Chapter 8

480 77 0
                                    

အပိုင်း (၈)

ဤအရာကြောင့်ပင် ယွီဖန်ရှင်း ညတိုင်းလိုလိုကောင်းကောင်းအိပ်မပျော်သည့်အတွက် မျက်လုံးများနီရဲကာ ဖျော့တော့တော့ပဲ ကျန်ပေတော့သည်။

မနက်ဖြန်တွင် အလုပ်ပြန်ဝင်ရမည်ဆိုသောကြောင့်ပင် ယွီဖန်ရှင်းသည် စာကြည့်ခန်းအတွင်းမှ မနက်ပိုင်း ကိုးနာရီတွင်ထွက်ခဲ့ပြီး ဧည့်ခန်းထဲသို့ဝင်ကာ သူ့ကိုယ်သူ စိတ်တည်တည်ငြိမ်ငြိမ် ဖြစ်ရန်အတွက် လက်ဖက်ရည်နွေးနွေးလေးကို ဖျော်လိုက်ပေသည်။

သို့သော်လည်း သူ့စိတ်ထဲတွင် ထျန်းယူ စစ်ဆေးရေးအကြောင်းကိုပဲ တွေးနေပြီး သေချာစစ်ဆေးရမည့်အပိုင်းသို့ ရောက်နေသည့်အတွက် လက်ထဲရှိစာရင်းနှင့် အချက်အလက်များကို ဂရုတစိုက် ဖတ်လိုက်ပေသည်။

ပုံမှန်ဆိုလျှင် အတွင်းပိုင်း စစ်ဆေးခြင်းကို နာမည်ကြီး လက်ရွေးစင်ကစားသမားများကို ပါဝင်ခွင့်ပြုမည်ဖြစ်ပြီး အခြားသော ပုံမှန်ဂိမ်းဆော့သည့်သူများကိုအား ဤစစ်ဆေးရေးတွင် ပါဝင်ခွင့်မရကြပေ။

လက်ဖက်ရည်ကိုသောက်ရင်းနှင့်ပင် ယွီဖန်ရှင်းသည် သူ့နာမည်အား အမှတ်အသားခြစ်ခဲ့ပြီးလျှင် အတွင်းစစ်ဆေးရေးတွင် ပါဝင်မည့်ကစားသမား အယောက်တစ်ရာ စာရင်းကို အလျင်အမြန်ပင် ဖတ်လိုက်ပေသည်။

"ဘာအနံ့လေးပါလိမ့်"

ယွီဖန်ရှင်းသည် ခေါင်းကို ရုတ်တရက် ထောင်ကာ အနံ့ခံကြည့်လိုက်လျှင် ချိုမြသည့်အနံ့တစ်ခုသည်လေထဲတွင် အနံ့သင်းနေပြီး အသားငါးအနံများနှင့်မတူသော်လည်း အတော်ပင် စားကောင်းမည့်အနံ့ပင်။

အနံ့ကိုသေချာစွာရှုရှိုက်လိုက်ပြီးနောက်တွင်ကား ဖန်ရှင်းသည် အနံ့၏လားရာကို တန်းသိလိုက်ပေပြီ။ သေချာပေါက် ထူးဆန်းသည့် "လူ" ဆီကပို့လိုက်တဲ့ဟင်းလျာအနံ့ပဲဖြစ်ရမယ်။

ချက်ချင်းပင် စာရင်းစာရွက်ကို အောက်သို့ချကာ ထလိုက်ပြီးလျှင် ထမင်းစားခန်းသို့ ဦးတည်၍သွားပေသည်။ မထင်မှတ်ထားသောအရာတစ်ခုပင်...

ထူးဆန်းသောသူသည် သူ့အား တစ်နေ့လျှင် လေးခါလောက် စားစရာတွေပို့နေသည်ကား အနည်းငယ် ရှက်စရာကောင်းသည်ဟု ဆိုရပေသည်။

ယွီဖန်ရှင်းသည် ခန္ဓာကိုယ်သေးသွယ်သော်လည်းအစားကောင်းနှင့်ပတ်သက်လာလျှင် ကိုယ့်စိတ်ကိုကိုယ်မထိန်းနိုင်ပဲ အားပါးတရ စားတတ်သောအကျင့်ကိုကား ပြင်၍မရပေ။ ထို့ကြောင့်ပင် လေးနပ် စားတောင်မှ ဝမည်မဟုတ်ပေ။

