Chapter 30

265 48 0
                                    

အပိုင်း (၃၀)

တစ်ဖက်လူအမြင်တွင် စုရှင်းချန်လို တောင်ပေါ်တွင် နေရခြင်းသည် ပျင်းစရာကောင်းပေလိမ့်မည်။
သို့သော် ထိုသို့ ပျင်းစရာကောင်းခြင်းသည် မြို့ပေါ်ရှိ လူငယ်များအတွက် ဆိုပိုမှန်ပေသည်။ တောတောင်ထဲတွင် မီးမရှိပဲ နေရသော ဘဝသည် မြို့ပေါ်မှလူများအတွက် တွေးရဲစရာတောင်မရှိပေ။ ဇိမ်ကျပြီး ရေမီးအပြည့်အစုံနှင့် အရာအားလုံး အဆင်သင့်ဆိုသည့်အတွက် တောင်ပေါ်တွင်နေထိုင်ရခြင်းကို ပျင်းရိစရာလို့ မြင်ကြပေမည်။

စုရှင်းချန် ပေကျင်းတွင် နေသည့်တစ်လျှောက်လုံး သူ့သူငယ်ချင်းများနှင့် ရုပ်ရှင်ကြည့် သောက်စားနေတတ်သည့် အချိန်ကာလများလည်း ရှိခဲ့ဖူးပေသည်။

သို့သော် အမှန်တိုင်းပြောရမည်ဆိုလျှင်ကား ထိုသို့နေထိုင်ခဲ့ခြင်းသည် လူမှုဆက်ဆံရေး ကျယ်ပြန့်စေရန် သူငယ်ချင်းများနှင့် အပေါင်းအသင်း လုပ်ခြင်းပင်။

အထက်တန်းကျောင်းမှ ဘွဲရပြီးသည့်နောက်ပိုင်းတွင် စုရှင်းချန်နှင့် အထက်တန်းကျောင်းကတည်းက ခင်မင်လာခဲ့သော သူငယ်ချင်းများသည် ကောလိပ်အတူတူတက်ကြဖို့ ရည်ရွယ်ထားခဲ့ကြသည်။

အချို့မှာ အခြားတစ်နေရာသို့ပြောင်းရွှေ့သွားကြပြီး တက္ကသိုလ်ကောလိပ်များ မတူခဲ့ကြတော့ပေ။ ဖခင်ဆုံးပါးသွားပြီးနောက်တွင် စုရှင်းချန် သူငယ်ချင်းများနှင့် အဆက်အသွယ်မလုပ်တော့ပဲ တစ်ယောက်တည်း နေခဲ့ပေသည်။ စုရှင်းချန် ကျောင်းနားမည်ဟု ပြောသော အချိန်တွင် သူငယ်ချင်းများ ဝိုင်းတားကြပေသေးသည်။

သို့သော် စိတ်၏ အလိုကို မတားနိုင်ခဲ့သည့် စုရှင်းချန်တစ်ယောက် မွေးရပ်မြေသို့မေလတွင်ပြန်ရောက်ခဲ့၏။ တစ်လကျော်ကြာ နေထိုင်ခဲ့ပြီးနောက်တွင် စုရှင်းချန်၏ အခြေနေသည် အတော်တိုးတက်လာပြီဟု ဆိုနိုင်ပေသည်။

ပထမဆုံးအနေနှင့် ကိုယ်ပိုင်သုံးဘီးဆိုင်ကယ်လေးကို ပိုင်ဆိုင်ခွင့်ရခဲ့ပေသည်။

ထို့နောက်တွင် ခွေးလေးနှစ်ကောင်နှင့် သဘောကောင်းပြီး ကြင်နာတတ်သော ဦးလေးနျူနှင့် ဆုံတွေ့ခဲ့၏။

