပါဘူး”
ဒါရိုက်တာဟန်တစ်ယောက် ရိုးသားသည့် စုရှင်းချန်အပေါ် အထင်မြင်လွဲမည်ကို စိုးရိမ်သည့်အတွက် ဒီထပ်ဆိုးသည့် စကားသံများကို မကြားရခင်ပင် ချက်ချင်း ငြင်းဆန်လိုက်ပေသည်။
“ရောင်းတဲ့ကောင်လေးက ငယ်ငယ်ပဲရှိသေးတာခင်ဗျ။ ရောဂါ မမာမကျန်းဖြစ်နေတဲ့အဘိုးက ဂျပန်နိုင်ငံတော်လှန်ရေးမှာလည်း ပါဝင်ဖူးပြီးတယ်လို့တောင် မပြောလိုက်ရဘူး တိုင်းပြည်အတွက် အကျိုးပြုခဲ့တဲ့လူလို့ပဲ ပြောရသေးတယ် ချက်ချင်းကို တန်းပြီးတော့ ရောင်းတာ။ ပြီးတော့...”
မစ္စတာ ဟွမ် သည် ထပ်မံ၍ ပြောရမည့်စကားကို တစ်ဆက်တည်းမပြောပဲ ခဏရပ်နေလိုက်ပြန်သည်။
“ပြီးတော့ ဘာဖြစ်တုန်း...” ဒါရိုက်တာဟန်တစ်ယောက် စိတ်မရှည်တော့ပေ။
“သူက ပိုက်ဆံမယူဘူးတဲ့။ ပြီးတော့ ဒီအပတ်ကျရင် သူကိုယ်တိုင် အဘိုးဆီကို မှိုနီပွင့် လာပို့လိုက်မယ်လို့ ပြောတယ်”
“မင်းက ငါ့အဘိုးရဲ့ကိုယ်ရေးအချက်အလက်တွေကို ပြောပြလိုက်တာလား” ဟန်မူယွမ်သည် အေးစက်သော စကားများဖြင့် မေးလိုက်ပေသည်။
“မဟုတ်ပါဘူး မဟုတ်ပါဘူး။ ရောင်းတဲ့ကောင်လေးကလည်း အရင်တုန်းက ပေကျင်းမှာ နေဖူးတဲ့သူလေ။ အခုက သူ့ရဲ့မွေးရပ်မြေကို ရောက်နေတာဆိုတော့ သူကိုယ်တိုင် မှိုပွင့်ကို လာပို့ချင်တယ်ဆိုလို့ပါ”
ထို့နောက် ဒါရိုက်တာဟန် ထပ်မံ ယုံကြည်သွားအောင်ပင်
“ကျွန်တော် ဘာမှ မပြောခဲ့ရပါဘူးဗျာ”
ဒါရိုက်တာဟန်သည် ခဏမျှတွေးတောနေပြီးနောက်တွင်ကား ရောင်းသူ၏ဖုန်းနံပါတ်ကိုတောင်း၍
“ငါကိုယ်တိုင် သူ့ကို သေချာ မေးကြည့်လိုက်မယ်”
စုရှင်းချန်၏ဖုန်းသည် ထပ်မံ၍ မြည်လာပြန်သည်။
မီးဖိုချောင်ထဲတွင် ချက်ပြုတ်နေသည့်အတွက် ဖုန်းကို သေချာမကိုင်နိုင်သောကြောင့် စပီကာကိုဖွင့်ကာ ဘေးနားတွင် တင်ထား၍ ဟင်းသီးဟင်းရွက်များကိုလှီးဖြတ်နေပေသည်။
“ဘယ်သူလဲ ခင်ဗျ”
“...”
