Chapter 6

640 96 10
                                    

အပိုင်း (၆)

နောက်တစ်နေ့တွင်ကား ပိုင်ဝမ်သည် အလုပ်သမားများအား ကင်မရာများကို ပြန်ဖြုတ်ခိုင်းခဲ့ပေသည်။

"ဘော့စ် ဘာဖြစ်နေတာလဲ၊ မနေ့တစ်နေ့ကမှ တပ်ထားတာကို ဘာလို့ ပြန်ဖြုတ်ချင်ရတာလဲ"

"ငါ့ကို ဗီဒီယိုမှတ်တမ်းကြီးတင်နေတာ မနေတတ်လို့" ဖန်ရှင်းသည် စိတ်ထဲရှိသည့်အတိုင်းပင် ဖြေလိုက်ပေသည်။

ပိုင်ဝမ်ထင်သည်ကား သူ့ဘောစ်သည် ယခုတလောတွင် ဖြစ်ပျက်သွားသည့်ကိစ္စများကြောင့် စိတ်အခြေနေအဆင်မပြေသဖြင့် ဤသို့လုပ်နေခြင်းဖြစ်မည်ကိုကောက်ချက်ချမိပေသည်။ ဗီဒီယို မှတ်တမ်းတင်နေတာ မနေတတ်ဘူးဆိုသည်ကား အနည်းငယ် စဥ်းစားစရာပင် ဖြစ်သည်။

"ဘော့စ် တကယ်ပဲ ဘယ်သူ့အကူအညီမှ မလိုဘူးဆိုတာ သေချာလို့လား"

"မလိုပါဘူး"

ပိုင်ဝမ်သည် သူ့အား စိတ်ပူသည်ကို နားလည်ပေသည်။ သို့သော်လည်း ယခုကြုံတွေ့နေရသော ကိစ္စသည် လုံခြုံရေးချကာ စာဖွဲ့နေရလောက်သည်အထိ ဖန်ရှင်းတစ်ယောက် အားပျော့သူ မဟုတ်ပေ။

"အဲ့လိုဆိုလဲ အလုပ်ကို စောစော ပြန်လာခဲ့ပါ ဘော့စ်ရယ်"

ပိုင်ဝမ်သည် ထပ်၍ပင် 

"လာမယ့် တနင်္ဂနွေနေ့ကျရင် ကုမ္ပဏီကနေ ဦးစီးကျင်းပမဲ့ ဂိမ်းပြိုင်ပွဲမှာ ပြိုင်ပွဲဝင် အယောက် (၁၀၀) တက်ရောက်မှာ ဘော့စ်။ အဲ့ပွဲမှာ အကောင်းဆုံးပြိုင်ပွဲဝင်ကို ဘော့စ်ကိုယ်တိုင် ရွေးချယ်ပေးရမှာ"

"ဟုတ်ပြီ" ယွီဖန်ရှင်းသည် မနက်ဖြန်တွင် အလုပ်ကိုပြန်သွားရန် ဆုံးဖြတ်ထားပြီးဖြစ်သော်လည်း ပိုင်ဝမ်အား ပြောဖို့မလိုသေးသည်ဟု ထင်သောကြောင့် မပြောသေးပေ။

ကုမ္ပဏီ၏ငါးနှစ်သက်တမ်းတစ်လျှောက်တွင် ထုတ်လုပ်ခဲ့သော အွန်လိုင်းဂိမ်းများထဲမှ စကိုင်းအွန်လိုင်းဂိမ်းသည် ဒုတိယမြောက်အကြီးဆုံး ပရောဂျက်တစ်ခုဖြစ်ပေသည်။ ပထမဆုံးထုတ်လုပ်ခဲ့သော မှော်ဒိုမိန်းအွန်လိုင်းဂိမ်းသည် အကြီးအကျယ် အောင်မြင်မှုရခဲ့ပြီး ဂိမ်းသမားများကြားတွင် အတော်ပင် အကြိုက်တွေ့ခဲ့ပေသည်။ ထို့ကြောင့်ပင် နောက်ဂိမ်းတစ်ခုဖြစ်သည့် စကိုင်းဂိမ်းအားထပ်မံ၍ထုတ်လုပ်နိုင်ရန် အခွင့်ရေးရခဲ့သည်ဖြစ်ပြီး ပထမတစ်ခုထပ်ပို၍ အောင်မြင်မှုရရန် ရည်ရွယ်ထားခြင်းဖြစ်ပေသည်။