ထမင်းဘူးကို ဖွင့်လိုက်သည်နှင့် မြင်လိုက်ရသည်ကား လတ်ဆတ်ပြီး ချိုမြသောရနံ့လေးကို ရနေသော ကြက်သွန်မွှေးနံ့လေးသည် သူ ဧည့်ခန်းတွင်ရခဲ့သောအနံ့လေးနှင့် တူပေသည်။

"ဂဏန်းစွပ်ပြုတ်လား" ယွီဖန်ရှင်းသည် မျက်ခုံးကိုပင့်ကာ အနီရောင်ဂဏန်း၏ခြေထောက်လေးနှင့် အခွံမာမာလေးတို့သည် အသေအချာဆေးကြော၍ နူးနူးအိအိစွတ်ပြုတ်အတွင်းတွင် ထည့်ပြီးချက်ထားသည်ကား သွားရည်ကျစရာပင်။

စုရှင်းဖန်သည် အိမ်ပိုင်ရှင်ကား ကြက်သွန်ထည့်၍ ချက်သည်ကို ကြိုက်သည် မကြိုက်သည် မသိသော်လည်း သူကိုယ်တိုင် ကြက်သွန်ထည့်၍ မချက်ရပဲ မနေနိုင်ပေ။

အဘယ်ကြောင့်ဆိုသော် ဂဏန်းအသားများအေးစက်စက်ဖြစ်သွားပါက ကြက်သွန်လေးနှင့် ပါဝင်ပစ္စည်းတစ်ခုကိုမထည့်ပါလျှင် သေချာပေါက် ဗိုက်နာပေလိမ့်မည်။

နောက်တစ်ခုကား ပါဝင်ပစ္စည်းတစ်ခုနှင့်ကြက်သွန်နီကိုရော၍ စွပ်ပြုတ်ပူပူနွေးနွေးလေးသောက်ပါက ညဘက်တွင်လည်း အိပ်ပျော်စေနိုင်မည် ဖြစ်သည်။

"ထျန်းယူအတွင်းပိုင်းစစ်ဆေးရေးစာရင်း..." ရှင်းချန်သည်ဂဏန်းစွပ်ပြုတ်ခွက်ကိုကိုင်ကာ ဧည့်ခန်းထဲရှိစားပွဲခုံဘေးနားတွင်ရပ်၍ ကွန်ပျူတာဘေးတွင် တင်ထားသော စာရင်းနှင့်အချက်အလက်များကို ဖတ်မိလိုက်ပေသည်။

ဤဂိမ်းသည် စုရှင်းချန်နှင့် ရင်းနှီးနေပေသည်။

အဆိုပါဂိမ်းသည် ယခုတလော အွန်လိုင်းပေါ်တွင်နာမည်ကြီးနေသော ဂိမ်းဖြစ်ပုံပေါ်သည်။

စာရင်းများကိုဖတ်ရင်းနှင့် ရုတ်တရက် သိလိုက်ရသည်ကား ဤအိမ်ပိုင်ရှင်သည် ဂိမ်းထုတ်လုပ်ရေးကုမ္ပဏီတစ်ခုမှ IT ပညာရှင်တစ်ယောက် ဖြစ်သည်ကိုပင်။ ထို့ကြောင့်ပင် အိပ်ကောင်းခြင်း မအိပ်ရ စားကောင်းခြင်း မစားရနှင့် အလုပ်နှင့် အတော်ပင် စိတ်ဖိစီးမှုများနေသည်ကို သိလိုက်ပေသည်။

သနားစရာပဲ...။

ပူပူရှိန်းရှိန်းနှင့်စားကောင်းသည့် ဂျင်း၊ ကြက်သွန်နီနှင့် ဂဏန်းသားတိုကို ရောထားသောစွပ်ပြုတ်ကိုသောက်လိုက်သည်နှင့် တစ်နှစ်ပတ်လုံး အစာအိမ်မကောင်းသောကြောင့် အိပ်မပျော်ဖြစ်ခဲ့ရခြင်းသည် ချက်ချင်း ပျောက်ကွယ်သွားပေသည်။ ဤညသည် ဗိုက်ထဲတွင် နေလို့ထိုင်လို့ကောင်းသောကြောင့် အိပ်ပင် အိပ်ချင်လာပေသည်။