စုရှင်းချန်သည် ပြန်ဖြေသံမကြားရသောကြောင့် “ဟယ်လို”
ဒါရိုက်တာဟန်သည် မစ္စတာ ဟွမ် ရောင်းသူကို လူငယ်တစ်ယောက်ဟု ဆိုခြင်းကား အဘယ်ကြောင့်နည်းဆိုသည်ကို သိသွားပေပြီ။
အသံသည် အလွန်ပင် နူးညံ့ပျော့ပျောင်းလွန်းသည့်အတွက် ကြားရသည်မှာ နားဝင်ချိုလှပေသည်။
အမှန်တိုင်းပြောရမည်ကား ထိုအသံသည် ဒါရိုက်တာဟန်၏ ရည်းစားဟောင်းကောင်လေးထပ် ပို၍ နားဝင်ချိုပေသည်။
စုရှင်းချန်သည် တစ်ဖက်လူ၏တုံ့ပြန်မှုကို မရသောကြောင့် လျစ်လျူရှုထားလိုက်သည်ကား သူ့ဘက်ကစခေါ်သည်မဟုတ်သောကြောင့် ပိုက်ဆံကုန်စရာမလိုပေ။
စုရှင်းချန်သည် ဟင်းသီးဟင်းရွက်များကိုလှီးဖြတ်နေပြန်ပေသည်။
“ဟယ်လို" တစ်ဖက်မှလူသည် တိုးညှင်းသောအသံဖြင့် “ကျွန်တော်က ဒီနေ့ မှိုနီပွင့်ကို ဝယ်မယ့်သူပါ။ ကျွန်တော့်ရဲ့လက်ထောက်ကို ဒီနေ့ဆက်ခိုင်းခဲ့တာမှန်ပေမဲ့ ကျွန်တော်ကိုယ်တိုင် မင်းကိုမေးစရာလေးရှိလို့ ဖြေပေးလို့ရမလားခင်ဗျ”
စုရှင်းချန်သည် လှီးဖြတ်နေရာမှ ရပ်သွားကာ
“အာ... ကျွန်တော် သေချာမကြားရလို့ပါခင်ဗျ။ ဘာပြောလိုက်တာလဲ မသိဘူး”
ဒါရိုက်တာဟန်သည် စိတ်ရှည်ရှည်နှင့်ပင် ထပ်မံ၍ ပြောလိုက်ပေသည်။
ထို့နောက်တွင် “မစ္စတာ ဟွမ် ပြောတာ မင်းက ပိုက်ဆံမယူဘူးဆိုတော့ ဘာလိုချင်လို့လဲ ခင်ဗျ”
စုရှင်းချန်သည် ခဏမျှရပ်တန့်သွားပြီးနောက်တွင်ကား တိုးညှင်းသောအသံလေးဖြင့်
“ခင်ဗျား ဘာမဆို လုပ်ပေးနိုင်လို့လား”
တစ်ဖက်လူသည် စုရှင်းချန်မှ ပိုက်ဆံမယူသောကြောင့် ထူးဆန်းနေသည်ဟု ထင်လိုက်သည်မှာ အမှန်ပင်။ တစ်ခုခုကို ရချင်သောကြောင့် ဤသို့လုပ်ခြင်း ဖြစ်နိုင်ပေသည်။ လူသားတိုင်း အမြဲဒီလိုချည်းပင်။
“မင်းပြောကြည့်ပေါ့”
ဒါရိုက်တာဟန်သည် တစ်ဖက်လူလိုချင်သည့်အရာကို စောင့်၍ နားထောင်နေပေသည်။
စုရှင်းချန်သည် မည်သည်ကိုမျှ လိုချင်စိတ်မရှိပေ။ အကယ်၍ သူဘာမျှမလိုချင်ဘူးဟု ပြောလိုက်ပါကတစ်ဖက်လူသည် စိတ်မကောင်းဖြစ်မည်ကိုစိုးရိမ်သောကြောင့်ပင်
“ကျွန်တော် ဘိုးဘိုးနဲ့ ညစာအတူတူစားလို့ရမလားခင်ဗျ”
ဟန်မူယွမ်သည် ဖုန်းကို နှစ်ခါသုံးခါလောက်ပြန်ကြည့်ကာ သူကြားခဲ့သည်မှာ မှားယွင်းနေသည်လားဟူ၍ပင် တွေးမိရလောက်အောင်ပင်
“မင်း ဘာပြောလိုက်တာလဲ”
စုရှင်းချန်သည် ထပ်မံ၍ “ကျွန်တော် ခင်ဗျားရဲ့ဘိုးဘိုးနဲ့ ထမင်းအတူတူ စားဖူးချင်လို့ပါ”
“...”