ဂိမ်းသမားတော်တော်များများကြားတွင် မှော်ဒိုမိန်းအွန်လိုင်းဂိမ်းသည် မည်သည့်ဂိမ်းနှင့်မျှ မယှဉ်နိုင်သော အောင်မြင်မှုကို ရရှိထားသည်ဖြစ်ရာ နောက်ထပ်ထုတ်လုပ်မည့် စကိုင်းအွန်လိုင်းဂိမ်းသည်လည်း မှော်ဒိုမိန်းဂိမ်းအား လိုက်မှီနိုင်ရန် မည်သို့မျှ မဖြစ်နိုင်ပေ။

သို့သော်လည်း ဖန်ရှင်းအဖို့ ထိုကိစ္စကို လုံးဝစိတ်ပူပန်ခြင်းမရှိပေ။ မည်သို့ပင်ဖြစ်စေ မှော်ဒိုမိန်းဂိမ်းသည်လည်း သူကိုယ်တိုင်တီထွင်ခဲ့သည့်ဂိမ်းဖြစ်ရာ အနာဂတ်တွင်လည်း ထိုဂိမ်းကို ကျော်အောင်လုပ်နိုင်မည့်ဂိမ်းအား သူကိုယ်တိုင်ပင် ထုတ်လုပ်နိုင်မည်ကို ယုံကြည်ချက်ရှိပေသည်။

ထို့ကြောင့် အင်တာဗျူးတိုင်း၌ ရှင်းလင်းပြတ်သားစွာပင်

"ကျွန်တော် ဘယ်တော့မှ မစိုးရိမ်ဖူးပါဘူး။ ဘာလို့စိတ်ပူရမှာလဲဗျ။ ကျွန်တော်က အခုမှ ငယ်ငယ်လေးရှိသေးတာ အနာဂတ်မှာ ဒီထပ်ကောင်းတဲ့ဟာတွေကိုတီထွင်နိုင်မယ်ဆိုတာ ကျွန်တော့်ကိုယ်ကျွန်တော်ယုံကြည်မှုရှိတယ်"

ယွီဖန်ရှင်း၏အသက်သည် (၂၇) နှစ်ပင် ရှိသေးသည်ဖြစ်ရာ ရှေ့လျှောက်လုပ်ဆောင်နိုင်မည့် အလုပ်များစွာ ကျန်သေးသည့်အတွက်ပင် ဖြေးဖြေးမှန်မှန်ဖြင့် အချိန်ယူလုပ်နိုင်ပေသေးသည်။

တစ်ချို့သောသူများသည် ယွီဖန်ရှင်းကိုကြည့်ကာ အလွန်ပင် အားကျကြပေသည်။ အသက်သုံးဆယ်ကျော်သွားသည့်တိုင် ဖန်ရှင်းကဲ့သို့နာမည်ကြီး ဂိမ်းတစ်ခုကို တီထွင်နိုင်ရန်မဆိုထားနှင့် မိမိတို့တာဝန်ကျရာအလုပ်ကိုပင် ကပ်တွယ်နေကြသည့်သူများလည်း ရှိပေသေးသည်။ ဂိမ်းတီထွင်သည့်ကုမ္ပဏီများကြားတွင်လည်း ဖန်ရှင်းလိုအရွယ်မျိုးတွင်သာမကာ တခြားအသက်အပိုင်းများတွင်လည်း ဤကဲ့သို့ လက်ရာမြောက်သောဂိမ်းအား တီထွင်နိုင်သည့်သူမှာ လုံးဝပင် မရှိသေးပေ။

ယွီဖန်ရှင်း၏အင်တာဗျူးတိုင်းတွင် ဖြေသောစကားလုံးများသည် လူငယ်များတွင် အထူးသဖြင့် မိန်းကလေးပရိသတ်များကြား ရေပန်စားသွားကာ ယွီဖန်ရှင်း၏ဂိမ်းကို စမ်း၍ဆော့လာကြရင်းမှပင် မှော်ဒိုမိန်းဂိမ်းသာမက ဂိမ်းတီထွင်သော လူငယ်ဂိမ်းပညာရှင်ဟူ၍ အတော်ပင် နာမည်ကြီးလာပေသည်။

သို့သော်လည်း ယွီဖန်ရှင်းသည် အမြဲပင် သိုသိုသိပ်သိပ် နေတတ်ပြီး မီဒီယာတွင် ပေါ်လာသည်ကား အလွန်ပင်ရှားလှပေသည်။

