အပိုင်း (၄)
ထပ်လောင်း၍ ပြောရမည့်ဆိုလျှင်ကား ယွီဖန်ရှင်း၏ အိမ်တံခါးနံပါတ်ကို အတွင်းရေးမှူးပိုင်ဖန်ပြီးလျှင် နောက်ထပ် သိသူမှာ ယွီဖန်ရှင်း၏ရည်စားဟောင်း ကျိကျားယောင်ပင် ဖြစ်သည်။
ဤထမင်းဘူးသည် ပိုင်ဝမ်ဆီက မဟုတ်ပါက အသေအချာပင် ရည်စားဟောင်းကောင်မလေးဆီက ဖြစ်ရမည်။
ဖုန်းထဲမှ ပိုင်ဝမ်၏စကားကိုကြားပြီးနောက် ယွီဖန်ရှင်း အနည်းငယ် စိတ်ရှုပ်သွားပေသည်။
လမ်းခွဲခဲ့သည်မှာ လေးနှစ်ကြာသွားခဲ့ပြီဖြစ်ရာ မာန်မာနထားတတ်သော ရည်းစားဟောင်းဆီမှ ဤသို့ဂရုစိုက်မှုမျိုးကို မျှော်လင့်ခြင်းမရှိပေ။ သို့သော်လည်း သူမ၏ တိတ်တဆိတ် ဂရုစိုက်တတ်သော အကျင့်လေးကိုကား ယွီဖန်ရှင်း သေချာပင်သိပေသည်။
ကျိကျားယောင်နှင့် ချစ်ကြိုက်ခဲ့သည့်ကာလတစ်လျှောက်လုံးသည် ယွီဖန်းရှင်းအတွက် အခက်ခဲဆုံးအချိန် ဖြစ်ပေသည်။
ထန်းရွမ်ကျွမ့်၏ထိန်းချုပ်မှုအောက်မှ လွတ်မြောက်ရန်အတွက် ပေကျင်းမြို့တွင် ကျောင်းတက်ရန်ရွေးချယ်ခဲ့ကာ ထိုအချိန်၌ပင် ပေကျင်းကျောင်းကို S မြို့မှလာတက်သော ကျိကျားယောင်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပေသည်။
ကျိကျားယောင်သည် ချောမောလှပသောမိန်းကလေးဖြစ်ရုံတင်မက အရည်အချင်းရှိသူလည်းဖြစ်ပြီး ဌာနတွင်လည်း အလှနတ်သမီးလေးဟုနာမည်ကြီးသူ တစ်ယောက်လည်း ဖြစ်ပေသည်။
ဤသို့လှပသော ကောင်မလေးတစ်ယောက်က ယွီဖန်ရှင်း၏ အမြဲမှုန်ကုတ်ကုတ် နေတတ်သောပုံစံကိုမည်သို့ သဘောကျခဲ့သည်မသိ။ ယွီဖန်းရှင်းဆီမှပထမဆုံးအငြင်းခံခဲ့ရသည့်အချိန်ကတည်းက စ၍ ကျိကျားယောင်တစ်ယောက် ဖန်ရှင်းအား စာသင်နှစ် တစ်ဝက်နီးပါးလောက် စကားမပြောရဲပဲရှောင်ဖယ်ဖယ်ဖြစ်နေခဲ့ပေသည်။
ထို့နောက်တွင်ကား နှစ်ဦးသား ပြန်လည်စကားပြောဖြစ်ရင်းကပင် အဆင်တပြေဖြစ်သွားခဲ့ပေသည်။
နှစ်ဦးသား တစ်ယောက်နှင့်တစ်ယောက် သံယောဇဉ်ခိုင်မြဲလာရာမှ အချစ်တို့ ပေါက်ဖွားလာခဲ့ပြီးနောက်တွင် ရည်းစားအဆင့်သို့ ရောက်ခဲ့ကာ စာသင်နှစ်ကုန်မှစ၍ ဘွဲ့ရသည်အထိ အတူတူလက်တွဲမြဲခဲ့ကြပေသည်။
