Chapter 34

216 49 0
                                    

အပိုင်း (၃၄)

ဘဝတွင် အလုပ်ထပ် အရေးပါသည့် အရာများစွာ ရှိပေသည်။ အချစ်ရေး၊ မိသားစုရေးနှင့် လူမှုဆက်ဆံရေး အစရှိသည့် ကိစ္စရပ်များလည်း ကောင်းမွန်‌နေအောင် မျှမျှတတ နေထိုင်နိုင်မှလည်း အလုပ်ပိုင်းတွင် အဆင်ပြေပေလိမ့်မည်။
အင်တာနက်‌ပေါ်တွင် သားပုပ်လေလွင့် ပြောနေကြသူများရှိသလို အမှန်တကယ် ထောက်ပြ ပြောဆိုနေကြသူ အသီးသီး ရှိကြသည်။ ထိုလူများကို လုံးဝ လျစ်လျူရှုလိုက်လို့ မဖြစ်ပေ။ ကြာလျှင် မေ့ပျောက်သွားမည် ဆိုသော်လည်း အနည်းနှင့်အများတော့ ကိုယ့်အပေါ် အထင်မှားစိတ်ကြောင့် ကုမ္ပဏီ၏ သုံးစွဲသူအရေအတွက်နှင့် ဂုဏ်သိက္ခာပိုင်းကို ထိခိုက်နိုင်သည်။ လူဟူသည် ကိုယ့်ဘက်က ဘယ်‌လောက်ပဲ ကောင်းပေးခဲ့ အပြစ်တစ်ခု တွေ့တာနှင့် ချက်ချင်း အမြင်ပြောင်းသွားတတ်ကြသည်။ 

ထို့ကြောင့် ပိုင်ဝမ်သည် ဘော့စ်နားဝင်သည်အထိ ဖျောင်းဖျဖို့ ဆုံးဖြတ်ထားပြီး ဖြစ်သည်။

“ဘော့စ် ဒီကိစ္စကို ဒီအတိုင်းကြီး လက်လွတ်စပယ်လုပ်လိုက်တာထပ် ကျွန်တော်တို့ လိုအပ်တဲ့ အချက်အလက်တွေကို ရှာပြီး အမှုဖွင့်သင့်ရင် ဖွင့်ဖို့ လိုတယ် ဘော့စ်။ မဟုတ်ရင် ပြဿနာက ပိုကြီးသွားနိုင်တယ်။ အင်တာနက်က ကိစ္စက ပေါ့သေးသေးမဟုတ်ဘူးနော် ဘော့စ်။ ကျွန်တော်တို့ ကုမ္ပဏီအထိပါ လာပြီးထိခိုက်နိုင်တာတွေပါတယ်ဆိုတာ ဘော့စ်လည်း ဒီလောက်ကတော့ နားလည်မှာပါ”

ပိုင်ဝမ်သည် အတတ်နိုင်ဆုံး ကြိုးစားပြီး တင်ပြရသည်။ ဘော့စ်တစ်ယောက် သက်ပြင်းချသံ အရှည်ကြီးကို ကြားလိုက်ရသည်။ ပိုင်ဝမ်နားလည်ပေသည်။ ဘော့စ်အဘယ်ကြောင့် ဤပြဿနာများကို ရှောင်ပြေးချင်နေရလဲ ဆိုသည်ကို။ အတိတ်နှင့် ပြန်ပတ်သက်ရမည့် ကိစ္စများကို ဘော့စ်မလုပ်ချင်မှန်း ပိုင်ဝမ် ကောင်းကောင်းကြီး နားလည်ပေသည်။ သို့သော် အမြဲရှောင်ပြေးနေလို့တော့ မရပေ။ ကိုယ့်ဘက်က သန်မာကြောင်းပြနိုင်မှ ပြိုင်ဘက်ကလည်း နောက်တစ်ကြိမ် စစ်ထိုးနိုင်လိမ့်မည် မဟုတ်ပေ။

“အချက်အလက်တွေကို ဆက်ပြီးရှာပြီးတင်ပြ။ အမှုဖွင့်လို့ရလောက်တဲ့ သက်သေတွေ ရပြီဆို ငါကိုယ်တိုင် ဝင်ပါသင့်ရင် ပါမယ်”

