အပိုင်း (၅)
ယွီဖန်ရှင်း၏ စိတ်ရှုပ်သွားကာ မှောင်ကုတ်ကုတ်ဖြစ်သွားသည့်မျက်နှာပုံစံသည်ပင် ကျက်သရေရှိကာ ချောမောနေသေးပေသည်။
ဘယ်နှစ်ခါရှိပြီလဲဟ။
အစားအသောက်များသည် နားမလည်နိုင်အောင်ပင် ထမင်းစားပွဲတွင် တစ်ခုပြီးတစ်ခုကို တစ်နေ့ပြီးတစ်နေ့ တင်,တင်ထားပေသည်။
ယခင်တုန်းက ပို့သည့်ထမင်းဘူးသည်ကား လူတစ်ယောက်က အိမ်တွင်းသို့ခိုးဝင်၍ ပို့နိုင်သည်ကို လက်ခံနိုင်သော်လည်း ယခုတွင်ကား သူကိုယ်တိုင်တစ်ယောက်လုံး ရှိနေသည်ဖြစ်ပြီး အရာရာကို သတိထား၍နေတတ်သူဖြစ်သူအဖို့ ဤဖြစ်ရပ်ကို လုံးဝ လက်မခံနိုင်တော့ပေ။
ယွီဖန်ရှင်းသည် သူ့အား အစားအသောက်များပို့နေသောသူသည် မည်သူမည်ဝါဖြစ်သည်ထပ် အဘယ်ကြောင့် အစားအသောက်များ ပို့နေရသည်ကိုပင် ပို၍သိချင်ပေသည်။
"ပိုင်ဝမ် မနက်ဖြန်ကစပြီး ငါ့အိမ်ကို လုံခြုံရေးကင်မရာတပ်ဖို့ စီစဉ်ပေး"
ယွီဖန်းရှင်းသည် ပိုင်ဝမ်အား အမိန့်ပေးပြီးနောက် ဘယ်ကဘယ်လို ရောက်လာမှန်းမသိသော ကိတ်မုန့်ကိုယူကာ စာကြည့်ခန်းအတွင်းသို့ ဝင်သွားပေသည်။
စုရှင်းချန်သည် သစ်တုံးကြီးပမာ ငုတ်တုတ်ကြီးထိုင်နေကာ ကြောင်စီစီဖြစ်သွားပေသည်။ ကိတ်မုန့်ပင်မစားနိင်တော့ပေ။
လုံခြုံရေးကင်မရာ တပ်မယ်...။
ကောင်းပြီလေ။ စုရှင်းချန်သည် တစ်ဖက်လူအား လုံးဝပင် ရှေ့လျှောက်ထမင်းဘူးမပို့တော့ပဲ သူ့ဘာသူသာ ဝယ်စားခိုင်းလိမ့်မည်ဟုတွေးကာ မပို့တော့ရန် ဆုံးဖြတ်လိုက်ပေသည်။
စုရှင်းချန်သည် ဗိုက်တင်းသွားပြီဖြစ်ရာ မနေ့ကအတိုင်းပင် ဇိမ်ခံဆိုဖာပေါ်တွင် လဲလှောင်း၍ ဗိုက်လေးအားပွတ်နေပေသည်။
မနေ့ကနှင့်မတူသည်ကား သူ့ဗိုက်ပေါ်တွင်စောင်လေးတစ်ခုတင်ထားပေသည်။
မေလဖြစ်သည့်အတွက် စောင်ချုံအိပ်မှသာလျှင်အအေးဒဏ်ကိုခံနိုင်မည်ဖြစ်သည်။