ယုံချင်စရာမကောင်းလှပေ။
“တကယ်ပြောတာပါ” စုရှင်းချန်သည် တစ်ဖက်လူမည်သို့ဖြစ်နေမည်ကို သိသောကြောင့်ပင်။ သူ၏တောင်းဆိုမှုသည် ယုံကြည်စရာ မကောင်းလှသောကြောင့် သေချာပေါက် တစ်ဖက်လူ ဆွံ့အနေမည်ကို နားလည်ပေသည်။ သို့သော်လည်း မစောတော့သည့်အချိန်ကြောင့်
“ကျွန်တော် ညစာပြင်ဆင်ရမှာမို့ မစ္စတာဟန် ခင်ဗျကျွန်တော်တို့ တစ်ရက်ရက်မှ အေးဆေး ပြန်ဆွေးနွေးကြတာပေါ့”
“အင်း” ဒါရိုက်တာဟန်သည် စကားကိုဤနေရာတွင်ပင် ဖြတ်ချလိုက်၍ “နောက်နေ့မှ ဆက်ပြောကြတာပေါ့”
စုရှင်းချန်၏အသံသည် အလွန်ပင် ရိုးသားဖြူစင်သောကြောင့် မည်သူမဆို ကြားသည့်သူတိုင်းအသေအချာကို ကြည်နူးမည်မိမှာ အမှန်ပင်။
သို့သော်လည်း စုရှင်းချန်သည် ညစာကို ပြင်ဆင်ပြီးသည့်နောက်တွင် ထမင်းဘူးထဲသို့ သေသေသပ်သပ် ထည့်၍ မှတ်စုတိုလေးတစ်ခုကို ထည့်ပေးလိုက်သည်။
“မင်းက ဝလွန်းလို့ များများစားသင့်တယ်”
ယွီဖန်ရှင်းသည် ပျင်းရိနေသောကြောင့် အားကစားမလုပ်ချင်ပဲ ဖြစ်နေပေသည်။ အလုပ်ပြီးသွားသည့်အချိန်တွင် စာကြည့်ခန်းအတွင်းတွင် ထိုင်နေကာ ခဏမျှ ဂိမ်းဆော့နေပေသည်။ ထို့နောက်တွင် ထမင်းစားခန်းအတွင်းသို့ ဝင်သွားကာ အစားစားရန် ပြန်ဆင်လိုက်ပေတော့သည်။
ထမင်းဘူးကိုဖွင့်တော့မည်အလုပ်တွင် ဘေးနားရှိမှတ်စုတိုလေးကို တွေ့သောကြောင့် မျက်လုံးထဲတွင် အရောင်တလက်လက်ဖြစ်လာကာ မှတ်စုစာရွက်ကိုချက်ချင်းယူ၍ ဖွင့်ဖတ်လိုက်ပေသည်။
ဤမိန်းကလေးသည် သေချာပေါက် လက်ရေးလှသောသူ ဖြစ်ရမည်။ ဝါးပေပရိုက်လို ပုံစံမျိုးကိုအသုံးပြုထားခြင်းကား ယွီဖန်ရှင်းအဖို့ ထိုမိန်းကလေးသည် တောမြေတစ်ခုတွင် ကြီးပြင်းလာသည့်သူတစ်ယောက်ဖြစ်ရမည်ဟု ထင်လိုက်ပေသည်။
“မင်း...”ဟူ၍အစပြုကာ စာလုံးတစ်လုံးချင်းစီကိုသေချာစွာဖတ်ပြီးသည့်နောက်တွင်ကား ယွီဖန်ရှင်း တစ်နေရာအရောက်တွင် လုံးဝ ကြောင်စီစီဖြစ်သွားရပေသည်။
“ဝတယ်”
ဥက္ကဌယူတစ်ယောက် မှတ်စုစာရွက်လေးကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာရေချိုးခန်းအတွင်းသို့ ပြေးဝင်သွား၍ မှန်ရှေ့တွင် သွားရပ်လိုက်ပေသည်။
“ဝတယ်...။ ဘယ်နားက ဝနေလို့တုန်းးး”
သုံးမိနစ်ကြာပြီးနောက် မနေနိုင်သည့်အဆုံးတွင် အတွင်းရေးမှူးပိုင်ဝမ်ကို ဖုန်းခေါ်၍
“ပိုင်ဝမ် မင်း ငါ့ကို ဝတယ်လို့ ထင်လား”