ယွီဖန်ရှင်းသည် ကုမ္ပဏီမှ လူများမျက်နှာနှင့် ရေရှည်ကို တွေးလိုက်ခြင်းကြောင့် ရင်ဆိုင်ရပေတော့မည်။ သို့သော် ပိုင်ဝမ်ဘက်မှလည်း အကောင်းဆုံး လုပ်ဆောင်စွမ်းရည်ကို ကြည့်ရပေဦးမည်။

“ဒါတွေထားလိုက်ပါတော့။ မင်းဆက်ကိုင်တွယ်နိုင်မယ်ဆိုတာ ငါယုံကြည်ပါတယ်..."
“ဟုတ်ကဲ့ပါ ဘော့စ်…”

ယွီဖန်ရှင်းသည် တစ်ခုခုကို သတိရသွားသောကြောင့် ပိုင်ဝမ်ကို ရုပ်တည်ကြီးဖြင့် လှမ်းမေးလိုက်သည်။

“ဒါနဲ့ ဒီနားတစ်ဝိုက်မှာ အသားငါး ဟင်းသီးဟင်းရွက်ကို လတ်လတ်ဆတ်ဆတ် ဝယ်လို့ရတဲ့ နေရာကိုသိလား”

အတွင်းရေးမှူးပိုင်က “ခင်ဗျာ...”

ဘော့စ် ဘယ်ကို ခြေဦးလှည့်သွားတာလဲ…။

“လတ်ဆတ်တဲ့ အသားငါး ဟင်းသီးဟင်းရွက်ကို ဘယ်မှာ ဝယ်လို့ရလဲလို့” ယွီဖန်ရှင်း ထပ်မေးလိုက်သည်။

အတွင်းရေးမှူးပိုင် ကိုယ့်နားကို ကိုယ်မယုံနိုင်သေးသောကြောင့် တော်တော်ကြာသည်အထိ ကြောင်စီစီဖြစ်နေသည်။ ယွီဖန်ရှင်းသည် ပိုင်ဝမ် သိသောကြောင့် အကြာကြီး စဉ်းစားနေသည်ဟု ထင်ကာ စိတ်ရှည်ရှည်နှင့် စောင့်ပေးရှာသည်။

“အဲ့တာကလေ… ကျွန်တော်လည်း မသိဘူး”

မသိတာများ စဥ်းစားနေရသေးတယ်လို့။ သို့သော် ပိုင်ဝမ်သည် ရွှင်လန်းသော မျက်နှာဖြင့် တစ်ခုခုကို သတိရသွားသည့် အတိုင်း

“ဒါပေမဲ့ ကျွန်တော့်အမေကိုတော့ မေးလို့ရပါတယ်”

ဖန်ရှင်းသည် ပိုင်ဝမ်ကို မျှော်လင့်တကြီးဖြင့် ကြည့်လိုက်သည်။

"မြန်မြန် မေးစမ်းပါ"

ကံကောင်းစွာဖြင့် အမေသည် ကုမ္ပဏီ အနီးနားရှိ စျေးရုံတစ်ခုတွင် အသီးအရွက် လတ်လတ်ဆတ်ဆတ် ရှိကြောင်း၊ အသားဝယ်ချင်ပါက ထိုစျေးနှင့် အနီးအနား အသားစျေးတစ်ခု ရှိကြောင်း တည်နေရာနှင့်တကွ တိတိကျကျ ပြောပြခဲ့သည်။ ပိုင်ဝမ့်အမေသည် ပိုင်ဝမ့်ဆီကို လာတွေ့လေ့ရှိပြီး ကုမ္ပဏီနှင့် မနီးမဝေးတွင် နေသော သူလည်း ဖြစ်သည့်အတွက် အနီးနားရှိ စျေးတော်တော်များများကို နှံ့စပ်ပေသည်။

“အန်တီ့ကို ကျေးဇူးတင်ပါတယ်လို့ ပြောပေးပါဦး...” ယွီဖန်ရှင်းသည် ပိုင်ဝမ်ကို ကျေးဇူးတင်စကား ပြောပြီးနောက် တင်ပြချက်ကို ဆက်ဆွေးနွေးလိုက်သည်။

ပိုင်ဝမ် ထွက်သွားပြီးချိန် ချိန်းထားသည့် အလုပ်ကိစ္စလည်း မရှိသောကြောင့် စျေးကိုသွားရမည့် လမ်းကြောင်းနှင့် စျေးအကြောင်းကို အသေးစိတ် လေ့လာလိုက်သည်။