နောက်တစ်နေ့ မနက်အစောပိုင်းတွင် စုရှင်းချန်သည် ဂေါ်ဖီကိုလှီးထည့်၍ ကြက်ဥဖောက်ထည့်ထားသောခေါက်ဆွဲပြုတ်ကို အားပါးတရ မနက်စာအဖြစ် စားလိုက်ပေသည်။ စားသောက်ပြီးသည့်နောက်တွင် ပထမထပ်သို့သွားကာ အလုပ်လုပ်စရာရှိသည်များကိုဆက်လုပ်၍ ကြမ်းပြင်ကိုသန့်ရှင်းရေးလုပ်မည်ဖြစ်သည်။
S မြို့၏ နံနက်ဆယ်နာရီအချိန်တွင်ကား ပိုင်ဝမ်သည် နည်းပညာသမားနှစ်ယောက်ကိုခေါ်ကာ ဘော့စ်အိမ်တွင် ကင်မရာတပ်ရန် ပြင်ဆင်ပေသည်။
ဘော့စ် ခုတလော ထူးထူးဆန်းဆန်းဖြစ်နေသည်ကိုခံစားမိသောကြောင့် သိချင်စိတ်ဖြင့်
"ဘော့စ် ဘာလို့ ရုတ်တရက်ကြီး ကင်မရာတပ်တာလဲဗျ"
"ခုတလော လုံခြုံရေးကင်မရာတပ်တာတွေကခေတ်စားနေတာပဲလေ"
ယွီဖန်ရှင်းသည် စီးကရက်ကိုသောက်ကာ ကင်မရာတပ်နေသော နည်းပညာသမားများကို လက်ပိုက်၍ ကြည့်နေပေသည်။
"အဓိကက ငါ့ကို လူတိုင်းက စောင့်ကြည့်နေတာလေ သတိထားတဲ့အနေနဲ့ရောပေါ့"
စောင့်ကြည့်တဲ့သူက ရှိကောရှိလို့လား။ ပိုင်ဝမ်ကြောင်တောင်တောင်ဖြစ်သွားပေသည်။
ဘော့စ်ဆိုသည်မှာ အသက်ငယ်ငယ်လေးနှင့် အောင်မြင်ကျော်ကြားသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီးအမြဲပင် သိုသိုသိပ်သိပ်နေတတ်သူဖြစ်သောကြောင့်ပင် လုပ်ကြံမည့်သူရှိသည်ကား စဥ်းစားစရာပင်။
သို့သော်လည်း... မိဘများကို ဆုံးရှုံးရသောကြောင့်ပင် အခုတလော သတိလက်လွတ်ဖြင့်နေကာ လုပ်ချင်ရာကိုလုပ်နေသောကြောင့် တစ်ချိန်ကရှိခဲ့ဖူးသည် ရန်ဖက်တစ်ယောက်ယောက်ကအခွင့်ကောင်းယူနိုင်ခြင်းဖြစ်ပေမည်။
လုံခြုံရေးကင်မရာများကို လျင်လျင်မြန်မြန်ပင်တပ်ဆင်၍ပြီးသွားခဲ့ပေသည်။
မထွက်သွားမီ ပိုင်ဝမ်သည် ဘော့စ်၏အိမ်နေရင်းအဝတ်အစားကိုကြည့်ကာ
"ဘော့စ် ဘယ်တော့မှ အလုပ်လာမှာလဲဗျ"
"ခနလောက် အနားယူလိုက်ဦးမယ်" ယွီဖန်ရှင်းသည် အေးဆေးပင်ဖြေလိုက်ပြီးနောက်တွင်ကား သိချင်စိတ်ဖြင့်
"ကုမ္ပဏီအကြီးပိုင်းတွေမှာ တစ်ခုခုပြဿနာဖြစ်လို့လား"
ပိုင်ဝမ်သည် ပြုံးပြုံးလေးဖြင့်သာ ခေါင်းကိုခါ၍
"ဘာမှတော့ မဖြစ်ပါဘူး။ ဒါရိုက်တာ ကျင်းယောင်တစ်ယောက်လောက်ပဲ..."