နေ့စဥ်တိုင်း အိပ်မပျော်ဖြစ်နေရသည့် သူ့အတွက် ဤသို့ခံစားချက်သည် အလွန်ပင် စိတ်ချမ်းသာဖို့ကောင်းပေသည်။ ပန်းကန်ကို ဘေစင်တွင်ထားခဲ့ကာ လက်ကိုဆေး၍ အိပ်ရာသို့ ဝင်ခဲ့ပေသည်။

ဆယ်မိနစ်အတွင်းပင် ယွီဖန်ရှင်းတစ်ယောက်အိပ်ပျော်သွားပေသည်။

ထိုအချိန်၌ စုရှင်းချန်တစ်ယောက် စွပ်ပြုတ်ကိုသောက်ပြီးသောကြောင့် မီးဖိုချောင်ထဲသို့ဝင်သွားလိုက်သည်နှင့် အိမ်ပိုင်ရှင်သည် တူများနှင့် ပန်းကန်များကိုမဆေးပဲ ထားခဲ့သည်ကို တွေ့လိုက်ပေည်။ တစ်ဖက်ကလူသည် အတော်ပင် ခက်ပေသည်။ စာကောင်းခြင်း မစား အိပ်ကောင်းခြင်းမအိပ်သည့်အပြင် စားပြီးသောက်ပြီးသား ပန်းကန်များပင် မဆေးနိုင်ပဲ အလုပ်ကို နင်းကန် လုပ်နေပေသည်။ အတော်ပင် မလွယ်ပေ။

တစ်ဖက်လူ၏ နေပုံထိုင်ပုံကိုကြည့်ကာ တစ်ယောက်တည်း နေရသည်ကို နှစ်သက်သောသူဖြစ်မည်ဟု တွေးလိုက်မိပေသည်။

"..."
ကောင်လေးသည် ကိုယ့်ပန်းကန်ကို ဆေးရုံမျှမက တစ်ဖက်ကလူ၏ပန်းကန်ကိုပါ ဆေးကြောပေးနေပေသည်။

ထို့နောက် ပန်းကန်ဆေးရင်း စုရှင်းချန်တစ်ယောက် ပါးစပ်က တတွတ်တွတ်ပြောနေသည်ကား "ငါတို့နှစ်ယောက် တွေ့ဆုံခြင်းက ကံကြမ္မာပဲပေါ့...။ ငါရှိနေသရွေ့တော့ မင်းဘယ်တော့မှ ဗိုက်မဆာစေရဘူး"

တစ်ချိန်တည်းမှာပင် တစ်ဖက်လူအား အသီးအနှံလေး ထည့်ပေးခဲ့ပါက မနက်နိုးလာလျှင် စားနိုင်မည်ဖြစ်သည်။ အသီးစားပါက ကျန်းမာရေးကို ပိုမိုကောင်းမွန်နိုင်စေခြင်းကြောင့်ပင်။

မည်သို့ပင်ဖြစ်စေ လူတစ်ယောက်ကို ထမင်း လေးနပ်ပို့နေရသည်ကား အကုန်အကျတော့ များလှပေသည်။

စုရှင်းချန်သည် အတွေးပေါင်းစုံအောင် တွေးပြီးနောက်တွင်ကား လက်တွင် ပေနေသော ရေများကိုလက်ကိုင်ပဝါဖြင့် သုတ်ကာ ဧည့်ခန်းအတွင်းသို့ စာဖတ်ရန်ဝင်ခဲ့ပေသည်။

ညဘက်တွင်ကား မသိမသာ အေးလာပေသည်။

စုရှင်းချန်သည် စာအုပ်ကို အောက်ချကာ ခရီးဆောင် အိတ်ထဲရှိ ဝါဂွမ်းအနွေးထည်ကို ယူ၍ အောက်ထပ်ရှိ ခွေးလေးများကို သွားကြည့်ရန် မြန်မြန် ဆင်းလာခဲ့ပေသည်။

တောင်တန်းကြားရှိ အိမ်အပူချိန်သည် အိမ်ပိုင်ရှင်ဘက်မှ အပူချိန်နှင့် အတူတူနီးပါးပင် ဖြစ်ပေသည်။