မနက်ခင်းအစောပိုင်း ခြောက်နာရီလောက်တွင် စုရှင်းချန်တစ်ယောက် စျေးသို့ထွက်ခဲ့ပေသည်။

ရှစ်နာရီမတိုင်ခင်ပင် မြို့တွင်းသို့ရောက်အောင်သွားမည်ဖြစ်ပြီး ထိုအချိန်မှသာလျှင် စျေး၌လူစုံပေသည်။ သုံးဘီကို စျေးနားတွင်ရပ်လိုက်သည်နှင့် ဆန်မုန့်ရောင်းသည့်ဆိုင်ကို တန်းတွေ့ပေသည်။

ဆာလောင်လွန်းလှသောကြောင့် သုံးဘီးပေါ်မှအလျင်အမြန်ဆင်းကာ ဆန်မုန့်ကို တဝတပြဲပင် စားလိုက်ပြီးလျှင် ခြင်းတောင်းတစ်ခုကိုကိုင်၍ မြွေသားရည်အိတ်ကို ဘေးတွင်လွယ်ကာ စျေးထဲသို့ဝင်ခဲ့ပေသည်။

ဦးလေးဝန် ပြောဖူးသည်ကား သူတို့မြို့အတွင်းရှိဥပဒေနှင့်စည်းကမ်းချက်များသည် အလွန်ပင် တိကျကောင်းမွန်လှပြီး ရိုးရာယဉ်ကျေးမှုသည်လည်းတခြားမြို့များနှင့်မတူ ရိုးရှင်းလှပေသည်။ ထို့ပြင် သူခိုးသဘက်လုယက်သူများလည်း မရှိသလောက်ရှားသည်ဟု ဆိုပေသည်။

ရှင်းချန်အဖို့ ဟုတ်သည်လားမဟုတ်သည်လား မသိသော်လည်း သုံးဘီးဆိုင်ကယ်ကို သေချာပင် သော့ခတ်ကာ ဝယ်လာသောပစ္စည်းများကို သားရည်အိတ်ထဲတွင် သေချာထုပ်ပိုး၍ သူခိုးရန်ကို ကြိုတင် ကာကွယ်ထားလိုက်ပေသည်။

"လူလေး ခွေးလေးတွေ ဝယ်ဦးမလားကွဲ့" အသက်ခြောက်ဆယ်အရွယ်ရှိသောအဘိုးကြီးသည် စက်ဘီးပေါ်တွင် ဝါးခြင်းထောင်းနှစ်ခုကို တင်ထားကာ စုရှင်းချန်ဘေးမှဖြတ်သွားရင်း မေးလိုက်ပေသည်။

အမွေးပွခွေးပေါက်လေးများကို ထည့်ထားသည့်ခြင်းပုံစံလေးကို ကြည့်ရုံဖြင့်ပင် စုရှင်းချန် အလွန်ပင် လိုချင်နေပြီဖြစ်သည်။

"ကျွန်တော့်ကို တစ်ချက်ပြကြည့်ပါလား ခင်ဗျ"

အဘိုးကြီးသည် စျေးရောင်းသူပီပီ သာမန်ပင် မေးလိုက်ခြင်းဖြစ်သော်လည်း ခွေးချစ်သော စုရှင်းချန်ကိုမှ မေးမိသည့်အတွက် သေချာပေါက် ရောင်းရမည်ဖြစ်သည်။ စက်ဘီးကို ဘေးနားသို့အမြန်ပင်ရပ်လိုက်ကာ စတင်၍ပြောပေတော့သည်။

"တကယ်ကောင်းတဲ့ ခွေးလေးတွေပါ လူလေးရယ်။ ဒီခွေးလေးတွေက အခုမှ အသက်က တစ်လပဲရှိသေးတာ။ သူတို့ရဲ့တောင့်တင်းတဲ့ကျောရိုးတွေနဲ့ခြေထောက်တွေကို ကြည့်,ကြည့်စမ်းပါဦးကွယ်။ တကယ်ကို ချစ်ဖို့ကောင်းရုံတင်မကဘူး သူတို့က တောင်ပေါ်ခွေးလေးတွေလေ။ အဘိုးသူတို့ကိုတောင်ပေါ်ကနေ ခေါ်လာတာကွဲ့"

တောင်ပေါ်ကလား။ စုရှင်းချန်သည် အဘိုးကြီးထုတ်ပေးသည့် ခွေးလေးတစ်ကောင်အား ကြည့်လိုက်ပေသည်။ ခေါင်းအစခြေအဆုံး အဝါရောင်ရှိပြီး အမွေးပွပွလေးဖြင့် အလွန်ပင် ချစ်ဖို့ကောင်းပေသည်။