ယွီဖန်ရှင်းသည် ကျင်းယောင် ဟူသောစကားကိုကြားသည်နှင့် ရုတ်တရက် ထရပ်လိုက်ပေသည်။ မည်သို့ပင်ဖြစ်စေ ကျင်းယောင်သည် သူလက်လွှတ်ခဲ့ရသောသူတစ်ယောက်ဖြစ်ခဲ့သည်အတွက်ပင် ကိစ္စတစ်ခုခု ထပ်အဖြစ်မခံနိုင်တော့သောကြောင့်
"ဒါရိုက်တာ ဘာဖြစ်လို့လဲ"
အဖြစ်ပျက်များသည်အတော်ပင်ကြာခဲ့ပြီဖြစ်သော်လည်း ကျင်းယောင်သည် သူ့အပေါ် အရင်ကအတိုင်းပင် အထင်မြင်လွဲနေမည်ကို အလွန်ပင် ကြောက်ပေသည်။ သံယောဇဉ် ရှိနေသေးသောကြောင့်လား။
"အဟမ်း" ပိုင်ဝမ်သည် ချောင်းဟန့်လိုက်ကာ "မနေ့ညက ဒါရိုက်တာ အချိန်ပိုင်းဆင်းတဲ့အလုပ်သမားတွေစုပြီးတော့ အရက်လိုက်တိုက်တာလေ။ ပြီးတော့ဒါရိုက်တာက ပုံပြင်တွေလည်း ပြောပြခဲ့သေးတယ်။ ဘော့စ် နားထောင်ဦးမလား"
ယွီဖန်ရှင်း စီးကရက်ကို ပါးစပ်နှင့်တေ့၍အငွေ့များကိုရှူရှိုက်လိုက်ကာ ပုံပြင်ကိုနားထောင်ရင်းနှင့် မျက်လုံးထဲတွင် အတိတ်၏နာကျင်မှုများကို ပြန်မြင်ယောင်လာပေသည်။
"ဟားးဟားးဟားး" ဂိမ်းကုမ္ပဏီမှဝန်ထမ်းများသည် အသက်ကြီးကြီးဘော့စ်နှင့် ကောင်မလေးငယ် တို့၏အချစ်ဇာတ်လမ်းအား နားထောင်နေကြဖြစ်နေပေပြီ။ ထိုပုံပြင်သည် အလုပ်သမားများကြား အရမ်းပင်ရေပန်းစားသည်ကား ပုံပြင်ထဲရှိအတွဲနှစ်တွဲသည် ချစ်လျှက်နှင့်ဝေးကွာခဲ့ရသောကြောင့်ပင်ဖြစ်ပေသည်။ သို့သော်လည်း တချို့သူများသည် ကျင်းယောင် ပြောပြလေ့ရှိသောပုံပြင်ထဲမှ ဇာတ်ကောင်ကိုပုံဖော်ကြည့်လိုက်ပါက သူဌေးယွီဖန်ရှင်းနှင့် တူသည်ကို ရိပ်စားမိပေသည်။
"ကျွန်တော် ကုမ္ပဏီကိုသွားပြီး ဘော့စ်အစားဒါရိုက်တာ ကျင်းယောင်းကို အမြဲအရိပ်တကြည့်ကြည့် စောင့်ရှောက်ပေးနေပါတယ်"
ပိုင်ဝမ်သည် သူ့ဘော့စ်၏ပခုံးအား ပုတ်ကာ သနားစရာအတွဲ၏ ဇာတ်သိမ်းမလှခဲ့သည်ကိုတွေးကာ စိတ်မကောင်းဖြစ်နေရပေသည်။
ပိုင့်ဝမ့်အမြင်တွင် ဒါရိုက်တာ ကျင်းယောင်သည် အတော်ပင် အရည်အချင်းရှိသူဖြစ်ပြီး လူကောင်းတစ်ယောက်ပင်ဖြစ်ပေသည်။ အရာရာကိုစေ့စေ့စပ်စပ်လုပ်တတ်ကာ အလုပ်နှင့်ပတ်သက်လာလျှင် တိကျသေချာပြီး လုပ်စရာရှိသည်ကို သေသေချာချာ စေ့စေ့စပ်စပ်သိသူဖြစ်ပေသည်။ သို့သော်လည်း တစ်ခါတလေတွင် သူဌေးယွီဖန်ရှင်းနှင့်ပတ်သက်လာပါက အတော်ပင် ဒေါသကြီး၍မရင့်ကျက်သည့်သူပမာ အမြဲပြုမူတတ်ပေသည်။