ယွီဖန်ရှင်းသည် ဘွဲ့ရပြီးနောက်ပိုင်းတွင် S မြို့သို့ပြန်ကာ စီးပွားရေးလုပ်ကိုင်ရန်အတွက် ကျော်ကြားသည့်ဂိမ်းကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့ပေသည်။ ထိုအချိန်တုန်းက ကျိကျားယောင်သည် ယွီဖန်းရှင်းအား ပြည့်စုံသောသူတစ်ယောက်ဟု ထင်မှတ်ခဲ့သည်ကား စီးပွားရေး၊ ပညာရေးနှင့်အဖက်ဖက်တော်သော နောက်ခံတစ်ခုကို ပိုင်ဆိုင်ထားသောကြောင့်ပင် ဖြစ်ပေသည်။
သို့သော်လည်း ဖန်ရှင်းသည် အမြဲတမ်းပင် ဒေါသကြီးကာ ကိုယ်ကိုယ်ကိုယ် အမြဲဖိအားပေး၍ အလုပ်ကိုသာ နင်းလုပ်နေတတ်ပေသည်။ ခက်ခဲပင်ပန်း၍ ကျရှုံးမှုနှင့်ရင်ဆိုင်နေရသောကာလတစ်လျှောက်တွင် ဖန်ရှင်းဘေး၌ အမြဲ ရပ်တည်အားဖြည့်ပေးမည့် မိဘဆွေမျိုးဟူ၍မရှိခဲ့ပေ။ တစ်ယောက်တည်းပင် ရုန်းကန်ခဲ့ရပေသည်။
ကျိကျားယောင်သည် ဖန်ရှင်းနှင့် တွဲနေသည့်ကာလတစ်လျှောက်လုံး ဖန်ရှင်း၌ ဤသို့မိသားစုရေးအဆင်မပြေဖြစ်နေသည်ကို မသိခဲ့ရပေ။
သူမ ထင်ခဲ့သည်ကား ဖန်ရှင်းသည် အလွန်ပင် အလုပ်များတတ်သူဖြစ်ပြီး တစ်ခါတလေ စိတ်ဒေါသထွက်ကာ မကြာခဏ ပြဿနာများဖြစ်ခဲ့ရသည်ဟု ထင်ခဲ့ပေသည်။ ကြာလာလေ ဖန်ရှင်းသည် သူမအား ရှောင်ဖယ်ဖယ်လုပ်နေသည်ဟု ခံစားလာရပြီး ရင်ထဲ၌မျိုသိပ်ကာ စိတ်ပင်ပန်းလာခဲ့ပေသည်။
နောက်ဆုံးတွင်ကား ဖန်ရှင်းဘက်မှ လမ်းခွဲပြတ်ဆဲကြမည်ဟုစပြောခဲ့ပြီး ခိုင်လုံသည့် အကြောင်းပြချက်တစ်ခု မပေးခဲ့သည်။ ဖန်ရှင်းပြောခဲ့သည်ကား ကျိကျားယောင်ကို သူ့ထပ်သာလွန်သည့် ကောင်းကောင်းမွန်မွန် ပျော်ပျော်ရွှင်ရွှင်ဖြစ်သောမိသားစုတွင်းမှ သားတစ်ယောက်ကိုသာ လက်တွဲဖော်အဖြစ်ရွေးချယ်ရန် ဖျောင်းဖျပြောဆိုခဲ့ပေသည်။
ယွီဖန်ရှင်းသည် ကျိကျားယောင်အား အရက်မူးလျှက်နှင့်ပင်
"ကျားယောင် ကိုယ်က မင်းအတွက် ရည်းစားကောင်းတစ်ယောက်ကော လက်တွဲဖော်ကောင်းတစ်ယောက်ကော ဖြစ်နိုင်မှာမဟုတ်ဘူး။ ကိုယ်ကဘယ်လိုမှ ပျော်ရွှင်တဲ့မိသားစုဘဝကို ပိုင်ဆိုင်ဖို့ မထိုက်တန်ပါဘူးး မင်းကိုယ်နဲ့နေရင် စိတ်ဆင်းရဲမှုတွေကိုပဲကြုံရမှာ။ ကိုယ်တို့ လမ်းခွဲကြတာပေါ့"