ကြီးမားသည့် ဟင်းသီးဟင်းရွက်စိုက်ခင်းနှင့် ကြက်ကလေးဆယ်ကောင်ကို မွေးနိုင်သည်သာမက သဘောမနော ကောင်းပြီး ချောမောသော အိမ်ပိုင်ရှင်နှင့်လည်း ရေစက်ပါခဲ့ပေသည်။

တစ်ဖက်လူသည် စုရှင်းချန်ကို ဖုန်းနံပါတ်နှင့် အိမ်လိပ်စာကို ပေးခဲ့သည်ကို ကြည့်ခြင်းအားဖြင့် သူ့အပေါ် ဘယ်လောက် ခင်မင်မှုရှိနေသည်ကို သိလိုက်ရ၏။

အိမ်ပိုင်ရှင် ပထမဆုံး ရေးပေးခဲ့သော မှတ်စုကို  သတိရပေသေးသည်။
‘မင်းက ဘယ်သူလဲ။ မင်းက ဘာကြီးလဲ’ ဟုမေးနေသည်မဟုတ်ပဲ ‘မင်း ဘာလို့ ငါ့အပေါ်ကောင်းပေးတာလဲဟု’ မေးနေခြင်းပင်။ အိမ်ပိုင်ရှင်သည် သူ့ကို ထူးဆန်းသည့်လူလို့ မမြင်သည့်အပြင် သာမန်လူတစ်ယောက်လို လက်ခံပေးပေသည်။ စုရှင်းချန်လိုသာဆို သေချာပေါက် ဘာအစားအစာကိုမှ စားရဲမှာတောင် မဟုတ်ပေ။

ယနေ့အတွက် အိမ်ပိုင်ရှင်ရေးထားသော မှတ်စုတွင် အိမ်ပိုင်ရှင်သည် ညစာစားပွဲရှိသည်ဟု ရေးထားပေသည်။ ထို့ကြောင့် ယနေ့ညတွင် အိမ်ပိုင်ရှင်အတွက် ညစာချက်ပေးစရာ မလိုတော့ပေ။

စုရှင်းချန်သည် အိမ်ပိုင်ရှင် ထမင်းမစားတော့ဘူးဟု သိလိုက်ရသောကြောင့် စိတ်ထဲတွင် မပျော်မရွှင် ဖြစ်သွားပေသည်။

သူတစ်ယောက်တည်းဆို ခေါက်ဆွဲပြုတ်ပဲ စားရတော့မလား။

ဝက်သားကို ပါးပါးလေး လှီးကာ ကြက်ဥနှင့် ခေါက်ဆွဲပြုတ်စားလိုက်ပေသည်။

ခေါက်ဆွဲပြုတ်ကို စားရင်း ငယ်ငယ်တုန်းက အချိန်တွေကို ပြန်မြင်ယောင်လာပေသည်။ ငယ်စဉ်က ဖခင်ဖြစ်သူသည် စုရှင်းချန် ဗိုက်ဆာတတ်သောအချိန်များတွင် ခေါက်ဆွဲကို ဝက်သားဖြင့်ပြုတ်ပေးပြီး ချဉ်ငန်စပ်လေး ချက်ပေးတတ်၏။

ရှန်ဟိုင်းမြို့တော်တွင် စင်တာပထမထပ်၌ အောင်မြင်ကျော်ကြားသော ဂိမ်းတစ်ခုကို ပါဝင်လှုပ်ရှားသည့်ပွဲကို ကျင်းပနေပေသည်။

ယနေ့တွင် ယွီဖန်ရှင်း၏ ဝတ်ပုံစားပုံသည် တခြားနေ့များနှင့်မတူပဲ တမူထူးခြားနေပေသည်။ ဝတ်ရုံကို စတိုင်ကျကျဝတ်ဆင်ထားကာ အေးစက်သည့် ရုပ်အနေအထားဖြင့် မီဒီယာရှေ့တွင် စမတ်ကျကျ ပေါ်လာခဲ့ပေ၏။ မိနစ်အတော်ကြာ အင်တာဗျူးဖြေပြီး မီဒီယာများနှင့် အပြန်အလှန်မေးခွန်းများကို အာရုံစိုက်နေပေသည်။