ခွေးလေးနှစ်ကောင်သည် စုရှင်းချန်၏အသံကိုကြားသည်နှင့် ချက်ချင်းပင် ကောက်ထလာကာ ရှင်းချန်၏ ခြေထောက်လေးအား ပွတ်သပ်နေကြပေသည်။

"မင်းတို့တွေ အေးနေကြပြီလား" ရှင်းချန်သည် အောက်သို့ထိုင်ချကာ ခွေးကလေးများနှင့် ခဏလောက် ကစားပေးပြီးလျှင် ပါလာသည့် အနွေးထည်အထူကြီး နောက်တစ်ထည်ကို ဖြန့်ကာ သူတို့အတွက် အသိုက်လေးသဖွယ် နွေးအောင်လုပ်ပေးလိုက်ပေသည်။

ခွေးလေးများသည် သူတို့အသိုက်လေးအတွင်းသို့ပြေးဝင်လိုက်ပြီးလျှင် အမြီးလေးများကို လှုပ်လှုပ်နှင့် ခေါင်းလေးတမော့မော့ဖြင့် စုရှင်းချန်၏လက်ကလေးများကို လျှက်နေပေသည်။

စုရှင်းချန်သည် ခွေးလေးများ၏ခေါင်းကို ပွတ်သပ်နေပေသည်။ ထို့နောက်တွင်ကား ခွေးလေးများကိုနှုတ်ဆက်ကာ အိမ်ပေါ်သို့ ပြန်တက်သွားပေသည်။

ဒုတိယအထပ်သို့ ပြန်ရောက်သောအခါ ခြေလက်သန့်စင်ပြီး ထွက်အလာ အိမ်ပိုင်ရှင်အခန်းမှ ထူးဆန်းသည့်အသံများကို ကြားပေသည်။

အိပ်မက်ထဲတွင် စကားပြောနေသည့်ပုံစံပင်...။

စုရှင်းချန်သည် အိမ်ပိုင်ရှင်အခန်းအတွင်းသို့ ဝင်သွားလိုက်သည်နှင့် အိပ်နေရင်း စကားပြောနေသည်ကို တွေ့ရပေသည်။ အိပ်မက် မက်ရင်းစကားပြောနေခြင်းဖြစ်မည်ဖြစ်ပြီး အိမ်ပိုင်ရှင်၏ အမူအရာကို ကြည့်ရသလောက် အိပ်မက်ဆိုးမက်နေသည်ဖြစ်ရမည်။

မည်သည်ကိုမျှ မတွေးနေပဲ မြန်မြန်ပင် အခန်းထဲသို့ဝင်ကာ နဖူးကို လက်ဖဝါးဖြင့် စမ်းလိုက်ပေသည်။ ချွေးများသည် ရေကဲ့သို့ပင် တတီးတီးကျနေပေသည်။

အနားသို့ ကပ်ကြည့်လိုက်သောအခါ တစ်ဖက်လူ၏ တစ်ကိုယ်လုံးတွင် ချွေးစီးများရွှဲနေပြီး တုန်တုန်ရီရီဖြစ်နေကာ အတော်ပင် စိတ်မသက်မသာ ဖြစ်နေသည့်ပုံစံပင်။

စုရှင်းချန်သည် စိတ်ပူလွန်းသောကြောင့် ဘာလုပ်လို့ဘာကိုင်ရမှန်း မသိတော့ပေ။

ချက်ချင်းပင် ရေချိုးခန်းထဲသို့ ဝင်သွားကာသဘက်တစ်ထည်ယူ၍ ရေနွေးပူထဲတွင် စိမ်လိုက်ပြီးလျှင် အပြင်သို့ယူလာကာ အိမ်ပိုင်ရှင်၏ နဖူးနှင့်မျက်လုံးများကို သုတ်ပေးလိုက်ပေသည်။

ထိုသို့လုပ်ပေးခြင်းဖြင့် အနည်းငယ် စိတ်ကိုလျှော့ချပေးနိုင်ပေမည်။

"ဘာမှမဖြစ်ဘူးနော် အဆင်ပြေသွားမှာပါ..." အိပ်ရာပေါ်တွင် တုန်တုန်ရီရီဖြစ်နေသောလူ၏ လက်တစ်ဖက်ကို ဆုပ်ကိုင်ကာ နားနားလေးကိုကပ်၍တိုးတိုးလေး ပြောလိုက်ပေသည်။ ထိုသို့ပြောခြင်းကား အနည်းငယ် အဆင်ပြေမည်ဟု တွေးလိုက်ပေသည်။