ထိုနှစ်နောက်ပိုင်းမှစ၍ ကျိကျားယောင်နှင့် ဖန်ရှင်းတို့ကြားထဲမှကိစ္စများသည် လုံးဝပင် ပြီးဆုံးသွားခဲ့ပေသည်။
နှစ်ဦးသား ပျက်စဲခဲ့သည့်အချိန်တုန်းက ကျိကျားယောင်သည် ဂိမ်းကုမ္ပဏီ၏ ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး ကုမ္ပဏီ၏ရှယ်ယာ ငါးရာခိုင်နှုန်းကိုပိုင်ဆိုင်ထားသူလည်း ဖြစ်ပေသည်။ ဖန်ရှင်းသည် ကျိကျားယောင်အား ဝေစုခွဲပေးထားခြင်းဖြစ်ပေသည်။
ကျိကျားယောင်သည် ထိုကိစ္စများဖြစ်ပွားခဲ့သည့်အချိန်အတွင်းတွင် အလုပ်ကိုကြိုးစားလုပ်ကာ အလုပ်ခရီးများကို ဆက်တိုက်ထွက်ခဲ့ပေသည်။ အချိန်တစ်ခုကြာပြီးနောက် နိုင်ငံခြားမှ တရုတ်သို့ပြန်ရောက်လာကာ အရင်ကိစ္စများကို မေ့နိုင်နေပြီဖြစ်သည့်အတွက် ကျိကျားယောင်နှင့်ဖန်ရှင်းတို့နှစ်ဦးသား သူငယ်ချင်းဆက်ဆံရေးအဖြစ်ပြန်လည်ပူးပေါင်းခဲ့ပေသည်။
ဖန်ရှင်းသည် ရည်းစားဟောင်းအား ဖုန်းခေါ်၍ အဆက်သွယ်လုပ်ရမည်ကို အလွန်ပင် မျက်နှာပူကာရှက်သော်လည်း ကျားယောင် ဝယ်လာပေးသော စားသောက်ဆိုင်အား အလွန်ပင် သိချင်နေပေသည်။ ထို့ကြောင့် အားကိုတင်းကာ ဖုန်းကိုထုတ်၍ ရည်းစားဟောင်း၏နံပါတ်ကို နှိပ်လိုက်ပေသည်။
အားလုံး ပြီးစီးသွားပေပြီ။
ထို့အပြင် စုရှင်းဖန်သည် ခြံဝင်းတစ်ခုလုံးကို တစ်ညနေတည်းနှင့်ပင် ပြီးစီးအောင် ရှင်းနိုင်ခဲ့ပေသည်။
ထို့နောက်တွင် ပထမထပ်ရှိ ယိုင်နဲ့နဲ့သစ်သားပရိဘောဂများကို အိမ်ရှေ့သို့ထုတ်ကာ ခြံဝင်းအနီးရှိကွင်းပြင်ကျယ်ကြီးတစ်နေရာတွင် မီးရှို့ခဲ့ပေသည်။
ကွင်းပြင်ကျယ်ကြီး တစ်ဝိုက်တွင် သစ်ပင်များပေါက်ရောက်နေသည့်အတွက်ပင် သစ်သားပရိဘောဂများကို မီးရှို့ရာမှဖြစ်ပေါ်လာသော ပြာမှုန်များသည် မြေသြဇာအဖြစ် ပြောင်းလဲပေးနိုင်ပေသည်။
အမှိုက်သရိုက်အချို့ကိုမူ မြေကြီးထဲတွင်တူးဆွမြှုပ်နှံကာ ကွင်းပြင်တစ်လျှောက်တွင်သာမက ခြံဝင်းအတွင်းရှိ သစ်ရွက်များကိုစု၍ ပရိဘောဂပစ္စည်းများနှင့်အတူတူ မီးရှို့ခဲ့ပေသည်။
စုရှင်းချန်သည် မီးပုံကိုငေးကြည့်ကာ ထိုမီးပုံငြိမ်းသွားလျှင် ထပ်မံ၍ မီးညှိနိုင်ရန်အတွက် မီးခြစ်နှင့် ထင်းစများကို အဆင်သင့် ဆောင်ထားပေသည်။