ပိုင်ဝမ်သည် စဉ်းစားသွားရပေပြီ။ ဤမေးခွန်းသည် အတည်ကြီးနှင့် အသေအချာကိုမေးသည့်လေသံမျိုးဖြစ်နေပေပြီ။ ပြန်မဖြေရသေးခင် ဖုန်းထဲသို့ဓာတ်ပုံတစ်ပုံရောက်လာပြီးး ဖွင့်ကြည့်လိုက်တာဘော့စ်၏အပေါ်ပိုင်းပုံကို ရိုက်ပြထားပေသည်။
“အဲ့ပုံကိုကြည့်ပြီး ငါ့ကိုဝလား ပိန်လား သေချာပြောစမ်း”
ပိုင်ဝမ်သည် ဓာတ်ပုံကို သေချာ ကြည့်လိုက်ပေသည်။ သူ့ဘော့စ်ကို မသိဘူးလေဟု ဖြေလိုက်လျှင်ကားလည်း အဆင်မပြေပေ။ ထို့ကြောင့်သေချာစွာကြည့်ရင်းကြည့်ရင်းနှင့် ဘော့စ်၏ပါးပြင်ကို ပထမဆုံး အကြည့်ရောက်သွားပေသည်။ ပါးပြင်သည် တဖြေးဖြေးဖောင်းကားလာပြီ ဖြစ်ပြီး မျက်နှာသည် အနည်းငယ် ဖောင်းအစ်လာနေသည်ကို သတိထားမိပေသည်။ ခန္ဓာကိုယ်ပိုင်းအရ လေ့ကျင်းခန်းလုပ်နေသည့်သူအဖို့ မသိသာသော်လည်း မျက်နှာသည် အလွန် သိသာပေသည်။
ထို့ကြောင့် ပိုင်ဝမ်သည် မဆိုင်းမတွပင် “ဝလာတယ်”
“...”
ဖုန်းကို ဆက်ခနဲ ချလိုက်ပေသည်။ ပိုင်ဝမ်တစ်ယောက် မှားပြောမိသည်လားဟူ၍ ကျောမလုံဖြစ်နေရပေပြီ။
ယွီဖန်ရှင်း ညစာ စားပြီးနောက်တွင်ကား မနေနိုင်သည့်အဆုံးတွင်ပျင်းရိမနေတော့ပဲနှင့် လေ့ကျင့်ခန်းကို အားကြိုးမာန်တက်လုပ်သည့်အပြင် တစ်နာရီပင် ပို၍ကစားလိုက်သေးသည်။ ဝလာတယ်… မဖြစ်စေရဘူးးးးး။
စုရှင်းချန် အိမ်ပိုင်ရှင် ညကြီးအချိန်မတော် လေ့ကျင့်ခန်းလုပ်နေသည့်အတွက် အိပ်ရာမှ နိုးလာပေသည်။
“ဒီအချိန်ကြီး ဘာလို့ လေ့ကျင့်ခန်းတွေ ထလုပ်နေတာလဲဟ။ ပြီးမှ ဗိုက်ဆာရင် ငါပဲ ထပ်လုပ်ပေးနေရဦးမယ်၊ ဝတုတ်ကတော့”
နားမလည်နိုင်ပေ။
စုရှင်းချန်သည် ဂရုမစိုက်တော့ပေ။ အကယ်၍ ဗိုက်ဆာသည့်တိုင် ဒီအချိန်ကြီး ထမင်းဟင်း ထချက်ပေးရမည်ကား မဖြစ်နိုင်ပေ။ ထို့ပြင် အိမ်ပိုင်ရှင်အတွက် ဟင်းများများ ထည့်ပေးလိုက်ရသောကြောင့်ပင် သူကိုယ်တိုင်သည်လည်း ဒီညဗိုက်ဆာနေသောကြောင့် မလှုပ်မယှက်ပင် အိပ်နေခြင်းဖြစ်ပေသည်။
နောက်တစ်နေ့နံနက်တွင် စုရှင်းချန်တစ်ယောက်ဦးလေးနျူဆီသို့ကတိပေးထားသည့်အတိုင်းရောက်လာပေသည်။ ထို့နောက်တွင် ကျန်နေသေးသည့်ပရိဘောဂတချို့ကို ဦးလေးနျူနှင့်အတူတူမ,ကာ အိမ်သို့ အတူတူပြန်လာခဲ့ပေသည်။
အိမ်သို့ရောက်လျှင် စုရှင်းချန်သည် ဦးလေးနျူကိုတစ်ခုပြီးတစ်ခု မိတ်ဆက်ပေးပေသည်။