ပွဲချည်းပဲဆိုပါက သေချာပေါက် ညစာပြန်စားနိုင်ပေသည်။ အင်တာဗျူး သမားများသည် ယွီဖန်ရှင်းကို မြင်သည်နှင့် တစ်နာရီလောက် အနည်းဆုံး မေးခွန်းပေါင်းစုံကို မေးပေသည်။ ထို့ကြောင့် ပွဲရှိသည့် အချိန်တိုင်း အိမ်ပြန်နောက်ကျတတ်ခြင်းပင်။

ဂိမ်းကုမ္ပဏီ ဥက္ကဌတစ်ယောက်ပီပီ ဤသို့သော ပွဲအခမ်းအနားမျိုးကို မတက်မဖြစ်တက်ရပေသည်။ သို့မှသာ လိုအပ်သည့် ထောက်ပံမှုမျိုးနှင့် သုံးစွဲသူများ၏ အတွေ့အကြုံများကို ကိုယ်တွေ့ လေ့လာနိုင်ပေမည်။

ထိပ်တန်းဥက္ကဌများတွင် ယွီဖန်ရှင်းသည် အနေအေးတတ်ပြီး မီဒီယာများဖြင့် အချိတ်အဆက်မရှိသည့်အတွက် ကောလာဟလအများဆုံး ထွက်တတ်သူလည်း ဖြစ်သည်။

ပွဲမတက်ပါက ပိုပြီးတော့တောင် မျက်မုန်းကျိုးကြမည်ဖြစ်သည်။ မျက်မုန်းကျိုးသည်ကို ဂရုစိုက်ခြင်း မဟုတ်။ ပြဿနာ ဖြေရှင်းရန် အချိန်မပေးနိုင်ခြင်းကြောင့်ပင်။
မီဒီယာများရှေ့တွင် ရပ်ကာ မေးလာမည့် မေးခွန်းများအတွက် အဆင်သင့် ဖြစ်နေပေပြီ။

“မစ္စတာယွီ”
သတင်းထောက် တစ်ယောက်က
“ပရိသတ်တော်တော်များများက ဥက္ကဌယွီ အနုပညာလောကထဲကို ဝင်မယ်ဆိုတဲ့ ကောလာဟလတွေကို သိချင်နေကြပါတယ်။ အဲ့တာကို မစ္စတာ ယွီဘယ်လိုပြန်ပြောပေးချင်ပါသလဲခင်ဗျ”

ယွီဖန်ရှင်းသည်မျက်မှောင်ကိုကြုတ်ကာ ပြတ်ပြတ်ပင်

“အဓိပ္ပာယ်မရှိတာ”

အနုပညာလောကဆိုသည်မှာ ယွီဖန်ရှင်း စိတ်ကူးပင်မယဉ်ဖူးသော လောကတစ်ခုဖြစ်သည်။ ဝင်ဖို့ဆိုသည်မှာ အဝေးကြီးပင်။

ဂိမ်းသာလျှင် ယွီရှင်းဖန်အတွက် တစ်ခုတည်းသော ဦးတည်လုပ်ကိုင်ရာပင်။

“ဥက္ကဌယွီက ဂိမ်းကိုပဲ အာရုံစိုက်ပြီး လုပ်ကိုင်သွားဖို့ပဲ အစီအစဉ်ရှိပုံရတယ်” သတင်းထောက်သည် သူမေးသော မေးခွန်းကို သူကိုယ်တိုင်ပင် ပြန်အဆုံးသတ်လိုက်ပြီး နောက်မေးခွန်းတစ်ခုကို ထပ်မေးပေသည်။

“ဥက္ကဌဂိမ်းလောကကို တစ်ချိန်ချိန် စွန့်ခွာရတော့မယ့် အချိန်ကျရင် ရှေ့ဆက် ဘာလုပ်သွားမယ်လို့ စိတ်ကူးရှိလဲခင်ဗျ”