ပရိဘောဂများကို မီးရှို့ဖျက်ဆီးပြီးသည့်နောက်တွင် ပထမထပ်ကိုပြန်လာကာ ပင့်ကူမျှင်များ၊ ပြတင်းပေါက်မှန်များနှင့် ကြမ်းပြင်များကိုသန့်ရှင်းခဲ့ပေသည်။
ထိုသို့ လှုပ်လှုပ် လှုပ်လှုပ်နှင့် အလုပ်များကို လုပ်နေရင်းနှင့်ပင် တဂွီဂွီမြည်လာသော ဗိုက်၏အချက်ပေးမှုကြောင့် နာရီကိုကြည့်လိုက်သောအခါ အတော်ပင် နောက်ကျနေပြီဖြစ်သည်။
ရှင်းချန်သည် ခြံဝင်းတံခါးကို သော့ခတ်ကာ ဒုတိယထပ်သို့ တက်ခဲ့ပေသည်။ အပေါ်ထပ်သို့ရောက်သောအခါ အိမ်ပိုင်ရှင်သည် လေ့ကျင့်ခန်း လုပ်နေပေသည်။
ရှင်းချန်းသည်လည်း လက်ကိုမြှောက် အကြောဆန့်လိုက်သည်နှင့် လေ့ကျင့်ခန်းမလုပ်ရတာကြာပြီဖြစ်သောကြောင့် နောက်ကျောမှနာကျင်သည့်ဒဏ်ကိုခံစားလိုက်ရပေသည်။ တောင်ပေါ်တွင်နေသောတစ်လျှောက်တွင်ကား သန့်ရှင်းရေးလုပ်နေရင်းနှင့်ပင် အချိန်ကုန်ကာ တစ်နေကုန် ပင်ပန်းနေသည့်အတွက် လေ့ကျင့်ခန်း မလုပ်မိပေ။
အိမ်ပိုင်ရှင် လေ့ကျင့်ခန်းလုပ်နေသည့်အတွက် အချိန်မီပြင်ဆင်ပေးနိုင်ရန် အသားနှင့်အသီးအနှံများကိုလှီးဖြတ်ကာ ပန်းဂေါ်ဖီကို ကြော်ရန်ပြင်ဆင်လိုက်ပေသည်။
ဤဟင်းလျာသည် အလွန်ပင် စျေးတန်လှသည်ဖြစ်ရာ မြို့ထဲတွင်ဝယ်ပါက ပိုက်ဆံအနည်းငယ်ပေး၍ပင် ဝယ်လို့ရပေသည်။
အနီးတဝိုက်တွင် နေထိုင်သောရွာများမှ လယ်သမားများ ကိုယ်တိုင်စိုက်ပျိုးရောင်းချသည့် အသီးအနှံများဖြင့် ချက်ပြုတ်ထားသည်ဖြစ်ရာ အလွန်ပင် လတ်ဆတ်ကာ အရသာသည်လည်း အနည်းငယ်ချိုပြီး အလွန်ပင် နာမည်ကြီးသော ဟင်းတစ်ခွက်ဖြစ်ပေသည်။ ကလေးများ၏အသည်းစွဲပင် ဖြစ်ပေသည်။
အကယ်၍များ ပေကျင်းမြို့ပေါ်တွင် အချက်အပြုတ်သည် အလွန်ပင်စျေးကြီးပါက မြို့တက်၍ ထမင်းဟင်းဆိုင်ဖွင့်စားလျှင်ပင် စျေးနှုန်းအသင့်အတင့်နှင့် ရောင်းကောင်းနိုင်မည်ဟု တွေးမိပေသည်။
စုရှင်းချန်သည် သုံးဘီးဆိုင်ကယ်ဖြင့် စျေးတစ်ပတ် လျှောက်ပတ်ကြည့်ပြီးနောက်တွင် စျေးနှုန်းသက်သာသော အသီးအရွက်များကို ဝယ်ယူခဲ့ပေသည်။