အတွင်းရေးမှူးပိုင်တစ်ယောက်တော့ ကော်ဖီဖျော်သောက်နေရင်း ဘော့စ်အကြောင်း စဥ်းစားပြီး တခစ်ခစ် ရယ်နေသည်။

‘ဘော့စ်က အခုတလော ချစ်ဖို့ ပိုကောင်းလာတယ်။ အချစ်နဲ့ တွေ့လို့လားမသိ စျေးတွေတောင် ဝယ်ပေးနေရပြီ’

စုရှင်းချန်သည် ခြံပေါက်ဝဘေးနားတွင် ပေါက်နေသော မြက်များကို ဓားဖြင့် ခုတ်နေသည်။ ပြီးနောက် ညှိုးနွမ်းသွားသည့် အပင်များကို ပြန်ပျိုးနေရပြီး တစ်ယောက်တည်း တကုတ်ကုတ်နှင့် အလုပ်ရှုပ်နေတော့သည်။

လုပ်ရင်းကိုင်ရင်း ညစ်ပေနေသော လက်ကို ကြည့်ပြီး အတွေးတစ်ခု ဝင်မိသည်ကား ‘သူ့ကိုသာ တစ်ယောက်ယောက်လောက် အတူတူ ကူညီပြီး လုပ်ပေးရင် အပျင်းပြေမှာပဲ’ ဟူ၍ပင်။ နေကလည်းပူ။ တစ်ယောက်တည်းလည်း ဖြစ်သောကြောင့် လုပ်ရတာ ပိုပင်ပန်းသလို ခံစားရသည်။ ပျင်းလည်း ပျင်းလာခြင်းကြောင့်ပင်။

လုပ်လက်စကို ခဏမျှရပ်ပြီး တိုက်ရိုက်မလွှင့်ရသည်မှာ ကြာပြီဖြစ်သောကြောင့် ကင်မရာကို ဖွင့်ပြီး ပရိသတ်များကို နွေးထွေးစွာ ကြိုဆိုလိုက်သည်။

ပရိသတ်များသည် ထုံစံအတိုင်းပင် အပင်မြင်သည်နှင့်ကို အားတက်သရောဖြင့်

“ရောင်းဖို့အတွက်လား"၊ “ဘာတွေလုပ်နေတာလဲ"၊ “အမြစ်တွေလား” စသဖြင့် ဝင်ရောက်မေးမြန်းကြသည်။

လူတိုင်း စုရှင်းတိုက်ရိုက်လွှင့်သည်နှင့် ဤသို့မေးကြခြင်းကို အကျင့်တစ်ခုလို ဖြစ်နေကြလားမသိ။ စုရှင်းချန် စျေးရောင်းမည့် အချိန်ကို စောင့်နေကြသူများဖြင့် ပြည့်နှက်နေသည်။

‘ငါတစ်နေ့တခြား စျေးသည်နဲ့ ပိုတူလာတယ် ထင်တယ်’

‘ရှက်လိုက်တာ’

စုရှင်းချန်သည် ခေါင်းကိုခါကာ နီးမြန်းနေသော မျက်နှာတွင် မဲ့ပြုံးလေး ပြုံးပြီး

“မဟုတ်ပါဘူး ဒါတွေကို ပြန်ပျိုးနေတာပါ”

တိုက်ရိုက်ထုတ်လွှင့်နေသည့်အချိန်တွင် စုရှင်းချန်ကို ပရိသတ်များက လက်ဆောင်ပေးသူပေး၊ မှတ်ချက်ရေးပေးကြသူများ၊ မေးခွန်းမေးနေကြသူများနှင့် စုရှင်းချန်ကို တိတ်တိတ်လေး ပိုးနေကြသည့် ကောင်မလေးများလည်း ပါဝင်ကြသေးသည်။

“ကျောက်ဆူးကောင်လေး ဒီနေ့ဘာတွေ လုပ်နေတာလဲ”

စုရှင်းချန်သည် ရယ်ကြဲကြဲဖြင့်

“အိမ်ဘေးဘက်နဲ့ ခြံပတ်ပတ်လည်ကို ရှင်းဖို့အချိန်ရောက်ပြီလေ။ ကျွန်တော် ဟိုတလောက ခြံဝင်းထဲပဲ ရှင်းပြီး ဘေးဘက်က ခြုံတွေကို မရှင်းသေးရသေးဘူးလေ။ ပြီးတော့ အပင်တွေကို ပြန်ပျိုးနေတာ။ အပြင်သွားတာ ကြာသွားတော့ အပင်တွေက ညှိုးသွားတာလေ။ အင်းး… ကျွန်တော် လုပ်ချင်တာတွေကတော့ အများကြီးပဲ။ အနည်းဆုံး လုပ်မယ်ဆိုရင်တော့ သုံလေးရက်လောက်ကြာမှာ”