ဤသို့သော အရည်အချင်းနှင့်ပြည့်စုံပြီး ချစ်စရာကောင်းလှသောကောင်မလေးတစ်ယောက်ကိုမည်သူက မကြိုက်ပဲနှင့်နေပါမည်နည်း။
နေ့မွန်းတည့်ချိန်သို့ တစ်ဖန် ပြန်ရောက်ခဲ့ပေသည်။ စုရှင်းချန်သည် အိမ်ဟောင်းကြီး၏သန့်ရှင်းပြောင်လက်နေသော ပြတင်းပေါက်တံခါးများကိုကြည့်ကာအလွန်ပင် အားရကျေနပ်နေပေသည်။
ပျော်မြူးနေသောပုံစံဖြင့်ပင် ဒေါက်တာဖန်းအားဖုန်းခေါ်ရတော့မည်ကိုတွေးကာ အလွန်ပင် စိတ်အားထက်သန်နေပေသည်။
"ကောင်းသောနေ့လယ်ခင်းပါဗျ ဒေါက်တာ နေ့လယ်စာ စားပြီးပြီလားဗျ"
စုရှင်းဖန်သည် ပေကျင်းမှထွက်လာသည်မှာ နှစ်ရက်သုံးရက်လောက်ရှိပြီဖြစ်ပြီး ဤနေရာသို့ရောက်ပြီးကတည်းက ဒေါက်တာဖန်းအား ဖုန်းခေါ်သည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်ပေသည်။
ဒေါက်တာဖန်းသည် စုရှင်း၏အခြေအနေကိုအလွန်ပင် စိုးရိမ်လှသော်လည်း ဖုန်းခေါ်ရမည်ကိုကား အနည်းငယ် တွန့်ဆုတ်နေခြင်းကြောင့်ပင်။
သို့သော်လည်း ယနေ့တွင်ကား စုရှင်းချန်ဆီမှရုတ်တရက် ဖုန်းခေါ်သောကြောင့် အံ့အားသင့်သွားပေသည်။ ရှင်းချန်သည် ယခင်နှင့်မတူပဲ အလွန်ပင် တက်ကြွနေကာပျော်ရွှင်နေသည့်ပုံကို မြင်လိုက်ရသောကြောင့်ပင် အနည်းငယ် စိတ်အေးသွားရပေသည်။
"ရှင်း မင်း တော်တော်ကို ပျော်နေပါ့လား"
"ဟုတ်တယ်" စုရှင်းချန်သည် လက်တစ်ဖက်တွင် တံမြက်စည်းကိုကိုင်ကာ ပြုံးပြုံးရွှင်ရွှင်ဖြင့်ပင်
"မွေးရပ်မြေကို ပြန်လာရတဲ့ အချိန်တွေက တကယ်ကို စိတ်ချမ်းသာစရာကောင်းတယ်။ အိမ်ကလည်း လူမနေတာကြာပြီဆိုတော့ အိမ်အဟောင်းကြီးလိုဖြစ်နေတာလေ။ ပရိဘောဂတွေလည်း အကုန်ရှင်းလင်းပစ်ပြီးတော့ ခြံတစ်ဝိုက်သန့်ရှင်းရေးတွေလုပ်... တစ်နေကုန်ကို မအားတာ။ ကျွန်တော် ဒီအိမ်ကို ကျွန်တော့်စိတ်ကြိုက်ပုံစံဖြစ်အောင် သေချာပြန်ပြုပြင်မယ်။ ခွေးနှစ်ကောင်၊ ကြက်တွေရယ် ဘဲတွေမွေးမယ်။ ဒါနဲ့ဒေါက်တာသိလား ဒီကရှုခင်းတွေကတော်တော်လှတာ ပြမယ်။ ခဏလေးကိုင်ထားဦးနော်..."