ဝက်သားတစ်ဆယ်သားသည် ယွမ်ခြောက်ကျပ်ရှိသည်ဖြစ်ရာ အနည်းငယ် သက်သာပေသေးသည်။
ဤစျေးတွင် ကြက်သားသည်ကား မဆိုသလောက် စျေးကြီးသည်ဖြစ်သော်လည်း ပေကျင်းလောက်တော့ မဆိုးလှပေ။
စုရှင်းချန်သည် ပေကျင်းတွင် နေထိုင်စဥ်အခါက တစ်နေ့လျှင် စားစရိတ် ယွမ်ငါးဆယ်ခြောက်ဆယ်ကုန်ပေသည်။
ယွမ်ငါးဆယ်ခြောက်ဆယ်ဟူသော ပမာဏသည် ဤနေရာတွင် နှစ်ရက်လောက် စားနိုင်မည်ဖြစ်သည်။
မနေ့ကဝယ်လာသည့် ဒယ်အိုးကို ထုတ်ကာဟင်းသီးဟင်းရွက်များကို ကြော်နေပေသည်။ မည်သို့ပင် စိတ်ကြိုက်ကြော်လှော်သည့်တိုင် အိမ်ပိုင်ရှင်သည် ထိုအသံများကိုကြားရမည် မဟုတ်ပေ။
အကယ်၍များ အိမ်ပိုင်ရှင် ရုတ်တရက် ဆင်းလာပါမူ မီးဖိုချောင်အတွင်းတွင် ပွင့်နေသော မီးဖိုမီးကိုသာ မြင်ရမည်ဖြစ်ပြီး စူရှင်းချန်ကို မြင်နိုင်မည်မဟုတ်ပေ။
ရှင်းချန်သည် ဟင်းလျာများကိုပြင်ဆင်ပြီးသည့်နောက်တွင်မူ တစ်ဖက်လူ မသွားနိုင်သောထမင်းစားပွဲပေါ်သို့ တင်လိုက်ပေသည်။
အိမ်ပိုင်ရှင် ရေချိုးသန့်စင်နေသည့်အချိန်တွင် နေ့လယ်ကအတိုင်းပင် ထမင်းဘူးကိုထုတ်ကာ အမှောင်ခန်းလေးအတွင်းသို့ ယူဆောင်သွားပေသည်။
ထမင်းဘူးများကို ဤကဲ့သို့ အဆင်တပြေ အမြဲပင် ပို့ဆောင်နိုင်သည်ကား ပို၍ အဆင်ပြေပေလိမ့်မည်။
ယခင်ကဲ့သို့ ချောချောမွေ့မွေ့ပို့ဆောင်နိုင်မည်လားဟူသော အတွေးကို တွေးနေတုန်းပင် ထမင်းဘူးသည် နေ့လယ်ကအတိုင်းပင် ဧည့်ခန်းကြမ်းပြင်ပေါ်သို့ တစ်ဖန်ရောက်နေသည်ကိုတွေ့လိုက်ရသောအခါမှ သက်ပြင်းချနိုင်ပေသည်။
ရှင်းချန်သည် ပြုံးရွှင်သောမျက်နှာဖြင့် ထမင်းဘူးကို ကောက်ယူကာ ထမင်းစားပွဲသို့ တင်လိုက်ပြီးလျှင် ထောင့်တစ်နေရာ၌ထိုင်ကာ ညစာ စားလိုက်ပေသည်။
စုရှင်းချန်သည် ဤသို့ နေတိုင်းပြုလုပ်နေခြင်းသည်ကား တစ်ဖက်လူသည် သူ့အား နေထိုင်နိုင်ရန် နေရာပေးထားသည့်အတွက်ကြောင့်ပင် ဖြစ်ပေသည်။ အိမ်ပိုင်ရှင်သည် စုရှင်းချန်၏ဖြစ်တည်မှုကို သတိမထားမိသော်လည်း တစ်ယောက်တည်းအထီးကျန်နေသောသူ ဖြစ်သည့်အတွက် ရှင်းချန်းစိတ်အတွင်း၌ သိုသိုသိပ်သိပ်နေမည့်အစား စိတ်ကောင်းစေတနာရှိသူပီပီ အစားအသောက်များကိုနေ့တိုင်းချက်ပို့ရသည်ကား ဒုက္ခတစ်ခုဟု တွေးမှတ်ထားခြင်းမရှိပေ။