ပရိသတ်ကြီးသည် ကျောက်ဆူးကောင်လေး အလုပ်လုပ်နေသည်ကို ကြည့်ကာ အားကျသောကြောင့်
“ငါလည်း လုပ်ချင်တယ်။ စားဖို့ နေဖို့ နေရာပဲပေး ငါအကုန် ဝိုင်းလုပ်ပေးပါ့မယ်”

“ငါကပိုပြီး အလုပ်ကြိုးစားတယ်။ သုံးရက်မကဘူး သုံးလ ဆိုလည်း လုပ်မယ်။ ကျောက်ဆူးကောင်လေးနဲ့ အလုပ်အတူတူ လုပ်ချင်နေတာ”

လူအများသည် စုရှင်းချန်နှင့် အတူတူ အလုပ်တွဲလုပ်ချင်သည်ဟူ၍ အများအပြား ရေးလာကြသည်။

ခုနလေးတင်ကမှ စိတ်ကူးယဉ်ကာ အဖော်လိုချင်ခဲ့သည့် အတွေးသည် ယခုအချိန်တွင် တကယ်ဖြစ်လာသလားပင်။

သို့သော် လူနှစ်ယောက်စာသာမက၊ တိရစ္ဆာန် ကျွေးခနှင့်တင် စုရှင်းချန် တစ်ယောက် မနည်းစု နေရပေသည်။ နောက်ထပ် လူအပိုခေါ်ရမည်မှာ စုရှင်းအတွက်တော့ အဆင်မပြေလှပေ။

စုရှင်းချန်သည် ခေါင်းကိုခါကာ

“ပရိသတ်ကြီးဘက်ကနေ ဒီလိုမျိုး ရက်ရက်ရောရော ကူညီဖို့ ပြောပေးတာနဲ့တင် ကျေးဇူးတင်နေပါပြီ။ ဒီအလုပ်က အရမ်းပင်ပန်းတယ်ခင်ဗျ။ ပရိသတ်ကြီးတို့ကို အလုပ်မရှုပ်စေချင်ပါဘူး။ ကျွန်တော့်ဘာသာ ဖြေးဖြေးချင်း လုပ်လိုက်ပါ့မယ်ဗျ။ ပရိသတ်ကြီးတို့ဘက်ကနေ ကျွန်တော် အလုပ်လုပ်နေတုန်း အတူတူ စကားတွေပြောပေးဖို့ပဲ တောင်းဆိုပါတယ်”

ပရိသတ်အချို့သည့် စုရှင်းချန် ပြောသည်ကို သဘောမတွေ့ပေ။ သူတို့လည်း လုပ်နိုင်ပါသည် ဟူ၍ လက်ခမောင်းခတ်နေကြပေသည်။ သို့သော်လည်း ကျောက်ဆူး ကောင်လေးဘက်မှ ပစ်ပစ်ခါခါကို ငြင်းနေသောကြောင့် အားလုံး လက်လျှော့လိုက်ကြရ၏။

တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်ပြီး အလုပ်တစ်ဝက်လောက်နီးပါး ပြီးသည့်နောက် စုရှင်းချန်တစ်ယောက် ချွေးတပြိုက်ပြိုက် ကျနေပေပြီ။ ပင်ပန်းနေသော်လည်း သဘာဝလေကို ရှုရှိုက်ရင်း အလုပ်လုပ်ခဲ့ရသည်ဖြစ်ရာ လန်းဆန်းမှု အပြည့်ပင်။

စုရှင်းချန်သည် တလှုပ်လှုပ်နှင့် အလုပ်လုပ်နေရသည်ကို ကြိုက်နှစ်သက်သူဖြစ်သည်။ အခြားသော လူငယ်များလို အိမ်တွင်ပင် ဖုန်း၊ ကွန်ပျူတာ၊ တီဗွီနှင့် အချိန်မဖြုန်းတတ်ပဲ ဟိုသွား ဒီသွားလုပ်တတ်သူ ဖြစ်သည်။ ပေကျင်းမှာကတည်းက သူငယ်ချင်းများနှင့် အပြင်မထွက်ဖြစ်သည့်တိုင် တစ်ယောက်တည်း လမ်းလျှောက်၊ အားကစားလုပ်တတ်သူဖြစ်သည်။ ထို့ကြောင့် ဤသို့ လုပ်နေရခြင်းကို ပင်ပန်းသည်ဟု မမြင်ပေ။   