စုရှင်းချန်ကားမသိသော်လည်း ဒေါက်တာဖန်းမှာမူ စုရှင်းချန်၏အပြုအမူများကိုကြည့်ကာ ပျော်ရွှင်အားရနေပေသည်။
"ကဲ ဟုတ်ပါပြီဗျာ ပြပါဦး။ ဘယ်လောက်တောင်လှလဲဆိုတာ ကြည့်ကြည့်ပါဦးမယ်"
"အိုကေ ဖုန်းခဏချလိုက်မယ်နော် ကျွန်တော်ချက်ချင်းပို့လိုက်မယ်"
စုရှင်းချန်သည် ဖုန်းကိုချကာ အစိမ်းရောင် တောင်တန်းကြီးများနှင့် မနက်ခင်း၏သာယာသောရှုခင်းများကို ရိုက်၍ ပို့လိုက်ပေသည်။
ထို့နောက်တွင်ကား "ကျွန်တော် နေ့လယ်စာပြင်ဆင်လိုက်ဦးမယ်။ ပြီးတာနဲ့ ချက်ချင်းပြန်ခေါ်လိုက်မယ် ဒေါက်တာ"
"အေးဆေးလုပ်ပါရှင်း ဆရာ ဓာတ်ပုံတွေကို သေချာလေး ကြည့်လိုက်ဦးမယ်"
နေ့လယ်စာ စားချိန်တွင်ကား အရင်လို တစ်ဖက်လူကို ချက်ပြုတ်မပေးရတော့သည့်အတွက် ရှင်းချန်သည် သူစားသလောက်ပင် တစ်ဝက်လောက်သာချက်ပြုတ်ပေသည်။ သခွားသီးကို အသားကြော်ဖြင့်ရောကာ ရိုးရှင်းသောဟင်းပွဲတစ်ခုကိုသာပြုလုပ်ခဲ့ပေသည်။ စျေးသို့သွား၍ အသားမဝယ်ရသေးသောကြောင့် ဒီတစ်ခါကုန်ပါက မနက်ပိုင်းတွင် ကြက်ဥသာ ကြော်စားရမည်ဖြစ်သည်။
သို့သော်လည်း... စုရှင်းချန်သည် အိမ်ရှေ့ရှိ မြစ်ကိုကြည့်ကာ မနက်ဖြန်မနက်ပိုင်း စျေးသွားပါက ငါးဖမ်းကိရိယာများကို ဝယ်လာ၍ ငါးဖမ်းစားရရင်ကောင်းမလားဟု တွေးမိပေသည်။ တောင်တန်းနှင့်ရေအခြေနေပေါ် မူတည်သည်ဖြစ်ရာ အကယ်၍သာ သန့်ရှင်းသောရေဖြစ်ပါက စျေးကိုသွားစရာမလိုပဲနှင့်ပင် နေ့တိုင်း အသားဟင်းစားနိုင်မည်ဖြစ်သည်။
ညစာ စားပြီးနောက်တွင် စုရှင်းချန်သည် မီးအိမ်လေးကို ထွန်းကာ မနက်တွင်ဝယ်ရမည့် ဓားများ၊ မီးခြစ်ဆံများနှင့် တောင်တက်ကိရိယာများဝယ်ရန် စာရင်းပြုစုနေပေသည်။ ထို့ပြင် ခွေးလေးတစ်ကောင်ပါ ဝယ်ရန် စီစဉ်ထားပေသည်။
ထိုစဉ် ဖန်ရှင်းတစ်ယောက် ကင်မရာများကို တပ်ပြီးသည်နှင့်ကွန်ပျူတာအရှေ့တွင် ထိုင်ကာ အိမ်အခြေအနေကို တစ်ချက်စောင့်ကြည့်နေပေသည်။