"တစ်ကောင်ကို ဘယ်လောက်လဲဗျ" စူရှင်းသည် ပြုံးပြုံးလေး မေးလိုက်ပေသည်။

"တစ်ကောင်ကို ယွမ်ငါးဆယ်ပါ" အဘိုးကြီးသည်လက်ငါးချောင်းထောင်ပြပေသည်။

"စျေးတန်တာပဲ ကျွန်တော်နှစ်ကောင်လုံး ဝယ်ပါ့မယ်" စုရှင်းချန်သည် စျေးနှုန်းကိုကြားသည်နှင့် တွန့်ဆုတ်မနေပဲ တန်း၍ပင် ဝယ်လိုက်ပေသည်။ ထို့နောက် အဘိုးကြီး ခြင်းတောင်းလေးများထဲမှ ခွေးလေးနှစ်ကောင်ကိုထုတ်ကာ ပျော်ပျော်ရွှင်ရွှင်နှင့်ပင် ဖက်လိုက်ပေသည်။

ခွေးလေးသည် စုရှင်းချန်အား သူစိမ်းတစ်ယောက်ဖြစ်သည့်အတွက် တုန်လှုပ်နေကြကာ ရုန်းကန်နေကြပေသည်။

"မကြောက်ပါနဲ့ကွယ်" ရှင်းချန်သည် ခွေးလေး၏ ခေါင်းကိုပွတ်သပ်ပေးရင်း နမ်းရှုပ်မိလိုက်သည်နှင့် ထူးခြားသည့် နို့ရည်အနံ့ကို ရပေသည်။

"ဒီတစ်ကောင်ကော ဘယ်လိုထင်လဲ" အဘိုးကြီးသည် နောက်ခွေးတစ်ကောင်ကို လူလေးအား ပြလိုက်ပေသည်။ ထိုခွေးလေးမှာ အလွန်ပင် သန်မာထွားကျိုင်းပုံပေါ်သည့်အပြင် အကြည့်များသည်ကားလည်း အလွန်ပင် စူးရှလှပေသည်။

စုရှင်းချန်သည် မည်သည်ကိုမှ စဉ်းစားမနေတော့ပေ။ ဝါးခြင်းတောင်းထဲတွင်ရှိသော အဖြူရောင်ခွေးလေးကို ရွေးမည်ဟုထင်ထားခဲ့သော်လည်း စူရှင်းချန်သည်

"အဘိုး ကျွန်တော် ဒီတစ်ကောင်ဝယ်မယ်"

အဘိုးအိုသည် ကြောင်တောင်တောင်လေး ဖြစ်သွားပေသည်။

"ဒီခွေးလေးက နည်းနည်းသေးတယ်ကွဲ့ တခြားခွေးလေးတွေလို သန်သန်မာမာလေးမဟုတ်ဘူး"

စုရှင်းချန်သည် ပြုံးပြုံးလေးဖြင့် "အဆင်ပြေပါတယ် အဖိုး ကျွန်တော် သူ့ကို သန်မာအောင် ထိန်းကျောင်းပေးမှာပါ"

စုရှင်းချန်သည် ယွမ်တစ်ရာကိုသုံးကာ ခွေးလေးနှစ်ကောင်ကို ဝယ်လိုက်ပေသည်။ ထို့နောက် ပါလာသော သေတ္တာသေးသေးလေးတွင် ခွေးလေးနှစ်ကောင်ကို ထည့်ကာ တခြားပစ္စည်းများကိုလည်းနေရာသေချာချလိုက်ပေသည်။ အိမ်သို့ပြန်လာသောအချိန်သည်ကား နေ့မွန်းတည့်ချိန်ဖြစ်နေပြီဖြစ်ရာ ခွေးလေးများကို နေမထိုးစေရန် သေချာအမိုးရှိသောဘက်တွင်ထား၍ အိမ်သို့တပွေ့တပိုက်ကြီး ပြန်လာပေသည်။

ရွာသို့ရောက်သောအခါ တစ်ခုခုကို စဉ်းစားမိသွားပေသည်။ ယမန်နေ့ နေ့လယ်ခင်းက ပထမထပ်ကိုရှင်းနေသည့်အချိန်တွင် စူရှင်းချန်သည် ဦးလေးဝန်အားခေါ်၍ ပရိဘောဂ ဝယ်ရမည့်နေရာအကြောင်းကို စုံစမ်းခဲ့ပေသည်။