ယမန်နေ့က ဖမ်းလာသော ခရုများကို ဟင်းချိုချက်ပြီးသည်အထိ တစ်ဝက်နီးပါး ကျန်နေသေးသည်။ ခရုကို အစပ်ချက် ချက်ချင်သော်လည်း အိမ်ပိုင်ရှင် အစပ်မစားနိုင်သောကြောင့် အဆင်ပြေသလို ချက်ရပေတော့မည်။

ကြက်သွန်ကို ကြိတ်ပြီး ငရုတ်သီးနည်းနည်းကို ထောင်းကာ ခရုနှင့် ရောချက်ဖို့ ဆီသတ်လိုက်သည်။

‘မဆိုးဘူးးပဲ အနံ့လေးနဲ့တင် သွားရည်ကျနေပြီ’

ယနေ့တွင်လည်း ခါတိုင်းလိုပင် ခရုမစပ်တစပ်နှင့် အရွက်ကြော်ကို အသား တစ်မျိုးဖြင့် ရောကြော်ပေသည်။ ခရုချက်နှင့်တင် သွားရည်အတော်ကျနေပြီဖြစ်ရာ အိမ်ပိုင်ရှင်အတွက် ထည့်ပြုပြီးသည့်နောက် တစ်ယောက်တည်း မြိန်ရေရှက်ရေ စားလိုက်တော့သည်။
အလုပ်ပြီးသည့်နောက် ယွီဖန်ရှင်းသည် လေ့လာထားသည့် လမ်းကြောင်းအတိုင်း စျေးကို မောင်းတော့သည်။ စျေးထဲကို ရောက်သည်နှင့် ညနေပိုင်း ရောင်းသည့်စျေးဖြစ်သောကြောင့် လူများ ကြိတ်ကြိတ်တိုးနေပေသည်။ စျေးတစ်ခါမှ မလာဖူးသော ဖန်ရှင်းအဖို့ ယောင်လည်လည်နှင့် ဘာဝယ်လို့ ဝယ်ရမှန်းမသိ။ ဂူဂူဂါဂါနှင့် စျေးတန်း အလယ်တွင် ဟိုကြည့်ဒီကြည့် လုပ်နေသည်။

‘ဘာတွေဝယ်ရမလဲ၊ ဘယ်လိုဝယ်ရမလဲ၊ ဘယ်လောက်ဝယ်ရမလဲ’

အလုပ်လုပ်ရသည်ထပ်တောင် ခေါင်းကိုက်ပေသည်။ ထူးဆန်းသည့် ကောင်လေးကို ဖုန်းဆက်မေးရအောင်လည်း ဖုန်းနံပါတ်က မရှိ။ နောက်တစ်ခါတော့ သေချာပေါက် ဖုန်းနံပါတ်ကို ရအောင်တောင်းမည်ဟု ကြိမ်းလိုက်သည်။

ယခင်ကတော့ ကောင်လေး ချက်ပေးတတ်သည်များက အရွက်ကြော် ဝက်သားနှင့် ဟင်းချိုတို့များပေသည်။ ထို့ကြောင့် အားရှိသည့် အမဲသား၊ ပုစွန်ထုပ်၊ ကဏန်းနှင့် အသားမျိုးစုံကို ဝယ်လိုက်သည်။ ထူးဆန်းသည့် ကောင်လေး သူ့ကို ပထမဆုံး ချက်ပေးခဲ့သည့် ဟင်းလျာသည် တိုဟူးဖြစ်သည်။

အရင်ဆုံး စားဖူးခဲ့ဖူးသည့် အရသာကို သတိရကာ တိုဟူးလည်း ဝယ်ခဲ့လိုက်သည်။

ပြောင်သလင်းခါနေသည့် ရေခဲသေတ္တာထဲတွင် ရေသန့်ဘူး အနည်းငယ်သာ ရှိသည်။ ယွီဖန်ရှင်းသည် မီးဖိုချောင်အတွင်းသို့ ဝင်ခဲလှသောကြောင့် မီးဖိုချောင်တွင်းသို့ ဝင်လိုက်သည်နှင့် အတွေးများ စတင်ထွက်ပေါ်လာသည်။