တဖြေးဖြေးပင် အချိန်ကုန်လာကာ ဆာလောင်လာသောစိတ်ဖြင့် ဗိုက်ကိုကိုင်၍ ဖန်ရှင်းတစ်ယောက် စားပွဲခုံပေါ်သို့ အကြည့်ပင်မလွှဲခဲ့ပေ။ ဆယ့်နှစ်နာရီခွဲကိုရောက်နေပြီဖြစ်သော်လည်း မည်သည့်ထမင်းဘူးမှ လာပို့ခြင်းမရှိပေ။ နောက်ဆုံးတွင်ကား မနေနိုင်တော့သည့်အဆုံးတွင် တစ်ခုခုကို မှာစားလိုက်ရပေတော့သည်။
နောက်ထပ်တစ်နာရီကျော်မျှ စောင့်ပြီးသည့်နောက်တွင်ကား အစားအသောက်ကို လာပို့ပြီဖြစ်သော်လည်း ထူဆန်းသည့်ထမင်းဘူးသည်ကားမည်သည့်နေရာမှ ရှာ၍မရပေ။ ပါဆယ်မှာလာသည့် အသင့်စားဘူးကို ထုတ်လိုက်သော်လည်း ဤသို့သော အစားစာများကို စားရမည်ကား တွန့်ဆုတ်နေပေသည်။
မည်သို့ပင် အဆင့်မြင့်သည့်အစားအစာပင်ဆိုထားဦးတော့ အသင့်စား အစားအသောက်၏အနံ့သည်ကား နမ်းကြည့်ရုံနှင့်ပင် အတော်ကိုသိသာနေသည်ဖြစ်ရာ ထိုအစားအစာများကိုကြည့်လိုက်သည်နှင့် စားချင်စိတ်ပင်မရှိပေ။
ဖန်ရှင်းသည် စိတ်ပျက်လက်ပျက်ဖြင့်ပင် တူကိုကောက်ကိုင်ကာ အနည်းငယ် မြည်းကြည့်လိုက်သော်လည်း ထပ်ပြီးစားချင်စိတ်ပင်မရှိတော့ပေ။
ရုတ်တရက် မနေ့ညက ကြက်သွန်ကိတ်မုန့်တစ်ဝက်ကို ရေခဲသေတ္တာထဲတွင် ထည့်ထားသည်ကိုသတိရသွားပေသည်။ မတ်တတ်ရပ်ကာ မီးဖိုချောင်ထဲသို့သွား၍ ကိတ်မုန့်ကိုအပူပေးခဲ့ပေသည်။ ငရုတ်ချဉ်၏အနံ့လေးသည် အပူပေးစက်တစ်လျှောက်မီးဖိုချောင်တစ်ခုလုံးဖုံးလွှမ်းသွားသည်ကား အလွန်ပင် သွားရည်ကျစရာပင်ဖြစ်ပေသည်။
မနေ့ညက ယွီဖန်ရှင်းသည် ဗိုက်မကောင်းသောကြောင့်ပင် ကိတ်မုန့်ကို မစားမိလိုက်ပေ။ ထို့ကြောင့်ပင် ငရုတ်ချဉ်ကို မစားနိုင်ပေ။ သို့သော် ယခုတွင်ကား မည်သည်ကိုမျှ ဂရုမစိုက်နိုင်တော့ပေ။ ကြက်သွန်ကိတ်အား အပူပေးပြီးနောက် စားကြည့်လိုက်သောအခါ ငရုတ်ချဉ်သည် အရမ်းမစပ်ပေ။ ငရုတ်ချဉ်ရောင် ရဲရဲလေးနှင့် မွှေးကြိုင်နေသောအနံ့လေးသည်ကား ဟင်းးး...