ခန်းမအတွင်းရှိ ဝန်ထမ်းများသည် သတ္တခဲသတင်းထောက်ကို လှည့်ကြည့်လိုက်ကြပေသည်။

အဘယ်ကြောင့်များ ဤသို့သော မေးခွန်းမျိုးကို မေးရသနည်း။ ယွီဖန်ရှင်း ဂိမ်းကိုစွန့်ပစ်သည်ဟု မေးခြင်းကား ဂိမ်းအရှုံးပေါ်လျှင်ဟု မေးလိုက်ခြင်းလိုပင်။ အဘယ်ကြောင့်ဆိုကား ဖန်ရှင်းနှင့် ဂိမ်းသည် အရှုံးပေါ်မှသာလျှင် စွန့်လွှတ်မည်ကို လူတိုင်းအသိပင်။

“ကျွန်တော် ဘယ်တော့မှ ဂိမ်းကို မစွန့်လွှတ်ပါဘူး။ ဂိမ်းနဲ့ ဖန်ရှင်းဆိုတာ အမြဲအတူတူပါပဲ။ ခွဲလို့ရမှာ မဟုတ်ပါဘူး” သတင်းထောက်သည် ဆက်မေးစရာကို မလိုတော့ပေ။ နောက်သတင်းထောက်သည် ထိုအခြေအနေကို အခွင့်ကောင်းယူကာ

“ဥက္ကဌယွီမှာ ရည်ရွယ်ထားတဲ့ ချစ်သူကောင်မလေး ရှိနေပြီလားခင်ဗျ” သတင်းထောက်သည် အလွန်ပင်တန်ဖိုးရှိသော မေးခွန်းကို အများသူငှာသိစေရန် အလို့ငှာ တူးဖော်၍ မေးနေခြင်းဖြစ်ပေသည်။ သို့သော် မေးနေသော သတင်းထောက်သည် အရဲစွန့်လွန်းအားကြီးသွားသည်ကို သိသောကြောင့် ကိုင်ထားသော မိုက်တောင် တုန်နေပေပြီ။

ယွီဖန်ရှင်းသည် နောက်ဆုံးမေးခွန်းကို သေချာမဖြေတော့ပေ။ ဝေ့လည်ကြောင်ပတ် လုပ်နေရင်းနှင့် ကံကောင်းသွားသည်ဟုဆိုရမလား...

“ပွဲစတော့မယ်” ဘေးဘက်မှ ပွဲစတော့မည်ဟု သတိပေးသော အသံကို ကြားသည်နှင့် လူများ ရုတ်ရုတ်သဲသဲဖြစ်သွားပေသည်။

အတွင်းရေးမှူးပိုင်သည်လည်း အများဆုံးသန့်စင်ခန်းတွင် ကြိုးဖုန်းတပ်ဆင်ထားပြီး ဘော့စ်ဖြေမည့် အဖြေကို စောင့်ဆိုင်းနေပေသည်။ မမျှော်လင့်ပဲနှင့် ပွဲစတော့မည်ဟု သိလိုက်သောကြောင့် ခပ်သုတ်သုတ်ဖြင့် ဘော့စ်နားကို ထွက်လာပေသည်။

အခမ်းအနားပြီးဆုံးသွားပြီ ဖြစ်ပြီး ယွီဖန်ရှင်းသည် ဧည့်သည်နားနေဆောင်တွင် တစ်ယောက်ယောက်ကို စောင့်နေ၏။ အရှေ့ရှိ စားပွဲပေါ်တွင် တင်ထားသော အခမ်းအနားလက်ဆောင်ဖြစ်သည့် ဂိမ်းကာရိုက်တာတစ်ယောက်၏ ရုပ်ထုကို ကြည့်ရင်း မျက်စိကျနေပေသည်။