တွေးနေရင်းနှင့် မျက်မှောင်ကိုကြုတ်လိုက်ပေသည်။ သူ့မျက်လုံးထဲတွင် ပေါ်လာသည့် ပထမဆုံးသောလူသည် ခါးစည်းကိုဝတ်ထားပြီး ပန်ကန်းဆေး၊ ချက်ပြုတ်နေသည့် ကောင်လေးတစ်ယောက်ပင်။ ထိုရုပ်ကို ဘယ်လိုပဲ ပုံဖော်ကြည့်ကြည့် စုရှင်းချန်ရုပ်ကိုပဲ မြင်ယောင်နေသည်။

‘ဘာဖြစ်တာပါလိမ့်။ ဘာလို့ သူ့ရုပ်ကိုပဲ မြင်နေတာလဲ’

လွန်ခဲ့သည့် တစ်လတုန်းက ပေကျင်းတွင် တွေ့ခဲ့သော ကောင်လေးကို မျက်လုံးထဲတွင် စွဲထင်နေသလိုပင်။

သို့သော် ထူးဆန်းသည့်ကောင်လေးသည် စုရှင်းချန် ဖြစ်စရာ အကြောင်းမရှိပေ။ ဤသို့ မြင်ယောင်နေသည်မှာ သူတို့နှစ်ယောက် ပုံစံတူနေသည်ဟု ထင်နေသော သူ့စိတ်ကြောင့် ဖြစ်ရမည်။

စုရှင်းချန်သည် ငယ်ရွယ်ပြီး ရိုးရှင်းကာ ဘာမျှ အသုံးမဝင်သော အားပျော့သည့် ကလေးတစ်ယောက်။ အသက်ကြီးသူကို မြှူဆွယ်နေသည့် ကောင်လေးတစ်ယောက်လို့ ယွီဖန်ရှင်းစိတ်ထဲ ထင်နေခြင်းကြောင့် ထူးဆန်းသည့်ကောင်လေးဖြင့် နှိုင်းတောင် မနှိုင်းချင်ပေ။ ဘာမျှမသိ တစ်ခုခုဆိုငိုဖို့ပဲတတ်ပြီး စိတ်ခံစားလွယ်သည့် ကလေးမျိုးကို ယွီဖန်ရှင်း မကြိုက်။ 

စုရှင်းချန်သည် သူ့ညီသာဖြစ်ပါက သေချာပေါက် နာနာလေးပြောပြီး ဆိုဆုံးမိမည်။ ထူးဆန်းသည့်ကောင်လေးသည်လည်း ပြောမည့်သာပြောရတာ အညှာလွယ်ပြီး ရိုးသားသည့်အတွက် ဤသို့သော အခွင့်ကောင်းယူသည့် သူများနှင့် တွေ့ပါက...

စဉ်းစားနေရင်းနှင့် ယွီဖန်ရှင်း စိတ်ထဲ မနေနိုင်တော့ပေ။

ရှုပ်ထွေးလာသည့် စိတ်ကို ခဏဖယ်ထားပြီး ထမင်းစားရန် ထမင်းဘူးဖွင့်လိုက်သည်။
မနက်က သူအလုပ်သွားချိန် မှတ်စုတို ထားခဲ့ဖို့ မေ့ခဲ့ပေရာ ဘူးထဲတွင် မှတ်စုတိုကို မတွေ့ရပေ။