“ဦးလေးနျူ ဒါက ကျွန်တော့်အိမ်ပါ။ ဟိုနားမှာက သီးပင်စားပင် စိုက်ပျိုးထားတဲ့နေရာနဲ့။ ဟိုနားလေးမှာကကျ မြစ်ရှိပါတယ်။ ဒါလေးနှစ်ကောင်ကတော့ကျွန်တော့်ရဲ့ခွေးလေးနှစ်ကောင် ရှောင်ဝမ်နဲ့ရှောင်ပိုင်ပါ”
ဦးလေးနျူသည် ဘေးဘီသို့ကြည့်လိုက်သည်နှင့် သာယာသောတောတောင်ကြီးများနှင့် မြစ်ချောင်းများ ပတ်လည်ဝန်းရံထားသော ခြံကြီးအတွင်းတွင် ဆောက်လုပ်ထားသောအိမ်ကိုကြည့်ကာ အလွန် ပင်သဘောကျ၍ “ဒီအိမ်က တကယ့်ကို နေချင်စရာပဲ”
စုရှင်းချန်ကိုယ်တိုင်လည်း သူ၏အိမ်ကိုတခြားသောသူများ သဘောကျနေသည်ကိုမြင်၍ အလွန်ပင် ပျော်ရွှင်ရပေသည်။
မနက်ခင်းပိုင်းတစ်ခုလုံးတွင် ကုတင်ကို မ,တင်ကာ မွေ့ရာကိုတင်၍ ချက်ချင်းတန်းအိပ်လို့ရရန် လိုအပ်သည်များကို တစ်ခါတည်း ပြင်ဆင်နေပေသည်။
ဝါးဗီရိုကြီးတစ်ခုသည် အိပ်ခန်းတစ်ဖက်တွင် ချထားသည်ကို သတိထားမိလိုက်ပေသည်။
ဦးလေးနျူသည် စုရှင်းချန်နားသို့ ကပ်ကာ
“စားပွဲတစ်ခုကော ရှိသေးတယ်နော် ဟိုးဘက်မှာ။ ပြီးတော့ ထိုင်ခုံတွေကလည်း နှစ်ခုတောင်မှပါ့လား”
“မဟုတ်ပါဘူးဦလေး၊ ကျွန်တော်တစ်ယောက်တည်းနေတာပါ”
“ရပါတယ်ကွယ် ဦးလေးနျူက ဒီတိုင်းသိချင်ရုံပါ”
စုရှင်းချန်သည် ဦးလေးနျူကို ပြုံးပြုံးလေးကြည့်၍ ကျန်သောစကားများကို မပြောပြချင်တော့ပေ။ ထို့ကြောင့် စကားလမ်းကြောင်းလွှဲကာ
“ဦးလေး ကျွန်တော့်မှာ ဖန်အယောက် ခုနှစ်သိန်းတောင် ရနေပြီဗျ။ ကျွန်တော်ဦးလေးကို ပရိဘောဂတွေ ရောင်းဖို့အတွက် အကူအညီပေးနိုင်တယ်။ ဒါပေမဲ့ ကျွန်တော့်ကူညီဖို့ဆို ဦးလေးဘက်ကနေလည်း လိုအပ်တာလေးတွေ ဝယ်ရမယ်ဗျ။ အဲ့တာမှ ဦးလေး နောက်ပိုင်းရောင်းတဲ့အချိန်ကျရင် အခက်အခဲ မတွေ့တော့မှာပေါ့”
ဦးလေးနျူသည် စုရှင်းချန်စကားကိုကြား၍ ပျော်ရွှင်သည်မှန်သော်လည်း အနည်းငယ် စိတ်ညစ်ရသည်ကား ပိုက်ဆံမတတ်နိုင်သောကြောင့်ပင်။ ထို့ကြောင့်
“မသေချာသေးပါဘူးကွယ် ဦးလေးလည်း တတ်နိုင်သလောက်တော့ လုပ်ပေးပါ့မယ်”
“ဦးလေးနျူရာ ဘာမှမဖြစ်ပါဘူး ကျွန်တော်ကိုယ်တိုင် ဦးလေးကို ကူညီမှာပါ။ အဲ့ဒီအတွက်စိတ်မပူပါနဲ့ ကျွန်တော်ကိုယ်တိုင်ကူညီချင်လွန်းလို့ပါဦးလေးရယ် ကျွန်တော့်ကို ကူညီခွင့်ပေးမယ်မလား”
ဦးလေးနျူသည်လည်း ပြောမရတော့သည့်အဆုံးတွင် “ကောင်းပါပြီကွယ်”