ထိုရုပ်ထု၏ ပုံစံသည် သေးသေးလေးနှင့်ကို ခြင်းတောင်းထဲတွင် ကျကျနနလေး ထည့်ထားပေသည်။ ယွီဖန်ရှင်းတစ်ယောက် ဘေးဘီကိုကြည့်လိုက်ပြီး မည်သူမျှ အရုပ်ကို မယူသည့်အတွက် အင်္ကျီအိတ်ကပ်ထဲသို့ ထည့်လိုက်ပေသည်။

အတွင်းရေးမှူးပိုင်ရောက်လာသောအခါ ဘော့စ်ကို ခေါင်းမှခြေအဆုံး ကြည့်လိုက်ပေသည်။ ထူးခြားသည့် အခြေအနေမျိုးမရှိသည့်အတွက် အနားသို့ ကပ်လာရင်း
“ဘော့စ် ကျွန်တော်တို့ ဘယ်မှာညစာစားကြမလဲ”

ဘော့စ်မျက်နှာမကောင်းပေ။ အခမ်းအနားတွင် တစ်ချိန်လုံး စိတ်ကိုသည်းခံကာ ထိန်းချုပ်ထားရသည့်အတွက် အလွန်တရာ ပင်ပန်းလှနေပြီ ဖြစ်သောကြောင့် ပိုင်ဝမ်အား

“မင်းပဲ ဝယ်စားလိုက်တော့”

ပိုင်ဝမ်သည် ဘော့စ်ပင်ပန်းနေသည်ဟု တွေးလိုက်သောကြောင့် ဘာကိုမျှ ဆက်မပြောတော့ပဲ

“ဟုတ်ကဲ့”

အနီးနားရှိ အသင့်စားဆိုင်တစ်ခုမှ ပါဆယ်မှာစားလိုက်သည်။

ဘော့စ်ကို ကြည့်ရင်း တစ်ခုခုများ စားချင်မလားဟူသော အတွေးဖြင့်
“ဘော့စ် ကိတ်မုန့်စားဦးမလားဗျ။ အခုတလော ကျွန်တော့် တူမဝယ်စားနေကျ ကိတ်မုန့်ဆိုင်က တော်တော်ကောင်းတယ်ဗျ”

ဘော့စ်ဘက်မှ မည်သည့်တုံ့ပြန်မှုကိုမှ မပေးသည့်အတွက်ကြောင့် ပိုင်ဝမ်သည် အံကိုကြိတ်ကာ သက်ပြင်းချ၍

“ဘော့စ် မသိလို့ပါ အဲ့ဆိုင်က တကယ်ကောင်းတယ်ဗျ။ အချိုမကြိုက်တဲ့ ကျွန်တော်တောင် တကယ်ကြိုက်တယ်”

ဘော့စ်သည် အချိုဆို ဘယ်အချိုကိုမှ မကြိုက်တတ်ပေ။ မိန်းကလေးကိစ္စနှင့် ပတ်သက်ပြီးလည်း ချိုချိုသာသာ ပြောဆိုတတ်ဖို့ဆိုတာ အဝေးကြီး။ ဘော့စ်တစ်ယောက် ခေတ်မီတာဆိုလို့ ဂိမ်းတီထွင်နိုင်တာပဲ ရှိသည်။

“အင်း”

ရှည်ရှည်ဝေးဝေး မမေးနေတော့ပဲ "အင်း” ဟူသောအဖြေကို ရသည်နှင့် ပိုင်ဝမ်တစ်ယောက် လမ်းအတိုင်း ထွက်လာကာ ကိတ်မုန့်ကို ဝယ်လိုက်၏။

“နှစ်ခုဝယ်ခဲ့ တစ်ခုကိုငါ့ကိုပေး” ယွီဖန်ရှင်းသည် အမူရာမဲ့နေသော မျက်နှာဖြင့် အမိန့်သံဖြင့် ပြောလိုက်ပေ၏။