ဦးလေးဝန်သည် အတတ်နိုင်ဆုံး ကြိုးစား၍ မြို့ထဲရှိအကောင်းဆုံး ပရိဘောဂဆိုင်များကို လိုက်ပြခဲ့ပေးသော်လည်း စိတ်ကြိုက်ဆိုင်ကို မတွေ့တော့သည့် နောက်ဆုံးတွင်ကား

"ပရိဘောဂ ဝယ်တာတော့ ပိုက်ဆံကုန်တာပေါ့လူလေးရယ်။ လူလေးက ပိုပြီး အဆင်ပြေပြေဟာကိုလိုချင်ရင်တော့ ဦးလေးတို့ရွာထဲက ဦးနျူဆီကိုသွားလိုက်ပေါ့။ သူ့ဆီမှာက စိတ်ကြိုက်လုပ်ခိုင်းလို့ရတယ်"

ပရိဘောဂဝယ်သည်ကား စျေးကြီးမည်ကို စုရှင်းချန်သိပြီး ဖြစ်သည်။ သို့သော်လည်း ဦးလေးနျူဆိုသော သူဆီ၌ဝယ်ရမည်ကိုကား သေချာ မသိသေးသော်လည်း ဦးလေးဝန်ပြောပုံအရ ဦးလေးနျူသည် တစ်ကိုယ်တည်းသမား ဖြစ်ပေသည်။

စုရှင်းချန်သည် ဦးလေးဝန်ပြောသောလမ်းအတိုင်းသုံးဘီးဆိုင်ကယ်လေးကိုစီး၍ နောက်ဆုံးတွင် ဦးလေးနျူအိမ်ရှေ့သို့ ရောက်လာခဲ့ပေသည်။ တောင်ပေါ်သို့သွားသောလမ်းကို မျက်နှာမူ၍ ဆောက်ထားပြီး အိမ်နောက်ဖေးတွင်ကား ဝါးတောကြီးတစ်ခု ရှိပေသည်။ ဦးလေးနျူအိမ်သည်လည်း ဝါးအိမ်လေးတစ်ခုဖြစ်ပေသည်။

အိမ်ရှေ့တွင်ကား နေရာကျယ်ကြီးတစ်ခုရှိပြီး နေရာတစ်နေရာလုံးကို သစ်သားတုံးများ ဝါးခြမ်းများနှင့် အိမ်ပရိဘောဂလုပ်ရန်အတွက် လိုအပ်သည့် ပစ္စည်းအစုံကို ချထားပေသည်။

"ဦးလေးနျူ ရှိလားခင်ဗျ" စူရှင်းချန်သည် သုံးဘီးဆိုင်ကယ်လေးကို ရပ်လိုက်ကာ အိမ်ထဲသို့ ခေါ်လိုက်ပေသည်။

"ဝင်ခဲ့ပါ။ ဘယ်သူတုန်းကွဲ့" ခွက်တစ်ခွက်ကိုကိုင်ထားသော ခြေဗလာနှင့်လူကြီးတစ်ယောက် ထွက်လာသော လူတစ်ယောက်သည် စုရှင်းကိုမြင်သည်နှင့် မျက်နှာစိမ်းဖြစ်နေပေသည်။ အရင်ကမမြင်ဖူးပါဘူး။ ဘယ်သူပါလိမ့်။

"ဦးလေးနျူခင်ဗျ ကျွန်တော့်နာမည်က စုရှင်းချန်ပါ။ ကျွန်တော် ပရိဘောဂ ဝယ်ဖို့ လာခဲ့တာပါခင်ဗျ" စုရှင်းချန်သည် ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပြီးနောက် လာရင်းကိစ္စကို ပြောလိုက်ပေသည်။

ဦးလေးနျူ၏ မျိုးရိုးနာမည်သည်လည်း "စု"ဖြစ်ပေသည်။ သူ၏နာမည်အရှည်ကောက်သည် စုရွှင်းနျူဖြစ်ပေသည်။ လူလေး၏မျက်နှာကို သေချာစိုက်ကြည့်လိုက်သည်နှင့် ယခင်ကသိသည့်သူ မဟုတ်သော်လည်း သိသောသူတစ်ယောက်နှင့် ရုပ်ချင်းဆင်သည်ကို သတိထားမိပေသည်။ ထို့ကြောင့်ပင် အံ့အားတကြီးဖြင့်