ထို့ကြောင့် တစ်ဖက်လူသည် သူ့အား ဘာမျှ ပြန်မရေးပေးခြင်းလား။

ထမင်းဘူးကိုဖွင့်ကာ အတွင်းတွင် ပါလာသော အရာများကို ကြည့်ပြီး ခဏမျှ မှင်သက်သွားသည်။ ခရုတွေပဲ။ ယွီဖန်ရှင်း ခရုကို အရင်တုန်းက တစ်ခါမျှသာ စားဖူးပေသည်။ သို့သော် အဆင်မြင့် ဟိုတယ်တွင် စားခဲ့ရသည့်အတွက် သန့်ရှင်း လတ်ဆတ်မှုကို အာမခံနိုင်သော်လည်း ထိုသို့သော ချွဲကျိကျိ သတ္တဝါအကောင်များကို ယွီဖန်ရှင်း မကြိုက်ပေ။ သို့သော် တစ်ဖက်လူ၏ စေတနာကို အသိအမှတ်ပြုသည့်အနေဖြင့် တစ်ကိုက်လောက်တော့စားလိုက်ဦးမည်…
ကိုက်လိုက်သည်နှင့် ရလာသော အရသာသည် အဆင်မြင့် ဟိုတယ်တွင် စားဖူးခဲ့သော အရသာနှင့် မိုးနှင့် မြေလိုပင်။ မစပ်တစပ်လေးနှင့် ထူးကဲနေသော အရသာကို စားလိုက်ရသောကြောင့် ကိုယ့်ပါးစပ်ကိုတောင် ကိုယ်မယုံတော့ပေ။ ဘယ်အချိန်ထိ အသိစိတ်လွတ်ပြီး စားလိုက်သည်မသိ။ နောက်ဆုံးတွင် အကုန်ကုန်သွားသည့် အထိပင်။

စားပြီးသည့်နောက်တွင် မှတ်စုတိုလေး ချန်ထားခဲ့သည်။

“မင်းချက်ပေးတဲ့ ခရုဟင်းက တော်တော်ကို စားလို့ကောင်းတာပဲ။ တကယ်ကျေးဇူးတင်ပါတယ်။ ရေခဲသေတ္တာထဲမှာ မင်းကိုယ့်ကို ပြောသလို ဟင်းသီးဟင်းရွက်နဲ့အသားတွေ ဝယ်လာတယ်။ မင်းဘာကြိုက်တတ်မှန်းလည်း မသိတော့ တတ်သလောက်မှတ်သလောက်ပဲ ဝယ်လာခဲ့တယ်။ တစ်ခုခုဆို မေးလို့ရအောင် ဖုန်းနံပါတ်လေးတော့ ချန်ပေးခဲ့ပါနော်။ ဒီနေ့ ခရုဟင်းအတွက် ထပ်ပြီးကျေးဇူးတင်ပါတယ်” 

ယွီဖန်ရှင်းသည် ထိုမှတ်စုကို ရေခဲသေတ္တာတံခါးတွင် ကပ်ခဲ့သည့်အတွက် စုရှင်းချန် သောက်ရေဘူး လာယူသော အချိန်တွင် တွေ့လိုက်သည်။

ရေသန့်ဘူးကို ဘေးဘက်ရှိ စားပွဲပေါ်သို့ တင်ကာ မှတ်စုကို ဖတ်လိုက်သည်နှင့် အိမ်ပိုင်ရှင်သည် ပစ္စည်းများ ဝယ်လာပြီးသည်ကို သိလိုက်ရသည်။

အားပါးတရပင် ရေခဲသေတ္တာကိုဖွင့်ကာ အိမ်ပိုင်ရှင် ဘာတွေများ ဝယ်လာလည်းဟု ကြည့်လိုက်သည်နှင့်

“ဝိုးးး… အမဲသား၊ ပုစွန်တုပ်၊ ကဏန်းတွေပဲ…။ ဒါကကော ဘာကြီးလဲ”

စုရှင်းသည် ဘေး ထောင့်အကန့်တွင် တင်ထားသော ဗူးနှစ်ဘူးကို ကြည့်ရင်း မျက်လုံးများ ဝင်းလက်သွားသည်။

“တိုဟူး”

သူ့အကြိုက်ဆုံးပင်။

‘အိမ်ပိုင်ရှင် တကယ်ကို ဝယ်လာတာပဲ’

ဝယ်လာသည့် ပမာဏသည် နှစ်ယောက်စာ အေးဆေးစားလို့ ရပေသည်။

“သူဌေးသားတွေက ဒီလိုပဲ ဝယ်တတ်ကြတယ်ထင်တယ်” စုရှင်းချန်သည် ပြုံးပြုံးနှင့် ရေခဲသေတ္တာကို ပြန်ပိတ်ကာ မှတ်စုကိုဆုံးအောင် ဖတ်လိုက်သည်။

ဖတ်လို့အပြီး နဖူးကို လက်ဖြင့်အရိုက်။

‘အတော်လည်း ဇွဲကြီးပါ့သကိုး’

အကြိမ်ပေါင်းမနည်း ငြင်းနေရသည်မှာ အားပင်နာနေရသည်။ ယခုတလော ထိုကိစ္စကို အစပြန်မဖော်သောကြောင့် ကျေးဇူးတင်နေခဲ့ရသည်ကို ယခုတွင် ပြန်စလာပြန်ပြီ။