ထို့နောက် စုရှင်းချန်သည် ဦးလေးနျူအတွက် အသီးအနှံ ဝယ်ပေးကာ စားစရာပြင်ဆင်ရန်အတွက် မီးဖိုချောင်အတွင်းသို့ဝင်သွားပေသည်။
ဦးလေးနျူသည် အိမ်အနှံ့ လိုက်လံကြည့်ရှုပြီးသည့်နောက်တွင် ဤအိမ်ကြီးထဲတွင် မီးမရသည်ကိုသတိထားမိသွားပေသည်။ ဤကလေး မီးမရှိပဲဘယ်လိုများ နေ,နေလဲမသိဘူး။
စားသောက်စရာများ တည်ခင်းပြီးသည့်နောက် စုရှင်းချန်သည် ဦးလေးနျူကိုခေါ်၍ ထမင်းဝိုင်းတွင် လက်ဆုံစားကြပေသည်။
စားသောက်ပြီးသည့်နောက်တွင် စုရှင်းချန်သည်ဦးလေးနျူကိုတစ်ခုခုပြောချင်နေသည့်ပုံစံဖြင့်ကြည့်နေသည်ကိုသတိထားမိသောကြောင့် ဦးလေးနျူက
“လူလေး ဘာပြောစရာရှိလို့လဲကွဲ့”
အနည်းငယ် တွန့်ဆုတ်နေသော်လည်း ကိုယ့်ဦးလေးတစ်ယောက်လို ဖြစ်နေပြီဖြစ်သောကြောင့်ပင် အားနာမှုကို ဘေးဖယ်ကာ
“ကျွန်တော် ပေကျင်းကို ခဏသွားစရာရှိလို့ အိမ်ကခွေးလေးနှစ်ကောင်ကို ခဏလောက်ကြည့်ပေးထားလို့ရမလားခင်ဗျ”
“ရပါတယ်ကွယ် ကြည့်ပေးထားရမှာပေါ့ကွဲ့” ဦးလေးနျူ ထင်သည်ကား ခက်ခဲသည့် အကူအညီကို တောင်းမည်ထင်လိုက်သော်လည်း ခွေးချစ်တတ်သူအဖို့ ဤအကူအညီသည်ကား အသေးစားလေးပင်။
အစားအသောက်များကို စားပြီးသည့်နောက် ဆေးကြောသန့်စင်ပြီး ကျန်သည့်အစားအစာတချို့ကို ရေခဲသေတ္တာအတွင်းသို့ထည့်ကာ ဦးလေးနျူအတွက် ဟင်းတချို့ကိုပါ ထည့်ပေးလိုက်သေးသည်။
မပြန်ခင်တွင် ဦးလေးနျူအား ပရိဘောဂကြေးထုတ်ပေးလိုက်ပြီး ထုံးစံအတိုင်းပင် နှစ်ယောက်သား မပေးနှင့်ပေးမည်ဟု အငြင်းပွားနေရင်း နောက်ဆုံးတွင် စုရှင်းချန် အနိုင်ရသွားသည့်တိုင် ဦးလေးနျူသည် ပိုက်ဆံ အနည်းငယ်ကို ပြန်ပေးခဲ့ပေသေးသည်။ ခေါင်းမာသော စုရှင်းချန်သည်လည်း မရမကပင်
“ဦးလေး ကျွန်တော် ခွေးလေးတွေလာခေါ်တဲ့နေ့ကျရင် ကျန်တဲ့ပိုက်ဆံကို ယူရမယ်နော်”
ထို့နောက်တွင် စုရှင်းချန်တစ်ယောက် ခွေးလေးနှစ်ကောင်ကို ထားခဲ့၍ သုံးဘီးလေးနှင့် ပြန်သွားပေသည်။
ဦးလေးနျူသည် ခွေးလေးနှစ်ကောင်ကို ကြည့်ကာ သခင်ပြန်သွားသည့်နောက်သို့ အကြည့်မခွာပဲဖြစ်နေကြသည်ကို တွေ့၍ ထိုကလေးသည် တိရစ္ဆာန်တောင်မှ ခင်တွယ်မှုကို ဖြစ်ပေါ်စေသော လူတစ်ယောက်ဟု တွေးလိုက်မိသည်။ ရိုးသားပြီး သဘောမနောကောင်းလှသည့် စုရှင်းချန်လေးကို ဦးလေးနျူ၏မျက်လုံးတွင် ကလေးတစ်ယောက်လို့သာမြင်၍ သံယောဇဉ်ပင် ဖြစ်မိနေပေပြီ။