"မင်းအဖေရဲ့နာမည်က ဘယ်သူလဲကွဲ့"

ရှင်းချန်သည် ပုံမှန်အတိုင်းပင် ပြန်ဖြေလိုက်ပေသည်။

"ကျွန်တော့်အဖေနာမည်က စုကျင်းနန်ပါ။ ကျွန်တော့်အဘိုးနာမည်ကကျ စုရှီကျင်းပါခင်ဗျ"

ဦးလေးနျူသည် ခေါင်းတညိတ်ညိတ်ဖြင့်

"လူလေးရယ် ဦးလေး မင်းအဘိုးကို သိတယ်ကွဲ့။ တော်တော်ကို စိတ်ရှည်တတ်တဲ့ သူတစ်ယောက်လေ"

ထိုသို့ပြောပြီးနောက်တွင် ကောင်လေး၏အဖိုးနှင့်အဖေဖြစ်သူကို ဆုံးရှုံးလိုက်ရပြီကို သတိရကာ အစပြန်မဖော်တော့သည့်အနေဖြင့် ဆက်မမေးတော့ပေ။

"ဝင်လာခဲ့လေကွဲ့။ လူလေးက ဘယ်လို ပရိဘောဂပုံစံမျိုးကို လိုချင်တာတုန်း၊ ဦးလေး လုပ်ပေးပါ့မယ်"

"ကျေးဇူးတင်ပါတယ် ဦးလေးနျူ" အိမ်အတွင်းသို့ဝင်လိုက်သည်နှင့် နံရံပေါ်တွင် အဝတ်အထည်များကို ချိတ်ထားသည်မှာ စုရှင်းချန် အံ့အားသင့်သွားရပေသည်။ အဝတ်များသည် သေချာချုပ်လုပ်ထားပြီး လက်ရာမြောက်လှသော ပန်းချီကားချပ်များပမာ ဆေးရောင်စုံများဖြင့် ပြုလုပ်ထားပေသည်။

"တော်တော်လှတာပဲ" စုရှင်းချန်သည် အားပါးတရပင် ချီးကျူးလိုက်ပေသည်။

ဦးလေးနျူသည် လက်ဖက်ရည်ခွက်ကို ငှဲ့ပေးရင်းနှင့်ပင် တခစ်ခစ်ရယ်ကာ

"ဦးရဲ့ဘိုးဘေးတွေက အဝတ်အထည်တွေကိုလုပ်ကြတာလေ။ ဒါပေမဲ့ လူလေးရယ် ဒီလိုပုံစံမျိုးတွေက ခေတ်နောက်ကျကျန်ခဲ့ပြီကွဲ့ ဘယ်သူမှ မသုံးကြတော့ဘူး"

ထို့ကြောင့်ပင် ပရိဘောဂပြုလုပ်သည့်အလုပ်ကိုပြောင်းလဲလုပ်ကိုင်နေကြခြင်း ဖြစ်ပေသည်။

သို့သော်လည်း လွန်ခဲ့သည့်နှစ်များက ခေတ်ကာလသည် တစ်နှစ်ထပ်တစ်နှစ် တိုးတက်လာပြီးဖြစ်ရာ မြို့ပြရှိလူများသည် ကျေးလက်၏အရသာဖြစ်သောဝါးကြိမ်ခြင်းတောင်းနှင့် လက်လုပ်သစ်သားပရိဘောဂများကို အသုံးပြုသင့်ပေသည်။

"ဦးလေးနျူ စိတ်မရှိရင်လေ ကျွန်တော် ဦးလေးရဲ့လက်ရာတွေကို မှတ်တမ်းတင်လို့ရမလားခင်ဗျ" စုရှင်းချန်သည် ဦးလေးသဘောတူမည်လား မသိသော်လည်း ထိုလက်ရာမြောက်လှသည့်အနုပညာကိုမူ အများသူငါအား ထုတ်ပြချင်သည်ကား အမှန်ပင်။

"အမ်" ဦးလေနျူသည် လူလေးဘာပြောနေသည်ကိုပင် နားမလည်ပေ။ သို့သော်လည်း စုရှင်းချန်တစ်ယောက် မိုဘိုင်းဖုန်းလေးကိုထုတ်ကာ နံရံတွင်ထောင်လိုက်သည်ကို တွေ့လိုက်သောအခါတွင်ကား အနည်းငယ် နားလည်သွားပေသည်။ ဦးလေးကြီးသည် ကင်မရာကိုကြည့်ကာ ရိုးသားသောအပြုံးလေးဖြင့် နှုတ်ခွန်းဆက်သလိုက်ပေသည်။

