အပိုင်း (၂၇)
ယွီဖန်ရှင်း မျက်လုံး ဖွင့်လိုက်သည်နှင့် နောက်တစ်နေ့မနက် ကိုးနာရီထိုးနေပြီဖြစ်သည်။
ရုတ်တရက် ပိုးသတ်ဆေးနံ့ နှာခေါင်းထဲသို့ ထောင်းခနဲ ဝင်လာသည်နှင့် မနေချင်ဆုံး နေရာတစ်ခုကို ရောက်နေမှန်း သိလိုက်ပြီ။
ဆေးရုံကို ရောက်လာတာလား...။
မျက်မှောင်ကြုတ်ကာ မနေ့ညက ဖြစ်ပျက်ခဲ့သည်များကို သေချာပြန်စဥ်းစားလိုက်သည်။
ပိုင်ဝမ်သည် မနေ့ညက သူ့အတွက် ဆေးရုံကား ခေါ်ပေးခဲ့သည် ဟုပြောသည်။
ပြဿနာကား သူဗိုက်အောင့်နေမှန်း ပိုင်ဝမ် ဘယ်လိုသိသနည်း။
"လူကြီးမင်းယွီ နိုးပြီလားရှင့်" သူနာပြုအသံကြောင့် အတွေးများ ရုတ်တရက် နှောင့်ယှက်ခံလိုက်ရပေသည်။
"ခန္ဓာကိုယ်မှာ နာနေတဲ့နေရာ ရှိနေသေးလားရှင့်" သူနာပြုသည် ထပ်မံ၍ မေးလိုက်သည်။
အခုမှနိုးလာသောကြောင့် အနည်းငယ် ထုံထုံထိုင်းထိုင်း ဖြစ်နေသော်လည်း ဗိုက်အောင့်နာကို သိပ်မခံစားရတော့ပေ။
"အဆင်ပြေပါတယ်..." နာကျင်ခြင်းကို အရမ်းမခံစားရတော့သည့်အတွက် အစားစားချင်စိတ်လေး ဖြစ်လာသည်။
"စွပ်ပြုတ်လေးသောက်ချင်လားရှင့်။ ဒါမှမဟုတ် ဘာများစားချင်လဲ ကျွန်မ မှာပေးပါ့မယ်" သူနာပြုသည် ဤဆေးရုံတွင် အလုပ်လုပ်နေသည်မှာ နှစ်အတော်ကြာပြီ ဖြစ်သော်လည်း ဤမျှ ချောမောသည့် လူနာကို တစ်ခါမျှ မမြင်ဖူးပေ။
"မစားတော့ပါဘူး" မည်မျှပင် ဗိုက်ဆာနေသည့်တိုင် တခြားအစားအစာများကို စားချင်စိတ် လုံးဝမရှိပေ။
ထို့နောက်တွင် သူနာပြုကို အခန်းအတွင်းမှ မြန်မြန်ထွက်သွားစေရန် ဘာမေးမေး "ဘူး" ခံ၍သာ ငြင်းနေလိုက်သည်။
ဆေးရုံခန်းအတွင်းတွင် တစ်ယောက်တည်းကျန်ခဲ့သည်ဖြစ်ရာ ယွီဖန်ရှင်းသည် ဖုန်းကိုထုတ်၍ ပိုင်ဝမ်ကို ဖုန်းဆက်လိုက်၏။