သက်ပြင်းအရှည်ကြီးချကာ ဆုံးဖြတ်ချက် ချရပေတော့မည်။
တစ်အိမ်တည်းနေသည့် သူအချင်းချင်း ဥပေက္ခာပြုပြီး မသိချင်ယောင်ဆောင်ထားရမည်ကို စုရှင်းချန် မလိုချင်တော့သောကြောင့် နောက်ဆုံးတွင် လက်လျှော့ပြီး ဖုန်းနံပါတ်ကို ရေးပေးရတော့သည်။

“ဒါက ကျွန်တော့်ရဲ့ ဖုန်းနံပါတ်ပါ။ မေးစရာ တစ်ခုခုရှိရင်ကျွန်တော့်ကို တိုက်ရိုက်ဆက်သွယ်လို့ ရပါတယ်။ ဒီနေ့ဝယ်လာတဲ့ အသားတွေက တကယ်ကို လတ်ဆတ်ပြီး ကောင်းမွန်ပါတယ်ခင်ဗျ။ နောက်တစ်ခါလည်း ဝယ်လာဖို့ မမေ့နဲ့ဦးနော်...”

နေ့လယ် နှစ်နာရီခွဲတွင် ယွီဖန်ရှင်းသည် တရေးတမော အိပ်ရာမှ နိုးလာပြီး တုန်တုန်ယင်ယင် ဖြစ်နေသည်။
အိပ်ရေးမဝသောကြောင့်ပင်လား အခုတလော ပင်ပန်းနေခဲ့ခြင်းကြောင့်လားမသိ အားမရှိသလို ခံစားရသည်။
သို့သော် ထူးဆန်းသည့်ကောင်လေးကြောင့် ယခုလိုမျိုး အိပ်နိုင်စားနိုင်ပြီး ကျန်းမာရေး ကောင်းနေခြင်းပင်။ မဟုတ်ပါက စားကောင်းခြင်း မစားရ အိပ်ကောင်းခြင်း မအိပ်ရပဲ မကြာခင် အိပ်ရာထဲ လဲသွားနိုင်ပေသည်။

မစ္စတာယွီတစ်ယောက် နိုးနိုးချင်း ရေခဲသေတ္တာတံခါးတွင် ကပ်ထားခဲ့သော မှတ်စုကို သတိရကာ မျှော်လင့်ချက် အနည်းငယ်ဖြင့် မီးဖိုခန်းထဲသို့ ဝင်လာသည်။

‘သူငါ့ကို ပေးမှာတော့မဟုတ်လောက်−…’

မှတ်စုကိုမြင်သည်နှင့် ဆံပင်များထောင်သွားကာ သေသပ်လှပသည့် လက်ရေးဖြင့် ထင်းလင်းနေအောင် ရေးထားသော တန်ဖိုးကြီးဖုန်းနံပါတ်ကို မြင်လိုက်ရသည်။ မင်းသားလက်မှတ်ကို ရသည့် ပရိသတ်ကောင်မလေးပမာ တယုတယဖြင့် ဖုန်းကို ကောက်ယူပြီး ဖုန်းနံပါတ်ကို သေချာရေးမှတ်ထားလိုက်သည်။

မကြာပါဘူး ဖုန်းနံပါတ်မှတ်ပြီးသည်နှင့် ချက်ချင်းပင် ကောင်လေးကို မက်ဆေ့ဂျ်ပို့လိုက်တော့သည်။ မျောက်ငှက်ပျောသီး ရသည့်အတိုင်းပင် ပြုံးပြုံးဖြီးဖြီးဖြင့် ပါးစပ်ကို မစိတော့ပေ။

[ဟယ်လို... ကိုယ်ကယွီဖန်ရှင်းပါ။ ကိုယ်က မင်းထမင်းပို့ပို့နေတဲ့သူပါ]

ခဏရပ်ပြီး စဉ်းစားလို့ရသည်နှင့် ချက်ချင်းပင်

"ရေခဲသေတ္တာထဲက မင်းမကြိုက်တာရှိရင်လည်း  ကိုယ့်ကိုပြောနော်။ မင်းစားချင်တာမှန်သမျှ ကိုယ်ဝယ်ပေးမယ်”


ဒီအိမ်အတွက် ပိုက်ဆံအများကြီးပေးခဲ့ရတယ်Where stories live. Discover now