သန်မာသော လက်တစ်စုံသည် ရေချိုးခန်းတံခါးကိုဆွဲဖွင့်လိုက်ပေသည်။
သဘက်ကို ခါး၌ပတ်ထားသောကောင်လေးတစ်ယောက်သည် ရေချိုးခန်းအတွင်းမှ ထွက်လာပေသည်။ ထိုကောင်လေးသည် အရပ်အားဖြင့် ငါးပေ ကိုးလက်မလောက်ရှိမည်ဖြစ်ပြီး ဝမ်းဗိုက်ကြွက်သားများသည်ကား လေ့ကျင့်ခန်းလုပ်ထားသောသူပီပီ အလွန်ပင် တောင့်တင်းနေပေသည်။
ထိုသူသည် ယွီဖန်ရှင်းဖြစ်ပေသည်။
ခေါင်းမှရေများသည် တစက်စက်ကျနေပြီး နံရံကာဆီးထားသည့် ထမင်းစားဆောင်သို့ ရောက်သည်နှင့် စားပွဲပေါ်၌ထမင်းဘူးကို တွေ့ရပေသည်။
ထမင်းဘူးပုံစံသည် နေ့လယ်က ထမင်းဘူးပုံစံနှင့် တထေရာတည်းတူနေပေသည်။
မသေချာသော စိတ်ဖြင့်ပင် ယွီဖန်ရှင်းသည် စားပွဲပေါ်တွင်တင်ထားသော ထမင်းဘူးအား ဖွင့်ကြည့်လိုက်ပေသည်။
မျက်ခုံးကိုပင့်ကာ မယုံနိုင်သောပုံစံဖြင့် အံ့အားသင့်သွားပေသည်။ ကျားယောင်သည် သူ့အတွက် ထမင်း ထပ်ပို့ထားပြန်ပြီလား။
မဖြစ်နိုင်ပေ။
ယူဖန်ရှင်းသည် ထမင်းဘူးပုံစံကို သေချာကြည့်ကာ မီးဖိုချောင်အတွင်းသို့ ဝင်သွား၍နေ့လယ်ကထမင်းဘူးနှင့်တိုက်စစ်ကြည့်ရာ တကယ်ပင် နေ့လယ်က ထမင်းဘူးနဲ့တစ်ထပ်တည်း တူနေပေသည်။ အမြင်မှားသည် မဟုတ်ပေ။
ယွီဖန်ရှင်းသည် နားမလည်နိုင်သောကြောင့်ပင် ဖုန်းကိုကောက်ယူကာ ကျားယောင်အား ဆက်လိုက်ပေသည်။
"ဒါရိုက်တာ ကျွန်တော့်အိမ်ကို ဒီညထပ်ပြီး ထမင်းဘူး ပို့ထားသေးတာလား"
တစ်ဖက်လူမှ အေးစက်သောအသံဖြင့် "မပို့ဘူး"
ယွီဖန်ရှင်သည် ရပ်တန့်သွားကာ မျက်မှောင်ကြုတ်၍
"တကယ်ကြီးလား"
ကျိကျားယောင်သည် အလွန်ပင် စိတ်မရှည်ဖြစ်လာကာ ဘောပင်ကို စားပွဲပေါ်သို့ခေါက်၍
"ဘော့စ် ကုမ္ပဏီကို ဒီအတိုင်း ပစ်ထားတော့မှာလား။ ဘော့စ်က အလုပ်လုပ်ဖို့ မရှိရင်တောင် လုပ်စရာတွေကျွန်မမှာ တစ်ပုံကြီး။ ဘော့စ်အိမ် လာဖို့နေနေသာသာ ယားလို့တောင် မကုတ်အားဘူး"
ယွီဖန်ရှင်းသည် ပြောစရာစကားများ ပျောက်ရှသွားပေသည်။
စိတ်နည်းနည်းပြေသွားသည့်အခါ ကျိကျားယောင်သည်