"ဘာမှမဖြစ်ဘူးနော် အိပ်မက်ဆိုး တစ်ခုပဲ ဘာမှ မကြောက်နဲ့... တကယ် မဟုတ်ဘူး အိပ်မက်တစ်ခုပဲ"

ရှင်းချန်ကိုယ်တိုင်ပင် ဤသို့ပြောခြင်းကားအသုံးဝင်သည် မဝင်သည် မသိသော်လည်း အကူအညီဖြစ်လို့ဖြစ်ငြားဟူ၍ အဆက်မပြတ်ပင် ပြောပေးနေပေသည်။

ထိုသို့ပြောပြီး အနည်းငယ်အကြာတွင် တစ်ဖက်လူသည် ရှင်းချန်၏လက်ကား အတင်းအကြပ်ပင်ဆုပ်ကိုင်လိုက်ပေသည်။

ကံကောင်းစွာနှင့်ပင် ကြိုးစားမှု၏ရလဒ်ကား အိမ်မက်ဆိုးမက်နေသည့် သူတစ်ယောက် လုံခြုံသည့်နေရာတစ်ခုကို ရှာတွေ့သွားသည့်ပမာ တုန်တုန်ရီရီဖြစ်နေသော ခန္ဓာကိုယ်တစ်ခုလုံးသည် တဖြေးဖြေးငြိမ်ကျသွားပြီး အသက်ရှူနှုန်းသည်လည်း ပုံမှန်ပြန်ဖြစ်သွားပေသည်။

တော်သေးတာပေါ့...။

စုရှင်းချန်သည် အခုမှပင် သက်ပြင်းချနိုင်တော့သည်။ အိပ်မက်ဆိုး မက်နေသည့်အတွက် ချွေးများ အနောက်ကျောပြင်တွင် ရွှဲနေပေသည်။

သို့သော်လည်း တစ်ဖက်လူသည် ကောင်းမွန်စွာအိပ်ပျော်သွားသည့်တိုင် ရှင်းချန်၏လက်ကို မလွှတ်သေးသောကြောင့် နေရခက်လှပေသည်။

ဆုပ်ကိုင်ထားသည့် လက်များကို အတင်းဆွဲထုတ်လိုက်ပါက တစ်ဖက်လူ သေချာပေါက် နိုးလာမည်ဖြစ်သည်။ ထို့ကြောင့်ပင်ဖြေးဖြေးချင်းနှင့်လက်ကိုတစ်ချောင်းချင်းစီဖယ်ချနေပေသည်။

လက်ကိုဆွဲထုတ်ရသည်ကား အတော်ပင် ကြာပေသည်။ တစ်ဖက်လူသည် သူ၏လက်အား အတော်ပင် တင်းကြပ်စွာ ကိုင်ထားခြင်းကြောင့်ပင်။

... ဘဝ၏ နောက်ဆုံးလက်ကျန်အခွင့်ရေးကို လွတ်မသွားစေရန် အတင်းအကြပ် ဆုပ်ကိုင်ထားသည့်ပမာပင်။

စုရှင်းချန်သည် တစ်ဖက်လူအား စိတ်ရင်းနှင့်ပင် သနားကရုဏာသက်မိပေသည်။

ထို့ကြောင့်ပင် အိပ်ရာဘေးတွင် ခဏကြာလောက်ရပ်ကြည့်နေပြီးလျှင် သဘက်ကိုယူကာ "ကောင်းသောညပါ" ဟူ၍ တိတ်တိတ်လေးထွက်သွားပေသည်။

ကောင်းကောင်း အိပ်စက်ခဲ့ရသောညပင်။

ယွီဖန်ရှင်းသည် မျက်လုံးကို ဖွင့်လိုက်သည်နှင့် အလင်းရောင်ဖျော့ဖျော့လေးသည် လိုက်ကာကို ထိုးဖောက်ကာ မျက်နှာပေါ်သို့ ကျနေပေသည်။

နေရောင်လား...