ကိတ်မုန့်တစ်ဝက်လောက်ကိုစားပြီးသည့်နောက်တွင် ဖန်ရှင်းတစ်ယောက် အလွန်ပင် စိတ်ကျေနပ်သွားကာ
"ဒီနေ့တော့ ကိတ်မုန့်က အနေတော်ပဲ"
နေပါဦးးး။ ယွီဖန်ရှင်းသည် ရုတ်တရက် တစ်ခုခုကိုသတိရသွားပေသည်။ မနေ့ညက ထမင်းစားပွဲတွင် ညစာစားနေချိန် ထမင်းဘူးထဲရှိပမာဏသည် အလွန်နည်းသောကြောင့် စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်မိသေးပေသည်။ ထို့သို့ပြောပြီး မကြာမီပင် ထပ်ပို့သောကိတ်မုန့်မှာ အရင်ကထပ်ပို၍ ပမာဏများနေသည်ကို တွေ့ရပေသည်။
ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားကာ မကြောက်သည်ဆိုဦးတော့ အနည်းငယ်ပင် ကျောချမ်းမိသည်မှာ အမှန်ပင် ဖြစ်ပေသည်။ သို့သော်လည်း သရဲလုပ်သည့်အစားအသောက်ဖြစ်သည့်တိုင် အလွန်ပင် အရသာရှိလွန်းလှသည်ဖြစ်ကာ အိမ်လုပ်လက်ရာကို အပြည့်အဝရရှိသည်ကား ငြင်းဆိုဖွယ်ရာမရှိပေ။
ထို့နောက် ဘေးဘီကိုကြည့်ကာ
"မင်း ဘယ်သူလဲ။ မင်း ငါ့ကို ဘာလို့အစားအသောက်တွေ ပို့နေရတာလဲ"
သူ့အသံမှလွဲ၍ အခြားမည်သည့်အသံမျှ မကြားရပဲတိတ်ဆိတ်နေပေသည်။
"မင်း ငါ့အသံကို ကြားရတယ်ဆို ညနေကျ ငါ့ကိုနောက်ထပ် ထမင်းဘူးတစ်ဘူး ထပ်ပို့ပေးပါဦး"
ထိုသို့ပြောပြီးသည်နှင့် ထမင်းစားခန်းမှထွက်ကာ တစ်ရေးအိပ်ရန် စဉ်းစားလိုက်ပေသည်။
ညနေပိုင်းတွင်ကား စုရှင်းချန်သည် ဒုတိယထပ်ဧည့်ခန်းတွင်းသို့ ဂရုတစိုက်ဝင်လိုက်သည်နှင့် အမှောင်ခန်းတစ်ဝိုက်တွင် ကင်မရာများ နေရာအနှံချထားပေသည်။ မီးဖိုချောင်အတွင်းသို့ ခိုးဝင်လိုက်သောအခါတွင်ကား ကင်မရာကို မတွေ့တော့မှသာ သက်ပြင်းချနိုင်တော့ပေသည်။
ရှင်းချန်သည် အပေါ်ထပ်အခန်းသို့ တစ်နေကုန်လုံး မရောက်သဖြင့် တစ်ဖက်လူ ဘာတွေလုပ်နေသည်ကိုသေချာ မသိပေ။ သူရောက်လာသည့်အချိန်တွင်ကား အိမ်ပိုင်ရှင်သည် အိပ်စက်နေပေသည်။
ထိုကြောင့်ပင် စုရှင်းချန်သည် ချက်ပြုတ်ချိန်နှင့် ရေချိုးချိန်ကို သေချာအချိန်ညှိ၍ လုပ်ပေသည်။ ကံကောင်းထောက်မစွာပင် အိမ်ပိုင်ရှင်သည် တစ်နေ့ကို တစ်နာရီနီးပါး လေ့ကျင့်ခန်းလုပ်ပေသည်။
ထို့ကြောင့်ပင် ရှင်းချန်အဖို့ ချက်ပြုတ်ရေချိုးခြင်းကို လေ့ကျင့်ခန်းပြီးချိန်နှင့်ကိုက်၍ လုပ်နိုင်ပေသည်။ သူ့ကိစ္စများပြီးသွားသည့်နောက်တွင် အိမ်ပိုင်ရှင်လေ့ကျင့်ခန်းလုပ်အပြီးဖြစ်ရာ ရေမိုးချိုး၍ တရေးတမောအိပ်သည့်အချိန်အထိ စောင့်နေပေသည်။