"ဘော့စ်လား... ဘယ်လိုနေသေးလဲခင်ဗျ။ အစာအိမ်က သက်သာသွားပြီလား" ဖုန်းကိုင်လိုက်သည်နှင့် အတွင်းရေးမှူးပိုင်သည် အဆက်မပြတ် မေးလိုက်သည်။
"အင်း"
ယွီဖန်ရှင်းသည် စိတ်ထဲတွင် သိချင်နေသော ကိစ္စကို တိုက်ရိုက်ပင် မေးလိုက်ပေသည်။
"မင်း ငါ ညဘက်ကြီး ဗိုက်အောင့်တာကို ဘယ်လိုသိတာလဲ"
ပိုင်ဝမ်သည် ဘေးနားကို တစ်ချက်ကြည့်လိုက်ပြီး မည်သူမျှ မရှိမှန်း သေချာသည့် အချိန်မှ
"ဘော့စ်ဆီမှာနေတဲ့ လူတစ်ယောက် ဆက်တာ"
ယွီဖန်ရှင်း စိတ်မတင်မကျ ဖြစ်သွားသောကြောင့်
"ငါ့အနားကလူဆိုတာ ဘာကိုပြောတာလဲ ရှင်းရှင်းပြောစမ်း"
"ဟုတ်တယ်"
အတွင်းရေးမှူးပိုင်သည် ဥက္ကဌပြန်လာပါက သေချာပေါက်မေးမည်ဟု တေးထားသည့် အကြောင်းကား မနေ့ညက အသံချိုချိုနှင့် ကောင်လေး၏အကြောင်းပင်။
"သေချာပြောစမ်း"
ယွီဖန်ရှင်းသည် ပိုင်ဝမ့်ဘက်မှ စကားကို မရှင်းမရှင်း လုပ်နေသည့်အတွက် စိတ်မရှည်တော့ပေ။
"အာ..." အတွင်းရေးမှူးပိုင်သည်လည်း ဘော့စ်မသိချင်ယောင် ဆောင်နေသည် ထင်သောကြောင့် မနေ့ညက အကြောင်းကို သေချာပြောပြလိုက်သည်။
"မနေ့ညက ညနှစ်နာရီထိုးကြီး ကျွန်တော့်ကို ဘော့စ်ဖုန်းခေါ်တယ်ထင်လို့ ကိုင်လိုက်တာ ကောင်လေးတစ်ယောက် ဖြစ်နေတာလေ။ သူက ကျွန်တော့်ကို ဘော့စ်ဗိုက်အောင့်နေတယ်ဆိုပြီး ဆေးရုံကားကိုခေါ်ခိုင်းတာ..."
ထိုသို့ပြောလိုက်ရင်းနှင့် အတွင်းရေးမှူးပိုင်သည် တစ်ခုခုကို သိသွားပေသည်။
ထိုလူသည် ဘော့စ်၏အိမ်နံပါတ်ကို မသိပဲ တခြားတစ်ယောက်ကို အကူညီလှမ်းတောင်းခဲ့သည်ဖြစ်ရာ နှစ်ယောက်သားသည် သေချာပေါက် နှစ်ပေါင်းများစွာ ရင်းနှီးလာသည့် သူငယ်ချင်းတွေတော့ မဖြစ်နိုင်ပေ။
တစ်ညတာ ကာမဆက်ဆံသူ ဖြစ်လောက်တယ်။
သို့သော် ယောက်ျားလေးတစ်ယောက်အသံဆိုသည်မှာ သေချာသောကြောင့်...