ညဘက်ကြီး အိပ်မက်ဆိုးကြောင့် နိုးလာရမှာမဟုတ်ဘူးလား။ အိပ်မက်ဆိုးကြောင့် အမြဲ အိပ်ရာမှနိုးနေတတ်သည့်သူအဖို့ နေရောင်ကို တိုက်ရိုက်မမြင်ခင် အိပ်မက်ဆိုးကို အရင်ကျော်ဖြတ်ခဲ့ရပေသည်။ သို့သော် ညက နည်းနည်းမျှ မနိုးပေ။

စိတ်မတင်မကျဖြစ်နေသောကြောင့် ခဏမျှငြိမ်နေကာ အိပ်ရာပေါ်မှထကာ စားပွဲပေါ်တွင် တင်ထားသော ဖုန်းကိုဖွင့်ကြည့်လိုက်လျှင် မနက်ခင်း ရှစ်နာရီခွဲနေပေပြီ။

ညဘက်တိုင်းတွင် အလွန်ဆုံး အိပ်နိုင်ကား နှစ်နာရီပင်။ ထိုထပ်ကြာကြာအိပ်ရသည့်ရက် တစ်ရက်မှ မရှိခဲ့ဖူးပေ။ မနေ့ညတုန်းက မနက်ဖြန် အလုပ်ရှိသဖြင့် ဆယ်မိနစ်လောက်ပင် အိပ်ရန် စီစဥ်ထားခဲ့သည်ကား မနက်ရှစ်နာရီပင် ခွဲသွားပေပြီ။

မယုံကြည်နိုင်ဖြစ်ရသော်လည်း တကယ်ပင် မနက် ရောက်သွားသည်မှာ အမှန်ပင်။

ထို့ပြင် ပြည့်ပြည့်ဝဝ အိပ်ထားရသောကြောင့် လန်းဆန်းနေသည့်ခန္ဓာကိုယ်သည်လည်း သက်သေပင်။

မနေ့က တစ်နေကုန်လုံး စားကောင်းသောက်ကောင်း၍ အိပ်လို့ပင်ပျော်သည်ဖြစ်ရာ ဖန်ရှင်းအဖို့ စိတ်ကြည်လင်လန်းဆန်းပြီး တက်ကြွနေပေသည်။

အသက်ကိုပြင်းပြင်းရှူကာ စောင်ကိုချ၍ အိပ်ရာပေါ်မှ ထလိုက်သည်နှင့် လန်းဆန်းမှုအပြည့်ပင်။

ပြုံးစိစိဖြင့် စိတ်ချမ်းသာသောကြောင့် လေလေးတချွန်ချွန်နှင့်လုပ်နေပေသည်။

ရုတ်တရက် တစ်ခုခုကို တွေးမိသောကြောင့် မီးဖိုချောင်ထဲသို့ ချက်ချင်းဆင်းသွားလျှင် မနေ့ညက မဆေးကြောရသေးသော ပန်းကန်များ မရှိတော့သည်ကို တွေ့ရပေသည်။

အဝိုင်းပုံ ထမင်းစားဝိုင်းပေါ်တွင်ကား ထမင်းဘူးလေးတစ်ခုသည် သူ့အား ပျော်ရွှင်မှုအပြည့်ပေးရန် စောင့်နေပေသည်။

"စောသားပဲ" ထမင်းဘူးကို ဖွင့်၍ မစားသေးပဲ အသေအချာပင် ဆေးကြော ကိုယ်လက်သန့်စင်ကာ သပ်သပ်ရပ်ရပ် ဝတ်စားလိုက်ပေသည်။

ထို့နောက် ထမင်းစားပွဲသို့ ပြန်လာကာ ထမင်းဘူးကိုဖွင့်လိုက်ပေသည်။

ထမင်းဘူးကို ဖွင့်လိုက်သည်နှင့် တွေ့လိုက်ရသည်ကား စီစီရီရီလေး ထပ်ထားသော အဆာသွတ်မုန့်လေးပင်။

ယွီဖန်ရှင်းသည် တစ်ကိုက်ပြီးတစ်ကိုက် စားနေပေသည်။ မုန်လာဥနီ၊ ဝက်ပေါင်ခြောက်နှင့်ကြက်သွန်နီကိုပေါင်း၍ အဆာသွတ်ထားသည်ကား အတော်ပင် အရသာရှိပေသည်။
အရင်က စားခဲ့ဖူးသော ကြက်ဥအဆာသွတ်မုန့်နှင့် ယှဉ်ကြည့်လိုက်ပါက ယခုတစ်ခုသည် လတ်လတ်ဆတ်ဆတ်နှင့် စားလို့ကောင်းသည့်အပြင် အတွင်းရှိအစာများသည်လည်း အရသာတစ်မျိုးစီပေးကာ ဆီကြော်နံ့ကို လုံးဝ မရပေ။