"နင့်အိမ် သူခိုးအခိုးခံရလို့လား။ သံသယရှိသူကို ရှာနေတာလား။"
"မဟုတ်ပါဘူး" ယွီဖန်ရှင်းသည် ကျိကျားယောင်းလိမ်မပြောမှန်း သိသည့်အတွက်
"ဘာမှ မဟုတ်တော့ပါဘူး။ ကုမ္ပဏီမှာ အလုပ်လုပ်နေတုန်းလား၊"
ကျိကျားယောင်သည် စိတ်ကုန်သောကြောင့်
"အလုပ်မလုပ်တော့ ဘာလုပ်နေတယ်လို့ ထင်လဲ ကုမ္ပဏီမှာ"
ယွီဖန်ရှင်းသည် "မင်း ညစာ စားပြီးတော့မှ အလုပ်ဆက်လုပ်လေ။ ငါလည်း စားလိုက်ဦးမယ်"
ဖုန်းကိုချလိုက်ပြီးလျှင် ကျားယောင်သည် အလွန်ပင် ပေါက်ကွဲနေသောကြောင့် ဖုန်းပင် လွတ်ကျပေသည်။ ရည်းစားဟောင်းသည် လမ်းခွဲပြီးသည့်တိုင် စိတ်အနှောင့်အယှက်ပေးလွန်းပြီး နားချိန်ပင်မပေးပေ။
တစ်ဖက်တွင်မှာမူလည်း ယွီဖန်ရှင်းသည် ဖုန်းကိုချလိုက်ကာ အစားအသောက်ပို့သောသူကို အတော်ပင် သိချင်နေပေသည်။
သို့သော်လည်း ထိုသူသည် သူ့အား အဆိပ်ခံသတ်သည့် ရန်သူတစ်ယောက် မဟုတ်သည်ကိုကားအတပ်ပြောနိုင်ပေသည်။
ထို့ကြောင့်ပင် စားပွဲခုံပေါ်သို့ ပြန်ထိုင်ကာ ထမင်းဘူးကိုဖွင့်၍ စားလိုက်ပေသည်။
ယခု တစ်ခေါက်ဟာသည်လည်း နေ့လယ်တုန်းကလိုပင် အရသာရှိလှသည်ဖြစ်ရာ မည်သည်ကပို၍အရသာပိုရှိသည်ကို အတပ်မပြောနိုင်ပေ။ ထို့ကြောင့် မဆိုင်းမတွပင် တစ်လုပ်ပြီးတစ်လုပ် အားပါးတရကြိတ်ပေသည်။
တစ်ခုဆိုးသည်ကား နေ့လယ်က ထမင်းဘူးအတိုင်းပင် စား၍ အရှိန်တက်နေတုန်း၌ အမြဲကုန်ကုန်သွားပေသည်။ ဘယ်တော့မှ ဝဝလင်လင် စားရသည်မရှိပေ။
ဖန်းရှင်းသည် ထမင်းဘူးကိုကြည့်ကာ နှုတ်ခမ်းကိုဆူ၍
"လုပ်ပြန်ပြီ ကြောင်စာလောက်လေးပဲ ရှိတယ်"
တစ်ဖက်တွင်လည်း စုရှင်းချန်သည် အလွန်ပင် ရှက်ကာ မျက်နှာများ နီရဲတက်လာပေသည်။ သူ့ခန္ဓာကိုယ်နှင့်လိုက်အောင်ပင် တစ်ဖက်သူအားထမင်းကိုချိန်ထည့်ပေးလိုက်သည်ဖြစ်ရာ တစ်ဖက်သူ မ,ဝသည်ကိုကြား၍ အလွန်ပင် အားနာနေပေသည်။
စုရှင်းချန်သည် မျက်နှာလေးကို ကုတ်ကာ တူများနှင့်ပန်ကန်လုံးများကို မ,၍မီးဖိုချောင်သို့ဝင်သွားပေသည်။ ထို့နောက် အိမ်ပိုင်ရှင် အရင်ဆုံး ပန်းကန်ဆေးမည့်အချိန်ကိုစောင့်နေပေသည်။