ယနေ့ညအထိပင် ထူးဆန်းသောထမင်းဘူးလေးသည် ပေါ်မလာခဲ့ပေ။ အသင့်စားအစားအစာများကိုစားရသည်ကား အလွန်ပင် ငြီးငွေ့လာပြီဖြစ်သည်။ ထို့ကြောင့် တစ်ခုခုကို အကျင့်မလုပ်ချင်ခြင်း ဖြစ်ပေသည်။ သူ့အခြေအနေသည် ဖျာပေါ်တွင်အိပ်နေကျဖြစ်သောသူသည် မွေ့ရာပေါ်တွင် ရုတ်တရက် အိပ်လိုက်ရသောအခါ စွဲလမ်းမှုကို မဖျက်နိုင်သောကြောင့် ဖျာနှင့်ပြန်အိပ်ရသည်ကို စိတ်ကုန်လာခြင်းနှင့်တူပေသည်။
"တင်းတောင်" တစ်ယောက်ယောက် တံခါးဘဲလ်ကိုတီးလိုက်ပေသည်။
စုရှင်းချန်သည် ဆိုဖာပေါ်တွင် စာအုပ်ကိုဖတ်နေခိုက် ဘဲလ်တီးသံကို ကြားလိုက်ရပေသည်။ သို့သော်လည်း နေရာမှ မထပေ။ ယခုနေ ရှင်းချန်ထ၍ဖွင့်ပေးလိုက်သော်ညား တစ်ဖက်မှတံခါးသည် ပွင့်မည်မဟုတ်ပေ။ ထို့ကြောင့်ပင် တစ်ချက်ပင်ခေါင်းထောင်ကြည့်ကာ စာအုပ်ကို အေးဆေးပြန်ဖတ်နေပေသည်။
"ဟေးး..." ဖန်ရှင်းသည် အသင့်စား အစာဘူးကိုအမှိုက်ပုံးထဲသို့လွှင့်ပစ်လိုက်ကာ ကော်ဖီပဲဖျော်သောက်လိုက်ရပေသည်။
"ငါ မနက်ဖြန် ကင်မရာတွေကို ဖယ်ပေးမယ်"
ရှင်းချန်သည် မျက်နှာလေးကိုစာအုပ်ဖြင့်ကွယ်ကာ ပြုံးစိစိလုပ်နေပေသည်။ သူ မတွေးထားသည်ကား ဤမျှချမ်းသာကြွယ်ဝပြီး အကောင်းစားကြိုက်တတ်သည်ဟု ထင်ရသောကောင်လေးက အစားအစာတစ်ခုအတွက် တစ်နေကုန် ရှေ့ပြေးလိုက်နောက်ပြေးလိုက်ဖြင့် ပျာယာခတ်နေမည်ကိုအလွန်ပင် အံ့သြနေမိပေသည်။ တစ်ဖက်တွင်ကားသူ့လက်ရာကို သဘောကျသည်ဟု သိလိုက်ရသောကြောင့်ပင် ကြိတ်၍ကျေနပ်နေပေသည်။
ပိုင်ဝမ်သည်လည်း မည်သို့မျှ မျှော်လင့်မထားသောအခြေအနေနှင့် ရင်ဆိုင်နေရပေပြီ။ နှစ်ရက်အလိုလောက်ကမှ တပ်ဆင်ထားသော လုံခြုံရေးကင်မရာများကို ပြန်၍ဖြုတ်မည်ဟုဆိုသည်ကား နည်းနည်းတော့ အဆင်မပြေပေ။
"ဘာဖြစ်လို့လဲ ဘော့စ် တပ်ထားတဲ့နေရာတွေကအဆင်မပြေလို့လား"
"အဲ့လိုမဟုတ်ပါဘူး"
ဖန်ရှင်းသည် အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်ပေသည်။ တကယ့်ပြဿနာကား သူစွဲလမ်းနေသော ဟင်းလျာဘူးလေးသည် ထိုကင်မရာများတပ်လိုက်ပြီးကတည်းက ပျောက်ချင်းမလှပျောက်သွားခြင်း ဖြစ်ပေသည်။ ထို့ကြောင့်ပင် အကယ်၍များ ထိုကင်မရာများကို ဖြုတ်လိုက်ပါက ထူးဆန်းသော ထမင်းဘူးလေး ထမင်းစားပွဲပေါ်တွင် အချိန်ကိုက် ပြန်ရောက်နေမည်လားဟု စမ်းသပ်ချင်မိ ပေသည်။