အဆာသွတ်မုန့်ဘေးတွင်ကား စွပ်ပြုတ်တစ်ပွဲပင် ထင်ရသော်လည်း သိပ်မတူပေ။

ဖန်ရှင်းသည် အစက ထိုအရာကို စွပ်ပြုတ်ဟု ထင်လိုက်သော်လည်း တစ်ငုံလောက် မြည်းကြည့်လိုက်သောအခါ ရိုးရိုးစွပ်ပြုတ်အရသာမျိုးမဟုတ်ပေ။

ပင်လယ်ငါးတစ်မျိုးဖြင့် ချက်လုပ်ထားပြီ ဟင်းခတ်အမွှေးအကြိုင်အချို့ကို ပေါင်းထည့်လိုက်ခြင်းက ငါး၏အရသာကို ပိုထူးကဲသွားစေပေသည်။

စွပ်ပြုတ်၏အရသာသည်ကား ပါးစပ်ဖျားလေးတွင်ပင် ပျောက်သွားကာ ပင်လယ်ငါး၏ နူးညံ့ပြီးစားလို့ကောင်းသော အရသာကြောင့် မနက်စာ စားလေ့စားထမရှိသော ယွီဖန်ရှင်းကိုယ်တိုင်ပင် တစ်ပန်းကန်လုံးကုန်အောင် သောက်ချလိုက်ပေသည်။

ဖန်ရှင်း ဂိမ်းကုမ္ပဏီ​၏ အဝန်းအဝိုင်းသည် မြို့လည်ခေါင် စီးပွားရေးစည်ကားသော နေရာတွင်တည်ဆောက်ထားပေသည်။ နှစ်ဆယ့်သုံးထပ်ရှိသော မျှော်စင်ပမာ အဆောက်အဦကြီးသည် ဧရိယာစတုရန်းမီတာတစ်ထောင့်ခုနှစ်ရာထိ ကျယ်ဝန်းပြီး အရမ်းမကြီး အရမ်းမသေးပဲ အသင့်အတင့်ပင်ဖြစ်ပေသည်။
တစ်ချိန်တုန်းက ဖန်ရှင်းသည် ဤနေရာကို ငှား၍ အလုပ်လုပ်ခဲ့ရပေသည်။ ထို့ကြောင့်ပင် သူငယ်ချင်းများက ဝိုင်းစနောက်ခဲ့သေးသည်။

ရလဒ်အနေဖြင့် ဘွဲ့ရပြီးခါစ ကောင်းလေးတစ်ယောက်အသက် ၂၂ နှစ်ပင် ရှိသေးသည်ဖြစ်ပြီး မပြည့်စုံသည့်ဘဝမှ ကိုယ်ထူကိုယ်ထ၍ သူကိုယ်တိုင် တီထွင်ခဲ့သောဂိမ်းကို ပြန်ဆော့ကြည့်ရင်းမှ ဂိမ်းဒီဇိုင်းအဟောင်းများကို ပြုပြင်ခဲ့ကာ ဂိမ်းလောကတစ်ခုလုံးကို ကိုင်လှုပ်နိုင်သည်အထိ ဖြစ်လာပေသည်။

မနက်ခင်း ၁၀ နာရီကို ရောက်လာပြီဖြစ်ပြီး ကုမ္ပဏီသည် အိမ်နှင့်အရမ်းမဝေးပေ။ ကားဖြင့်သွားပါကဆယ်မိနစ်သာကြာသည်။

သူဌေး ရုတ်တရက် အလုပ်ပြန်ဆင်းသောကြောင့် ကုမ္ပဏီတစ်ခုလုံး ဂယက်ထသွားကာ ပျော်သူကပျော် လန့်သူကလန့်နှင့် ဗြောင်းဆန်နေကြပေသည်။

အစည်းအဝေးပွဲတွင် အာရုံမစိုက်သောအလုပ်သမားတစ်ယောက်သည် လျှပ်တစ်ပြက် အနောက်တံခါးကိုကြည့်လိုက်မိသည်နှင့် လက်ထောက် ယူ၏ ကြောက်စရာအပြုံးကြီးကို မြင်လိုက်ရသောအခါ တစ်ဖက်သို့ ချက်ချင်းလှည့်၍ တီးတိုးပြောလိုက်သည်ကား