ရေစင်ဘေးနားလေးတွင် ရပ်ကာ အိမ်ပိုင်ရှင် ညဘက်ကျ ဘာလုပ်မလဲဟူသော သိချင်စိတ်များဖြစ်ပေါ်နေပေသည်။
ညကိုးနာရီကို ရောက်နေပြီဖြစ်ရာ တစ်ဖက်သူသည် အလုပ်လုပ်ရန်အတွက် စာကြည့်ခန်းထဲသို့ ဝင်သွားပေသည်။
စုရှင်းချန်သည် မီးဖိုချောင်တံခါးကိုဖွင့်ကာ ဂျုံမှုန့်ကိုယူ၍ ခေါက်ဆွဲပြုလုပ်ပေသည်။ ထို့နောက် ကြက်သွန်ကို ပါးပါးလှီး၍ ကြက်သွန်ကိုဖောက်ကာ ကြက်သွန်ကိတ်လုပ်နေပေသည်။
အစပ်အရသာကို ကြိုက်သည့် စုရှင်းဖန်အဖို့စားချင်စိတ်ကို မထိန်းနိုင်သောကြောင့်ပင် ငရုတ်ချဥ်ကိုစမ်းလိုက်ပေသည်။
အကယ်၍များ အိမ်ပိုင်ရှင်သည် ငရုတ်ချဥ်ကို မစားချင်ပါမူ လူတိုင်းအကြိုက်မတူသည်ကို လက်ခံမည်ဖြစ်သော်လည်း အစပ်မကြိုက်သောသူနှင့် သူငယ်ချင်းမလုပ်နိုင်ပေ။
ညဆယ်နာရီခွဲအချိန်သို့ ရောက်လာပေပြီ။ စူရှင်းချန်သည် ကြက်သွန်ကိတ်မုန့်ကို တစ်ဖက်သူဆီသို့ ပို့လိုက်ပေသည်။ သူသည်လည်း အလွန်ဗိုက်ဆာနေသည်ဖြစ်ရာ ထမင်းစားပွဲပေါ်တွင် ကြက်သွန်ကိတ်ကို အချဥ်ရေစမ်း၍အားပါးတရစားလိုက်ပေသည်။
အလွန်ပင် အရသာရှိပြီး ကြက်ဥအရသာနှင့် ကြက်သွန်မွှေးတို့၏ အနံ့သည်ကား သွားရည်တမြမြဖြစ်အောင်ပင် ဆွဲဆောင်နိုင်သည်ဖြစ်ရာ ဗိုက်မဆာသည့်အချိန်တွင်ပင် အများကြီး အားပါးတရ စားမိမည်ဖြစ်သည်။
ယွီဖန်ရှင်းသည် စာကြည့်ခန်းတွင် အလုပ်လုပ်နေစဥ် ရုတ်တရက် မွှေးကြိုင်သော အနံ့တစ်ခုသည် ထွင်းဖောက်၍ သူ့နှာခေါင်းအတွင်းသို့ ရောက်လာပေသည်။ ထင်ယောင်ထင်မှား ဖြစ်နေသည်လား။
"..."
ပြောစရာမရှိလောက်အောင်ပင် ဆာလောင်နေပြီဖြစ်သည်။ နေ့လယ်ကတည်းကစ၍ ညတိုင်း ထမင်းဘူးစားရသည်မှာ ကြောင်စာအလားပင် နည်းနည်းပင်ရှိသည်ဖြစ်ရာ ထိုအနံလေးသည် သူ့၏ဗိုက်အား နှိပ်စက်နေပေသည်။
တစ်ခုခုဖြစ်နေသည်လားဟူသော သိချင်စိတ်ဖြင့်ပင် ဖန်ရှင်းသည် စာကြည့်ခန်းမှထွက်ကာ အနံ့လာရာအတိုင်း တစ်လျှောက်လုံးအနံ့ခံ၍ ထမင်းစားပွဲနားသို့ ရောက်လာပေသည်။ ကိတ်မုန့်တစ်ခု။
ပူပူနွေးနွေးနှင့်ပင် မွှေးကြိုင်သော အနံ့လေးသည်လည်း အိမ်အနှံ့ဖုံးလွှမ်းနေပေသည်။