ပိုင်ဝမ်သည် အနည်းငယ် ကြောင်စီစီဖြစ်သွားပေသည်။ သို့သော်လည်း ကားပေါ်မှဆင်းကာ ကိတ်မုန့်နှစ်ခုကို ဝယ်လိုက်ပြီး ဘော့စ်ကိုပေးလိုက်ပေသည်။

ဘော့စ်အတွက် ကိတ်မုန့်ဝယ်ပေးသည်ကား အကြောင်းမဟုတ်။ ထူးဆန်းနေသည်မှာ ဘော့စ်ဝယ်ခိုင်းသည့် ကိတ်မုန့်သည် အချိုဆုံး ကိတ်မုန့်တစ်ခုဖြစ်ပြီး အချိုမကြိုက်တတ်သောသူအဖို့ အဘယ်ကြောင့် ထိုကိတ်ကို စားချင်ရသနည်း။

မှန်နေပေပြီ။

ထိုညတွင် ကြားခဲ့ရသော အသံချိုချိုလေးနှင့် ကောင်လေးအတွက် ဖြစ်ရပေမည်။ ပိုင်ဝမ်အတွေးပဲရှိသောကြောင့် သေချာမမေးတော့ပေ။ အင်တာဗျူးတွင် ဝေ့လည်ကြောင်ပတ် လုပ်နေခြင်းကို ကြည့်ခြင်းကား သေချာပေါက် ချစ်ရသူရှိနေခြင်းဖြစ်သည်။ ထို့ကြောင့်သာ ပြတ်ပြတ်သားသား မဖြေခဲ့ခြင်းပင်။

“ချိုရဲ့လား”
ယွီဖန်ရှင်း ပိုင်ဝမ် ကားနားသို့ ရောက်လာသည်နှင့် မေးလိုက်ပေသည်။ သူပဲ အချိုဆုံးကိတ်ကို မှာလိုက်ပြီးတော့မှ ချိုလားဟု မေးနေခြင်းသည်ကား နည်းနည်းတော့ ထူးဆန်းနေပေသည်။ ဘော့စ်တစ်ယောက် စိတ်နဲ့လူနဲ့ကော ကပ်သေးရဲ့လား။

သို့သော် ပိုင်ဝမ်သည် မည်သည့်စကားကိုမျှ ခွန်းတုံ့မပြန်ရဲပေ။ အကြောင်းကား ဘော့စ်၏မျက်နှာအမူအရာနှင့် တည်ကြည်နေသောရုပ်တို့သည် သွားမရှုပ်သင့်ကြောင်း သိသောကြောင့်

“ချိုပါတယ်။ ဘော့စ်မှာသလို အချိုဆုံးကို ဝယ်လာတာပါ”

ညပိုင်းအချိန် ကိုးနားရီသို့ ရောက်ရှိလာခဲ့ပေပြီ။ စုရှင်းချန်သည် မတင်မကျ ဖြစ်နေသော စိတ်ကြောင့် ဒုတိယထပ်သို့တက်ကာ အိမ်ပိုင်ရှင် အပြင်မှ ပြန်လာပြီလားဟု တက်ကြည့်လိုက်ပေသည်။

ဒုတိယထပ်သို့ ရောက်သည်နှင့် အိပ်ခန်းတွင် မီးအလင်းရောင် ထိန်လင်းနေပြီး ရေချိုးခန်းထဲတွင် လှုပ်လှုပ်နှင့် ရေချိုးသံများကို ကြားလိုက်ရသည်။ နောက်ဆုံးတော့လည်း အိမ်ကိုပြန်လာပြီပေါ့။

အိပ်ခန်းတစ်ခုလုံးတွင် အသားကင်နံ့များဖြင့် ထောင်းနေပြီး သေချာပေါက် အိမ်ပိုင်ရှင် အသားကင်စားထားသည်မှာ မကြာလောက်သေးပေ။