"အမလေး အနောက်တံခါးကို ကြည့်လိုက်ပါဦး ပြုံးပြနေတယ်"

ဘေးမှအလုပ်သမားသည်လည်း ကျောစိမ့်သွားကာ "ပြုံးပြတယ် ဟုတ်လို့လား"

ကုမ္ပဏီတွင် ဥက္ကဌယွီ မျက်မှောင်ကြုတ်သည်ထပ် သူပြုံးပြသည်ကိုကား ပို၍ ကြောက်ရပေသည်။

ယွီဖန်ရှင်းသည် ကုမ္ပဏီအလုပ်တွင် အတော်ပင် အာရုံစူးစိုက်ပေသည်။

အသက်ငယ်ငယ် ဥက္ကဌဖြစ်သည့်အလျှောက် အလုပ်သမားများကို ငြိမ်ဝပ်ပိပြားအောင် မလုပ်နိုင်သည်ထပ် ကုမ္ပဏီတွင် အလုပ်သမားမျိုးစုံသည် ပရိုဂရမ်မာနှင့် ဂိမ်းစီစဉ်သူများပမာမကျန် အကုန်လုံးသည် အသက် ၂၇ နှစ်အရွယ် ဥက္ကဌအားလေးစားချစ်ခင်သည့်အလျှောက် သူငယ်ချင်းပေါင်း ပေါင်းသည့်အချိန်များပင် ရှိပေသည်။

အရောင်းမန်နေဂျာသည် စကားပြောနေရင်းပင်ရပ်သွားကာ

"ဥက္ကဌ ယွီ"

ယွီဖန်ရှင်းသည် အချက်အလက်ပါသည့်စာရွက်ကိုမြှောက်ကာ ဆက်တင်ပြခိုင်းလိုက်ပေသည်။ အစည်းအဝေးပြီးသောအခါတွင်ကား ရုံးခန်းတွင်းသို့ ပြန်လာကာ ပိုင်ဝမ်ကို ပွဲအတွက် ဖိတ်ကြားသည့် ကုတ်ဒ်ကို ပို့လိုက်ရန် အမိန့်ပေးလိုက်ပေသည်။

"ဟုတ်ကဲ့" ပိုင်ဝမ်သည် ဘော့စ်အခြေအနေကို တစ်ချက်ရှိုးကာ "ဘော့စ် တစ်ခုခု အစားကောင်း အသောက်ကောင်းတွေများ စားခဲ့ရလို့လား"

ဖန်ရှင်းသည် ဥက္ကဌထိုင်ခုံတွင်ထိုင်ကာ နောက်ကိုမှီလျှက် "မင်း ဘာကို ပြောချင်တာလဲ"

မေးဖို့လိုသေးလို့လား...

ပိုင်ဝမ်သည် ပြုံးပြုံးလေးဖြင့် "ဘော့စ် ကိုယ့်ရုပ်ကိုယ် မှန်ထဲမှာကြည့်လိုက်ဦး" မနေ့ကပင် ဒုက္ခသည်တစ်ယောက်လို စိတ်ပျက်စရာကောင်းသည့်ရုပ်မျိုး လုပ်နေသည့်သူက ယနေ့တွင် အလွန်ပင် တက်ကြွနေပေသည်။

ပိုင်ဝမ်လို ယောက်ျားအလွန်ပီသသည့်သူပင် ဘော့စ်ယွီဖန်ရှင်း၏ရုပ်ရည်ကို ငေးကြည့်လိုက်ရုံဖြင့် အတော်ပင် သဘောတွေ့သောကြောင့်ပင် သူ့ဘော့စ်အား လိုင်းပေါ်မှ အင်တာနက်သုံးစွဲသည့် မိန်းကလေးများကြား သဲသဲလှုပ်ဖြစ်ခံနေရခြင်းသည် မထူးဆန်းတော့ပေ။ ဘော့စ်တို့မိသားစုဝင် အကုန်လုံးသည် လူချောလေးများကို အမြဲ မွေးထုတ်ပေးသည်ဟု တွေးမိလိုက်ပေသည်။

ဒီအိမ်အတွက် ပိုက်ဆံအများကြီးပေးခဲ့ရတယ်Where stories live. Discover now