ဗီဒီယိုမှတ်တမ်းတင်ပြီးနောက်တွင် စုရှင်းချန်သည် သူလိုချင်သော ပရိဘောဂပုံစံကို သေချာပြောပြနေပေသည်။ ဝါးဖြင့်ပြုလုပ်သော ပရိဘောဂသည် အခြားအသားများထပ် လုပ်ရသည်မှာ ပို၍လွယ်ကူလှပေသည်။ ထို့ကြောင့်ပင် စုရှင်းချန်သည် မဆိုင်းမတွပင် ဝါးပရိဘောဂကို ယူရန် ပြောလိုက်ပေသည်။

ဦးလေးအိမ်မှ မထွက်ခွာမီ "ဒီအဝတ်အထည်တွေကျ ဘယ်လိုရောင်းတာလဲ"
ဤအဝတ်အထည်များကို ဝယ်သေးသည့်သူရှိသေးလားမသိသော်လည်း သိချင်စိတ်ဖြင့် မေးကြည့်ခြင်းဖြစ်သည်။

ဦးလေးနျူသည် စုရှင်းချန်၏ သိချင်နေသည့်ပုံစံလေးကို ကြည့်ကာ ပြုံးမိပေသည်။

"အရင်လူတွေ ဝယ်တုန်းကတော့ ယွမ်ရှစ်ဆယ့်တစ်ကျပ်နဲ့ ရောင်းတာ လူလေးရဲ့"

ထို့နောက်တွင်ကား မည်သူမျှ မဝယ်ကြတော့ပေ။

စုရှင်းချန်သည် ထပ်၍သိချင်သောကြောင့်ပင်

"ဝတ်စုံတစ်စုံလုပ်ဖို့ ဘယ်နှစ်ရက်လောက်ကြာလဲ"

ဦးလေးနျူသည် လက်ကလေးကိုထောင်ကာ
"သုံးရက်ကြာတယ်"

စုရှင်းချန်သည် တိတ်ဆိတ်သွားပေသည်။ သုံးရက်ဖြင့် ယွမ်ရှစ်ဆယ့်တစ်ကျပ်ပဲ ရသည် ဆိုသည်ကား ပစ္စည်းခများနှင့် အလုပ်သမားခများလည်း ရှိပေဦးမည်။

"ဦးလေးနျူ ကျွန်တော်စျေးထဲကနေ အသီးလေးတွေ ဝယ်လာတာ ဦးလေးအတွက် ထားခဲ့မယ်နော်"

စူရှင်းချန်သည် အရိပ်အောက်တွင် ရပ်ထားသော သုံးဘီးဆိုင်ကယ်လေးဆီသို့ သွားကာ ဖရဲသီးကြီးကြီးတစ်လုံးနှင့် အနီရောင်ပန်းသီးနှစ်လုံးကို ထုတ်လိုက်ပေသည်။

ဦးလေးကြီးသည် လက်ဆောင်ပဏ္ဏာများကိုမရခဲ့သည်ကား နှစ်အတော်ကြာနေပြီဖြစ်သည့်အတွက် ပထမဆုံး ပြန်ရခဲ့သောလက်ဆောင်ကို ကြည့်ကာပီတိဖြစ်မိသော်လည်း

"မလိုပါဘူး လူလေးရယ် လူလေးပဲစားပါ။ ဦးလေးကို မပေးပါနဲ့ ရပါတယ်ကွယ်"

စုရှင်းချန်သည် ဦးလေးအား ပန်းသီးတင်မကပဲ ဒီထပ်ပိုသည့်လက်ဆောင်ကို ပေးချင်ပေသေးသည်။

"ကျွန်တော် ဦးလေးရဲ့ခြင်းတောင်းလေးတွေကိုသဘောတွေ့နေတာ။ ဒီလိုလုပ်ဗျာ ဦးလေးခြင်းတောင်းနဲ့ ပန်းသီးနဲ့ အလဲအလှယ်လုပ်ရအောင်လေ"

ဦးလေးနျူသည် စူရှင်းချန်ပြောသည်ကို သိပ်သဘောမတွေ့သေးပေ။ ထို့ကြောင့်ပင် စူရှင်းချန်သည် သုံးဘီးဆိုင်ကယ်တွင် ပါလာသော ငါးတစ်ကောင်အား ထုတ်လာပြီးလျှင် ဦးလေးနျူအားပြကာ