တစ်ဖက်လူသည် ယနေ့တွင် အနည်းငယ် တိတ်ဆိတ်နေပေသည်။ ပုံမှန်ဆို အလုပ်က ပြန်လာလျှင် သေချာပေါက် အသံသဲ့သဲ့လေး ကြားနေကျဖြစ်သည်။ ပင်ပန်းနေလို့ဖြစ်မယ်။

“... ညစာစားပွဲရှိတာလို့လည်း ပြောသေးတယ် အိမ်ကိုပြန်လာပြီး တိတ်တိတ်လေး အသားခိုးစားနေတာပေါ့”
အိမ်ပိုင်ရှင်သည် သူ့ကိုယ်သူ ဂရုမစိုက်တတ်ပုံကတော့ စုရှင်းချန်ကိုယ်တိုင် အနားတွင် ရှိပါက ခပ်စပ်စပ်လေး ရိုက်မိမှာပင်။ သူကိုယ်တိုင်တောင် အစာမကြေမှာစိုးလို့ ညဘက်အသား မကျွေးတာကို သူက စားဖြစ်အောင်စားသေးတယ်။

သို့သော် အသားရနံ့သည် အတော်ပင်မွှေးကြိုင်ပေသည်။

ကြည့်ရသည်မှာ အိမ်ပိုင်ရှင်သည် သူချက်ကျွေးတာများ မကြိုက်လို့ ညစာစားပွဲဆိုပြီး အကြောင်းပြ၍ အပြင်ထွက်စားတာလား။ စဉ်းစားလိုက်သည်နှင့် စိတ်အားငယ်သွားပေသည်။

စိတ်ပျက်ပျက်ဖြင့် အိပ်ခန်းအတွင်းမှ ထွက်မည်အလုပ် အိမ်ပိုင်ရှင်၏ စားပွဲပေါ်တွင် ပစ္စည်းများဖြင့် ရှုပ်ယှက်ခတ်နေ၏။ စပ်စုချင်သောကြောင့် စားပွဲနားသို့ ကပ်သွားပေသည်။

လှပသည့် ဘူးလေးကို ဘေးဘက်တွင် ပါကင်သေချာထုပ်ပိုးထားပြီး အပါ်ဘက်နားတွင် လက်ဆောင်ချိတ်သည့် ကြိုးလေးဖြင့် ချည်ထားကာ အလွန်ပင် သပ်ရပ်လှပပေသည်။

ထိုပါကင်လေးကို အပေါ်မှ အိတ်အကြည်ရောင်ဖြင့် ပတ်ထားကာ အိတ်နံဘေးတွင်ကား လှပသည့်လက်ရေးဖြင့် ရေးထားသော မှတ်စုလေးတစ်ခု

“မင်းအတွက် လက်ဆောင်”

ငါ့အတွက်လက်ဆောင်...။

စုရှင်းချန်၏ နှလုံးသားတစ်ခုလုံး နွေးထွေးသွားချေပြီ။

အိမ်ပိုင်ရှင်သည် သူ့အတွက် ဤသို့သော လက်ဆောင်မျိုးကို ပေးလိမ့်မည်ဟု ထင်ကိုမထင်ခဲ့ပေ။

စုရှင်းချန်သည် ထိုလက်ဆောင်ကို မထိမကိုင်ရဲပေ။ ဘေးနားတွင်သာ ရပ်၍ သေချာလေး ကြည့်နေပေသည်။

ဘာလေးများ ဖြစ်မလဲမသိဘူး...။

အတော်ကို သိချင်နေပြီဖြစ်သော်လည်း လက်ဆောင်ကိုမဖွင့်ရဲပေ။ အိတ်အကြည်ရောင်လေးကို လက်ကလေးဖြင့် ထိုးရင်း စိတ်ထဲတွင် ကြိတ်ပြီး ပျော်နေပေသည်။

ပျော်လိုက်တာ...။





ဒီအိမ်အတွက် ပိုက်ဆံအများကြီးပေးခဲ့ရတယ်Where stories live. Discover now