"ကျွန်တော် ခြင်းအကြီးကြီး လိုချင်တယ်"

ဦးလေးနျူသည် ခြင်းတောင်းတော်တော်များများကို စူရှင်းချန်နှင့် အလဲအလှယ်လုပ်လိုက်ပေသည်။ အလဲအလှယ် လုပ်သည်ဟုဆိုသော်လည်း အမှန်တကယ်ကား ဦးလေနျူဘက်မှ အရှုံးချည်းပင်ဖြစ်ပေသည်။  စုရှင်းချန်သည် လိုချင်သည်ကို ရခဲ့သည်ဖြစ်ရာ ပျော်ပျော်ရွှင်ရွှင်နှင့်ပင် အိမ်သို့သုံးဘီးလေးစီး၍ ပြန်ခဲ့ပေသည်။

နေ့လယ် တစ်နာရီရှိပေပြီ။ စုရှင်းချန်တစ်ယောက် မနက်စာကို နောက်ကျမှစားထားသည့်အတွက် ဗိုက်မဆာပေ။ သို့သော်လည်း ကင်မရာများကိုဖယ်လိုက်ပြီဖြစ်သောကြောင့်ပင် စိတ်ထဲတွင် နည်းနည်း အဆင်ပြေသည်ဟု ခံစားရပေသည်။ သို့သော်လည်း အရမ်းကြီး စိတ်မအေးချမ်းနိုင်သေးပေ။

ထို့နောက်တွင်ကား ခွေးလေးများကို နေရာချပေးကာ အသီးအနှံများကို အပေါ်ထပ်သို့ သယ်သွားပေသည်။ ကင်မရာများကို ဖယ်လိုက်သည်ကို သိလိုက်ရသောအခါမှ စိတ်ချလက်ချပင် မီးဖိုချောင်ထဲသို့ဝင်ကာ ချက်ပြုတ်ရန် ပြင်ဆင်လိုက်ပေသည်။

ယနေ့ချက်မည့်ဟင်းလျာသည်ကား ငါးဟင်းဖြစ်ပေသည်။ စျေးသည်အန်တီကြီး ပြောလိုက်သည်မှာ ဤငါးသည် တောင်ပေါ်စမ်းချောင်းမှ
လတ်လတ်ဆတ်ဆတ် ဖမ်းလာသောငါးဟု ဆိုပေသည်။ စျေးသည်အန်တီကြီး တော်တော်များများသည် အတင်းရောင်းချင်သောကြောင့် မဟုတ်သည့်စကားများကိုလည်း ပြောကြသည်ကားရှိသေးသည်။ သို့ပေမဲ့ ဤငါးသည် စမ်းချောင်းငါးဖြစ်သည်အား အတပ်ပြောနိုင်သည်မှာ အသားသည် အလွန်ပင်လတ်ဆတ်၍ နူးညံ့ပေသည်။

ငါးကိုသတ်ကာ အသေအချာပင် အရိုးနွှင်ပြီး ဆေးကြောသန့်စင်လိုက်ပေသည်။ ထို့နောက်တွင် ဆလတ်ရွက်ကို ရေဆေးပေသည်။ အိမ်တွင် ကိုယ်တိုင်စိုက်ပျိုးထားသော လတ်ဆတ်သည့် ဆလတ်ရွက်ပင် ဖြစ်ပြီး လတ်ဆတ်နူးညံ့ကာ စိမ်းစိမ်းစိုစိုနှင့်အရသာသည် ချိုချိုလေးဖြစ်နေပေသည်။

တစ်နာရီကျော်မှ ချက်ပြုတ်ပြီးနောက် ငါးဟင်းတစ်ခွက်နှင့်ဆလတ်ရွက်တစ်ပုံကို အသေအချာပြင်ဆင်၍ပြီးပေပြီ။ အစပ်မပါသည့်ဘက်ကို အိမ်ပိုင်ရှင်အတွက် ဖယ်ထားလိုက်ပေသည်။

သူ့အတွက် ချန်ထားသော ငါးဟင်းတွင်ကား သေချာပေါက် အစပ်လေးကို ထည့်ထားပေသည်။ မည်သည့်ဟင်းမျှ အစပ်မပါလျှင် စားရသည်မှာအသက်မပါပေ။




ဒီအိမ်အတွက် ပိုက်ဆံအများကြီးပေးခဲ့ရတယ်Where stories live. Discover now