မဖြစ်နိုင်လောက်ပါဘူး။ ဘော့စ်ကတော့ ယောက်ျားလေးချင်းတော့ မလုပ်လောက်ပါဘူး။
ယွီဖန်ရှင်းသည် အတွင်းရေးမှူးပိုင် ပြောသည်ကို နားထောင်နေရင်းနှင့် ခေါင်းအတွင်းတွင် စကားလုံးများသည် ပျံဝဲတက်နေသည့်ပမာ နားမလည်နိုင်တော့ချေ။
သို့သော် အရမ်းကြီး တအံ့တသြဖြင့် ပြန်မေးခြင်းမရှိပဲ
"မင်းကိုခေါ်တဲ့သူရဲ့အသံက ဘယ်လိုမျိုးလဲ"
"အသံလား" အတွင်းရေးမှူးပိုင်သည် ခဏမျှတွေးလိုက်ပြီး နောက်
"ခပ်ငယ်ငယ်ကောင်လေးအသံပဲ အသံချိုချိုလေး"
တိတ်ဆိတ်မှုကြောင့် အပြင်ဘက်မှ ကားသံများကိုပင် ကျယ်လောင်စွာ ကြားနေရပြီ။
ခဏကြာပြီးနောက် ယွီဖန်ရှင်း ပြောလိုက်သည်ကား
"ယောက်ျားလေးဆိုတာ သေချာပါတယ်နော်"
ပိုင်ဝမ်သည် သူကြားခဲ့သည်ကား မမှားဘူးဆိုတာတော့ သေချာသည်။
"သေချာပါတယ်"
"သူ ဘာထပ်ပြောသေးလဲ"
ယွီဖန်ရှင်းသည် ထပ်မံ၍ မေးလိုက်သည်။
ဘော့စ်ဆီမှ ရုတ်တရက်ဆန်သည့် အမေးကြောင့် နည်းနည်း တုန်သွားကာ
"ဘာမှ ထပ်မပြောပါဘူး အဲ့လိုပြောပြီး ချသွားတာပါ"
ဘော့စ်ကိုကြည့်ရတာ သူ့ဘေးနားက လူတွေကို သေချာမပြောပြချင်လို့ထင်တယ် မသိသလိုပုံစံမျိုး ဖမ်းနေတာပဲ။
"အဲ့ဒါဆိုလည်း ထားလိုက်ပါတော့...။ အလုပ်ဆက်လုပ်တော့ ရေသာခိုမနေနဲ့"
အမ်...
သူပဲဖုန်းခေါ်ပြီးတော့...
အစာအိမ် မနာတော့သည့်အတွက် ဆေးရုံတွင် ဆက်မနေချင်တော့ချေ။ ထို့ကြောင့် ဆေးရုံမှ တတ်နိုင်သမျှ မြန်မြန် ဆင်းလာခဲ့သည်။ အိမ်ပြန်လမ်းတွင် တစ်ယောက်တည်း အထီးကျန်စရာတော့ ကောင်းပေသည်။
ဖန်ရှင်းနားတွင် အကြောင်းကိစ္စတစ်ခုခုဆို ရှိနေပေးမည့်သူသည် ပိုင်ဝမ်မှလွဲ မရှိပေ။ ထို့ကြောင့်ပါမောက္ခဟန်က ဖန်ရှင်းအား မိန်းမယူရန် အမြဲတိုက်တွန်းခြင်း ဖြစ်သည်။
တရုတ်နိုင်ငံတွင် ယောက်ျားဖြစ်သူသည် ကလေးနှင့်မိန်းမကို ဂရုတစိုက်နှင့် အိမ်ထောင်တာဝန်ကို ယူရမည်ဟူသော ရှေးလူကြီးများ၏ အတွေးများနှင့် အယူအဆများသည် အခုချိန်ထိပင် ရှိနေသေးပေသည်။
ပိုက်ဆံချမ်းသာသော လူတစ်ယောက်၏ နောက်ကွယ်က အပူသောကများကို မည်သူမျှ မသိပဲနှင့် ပိုက်ဆံချမ်းသာသည်ဟူသော ဂုဏ်ပုဒ်ကိုသာ မြင်နေကြပေသည်။
အေးအတူပူအမျှ နေထိုင်ပြီး ပြဿနာများကို အတူတကွဖြတ်ကျော်ကာ ဖေးဖေးမမ ရှိသော ဆက်ဆံရေးတစ်ခုကို လိုအပ်သည်ဟူသော သူတစ်ပါးတွေတောင့်တနေမှုသည် ဖန်ရှင်းအတွက်တော့ လိုအပ်သည်လား ထိုက်တန်သည်လား မသိတော့ပေ။
တစ်ချိန်ချိန်မှာတော့ ဤသို့သော ဘဝကို ပိုင်ဆိုင်နိုင်ဖို့ကို မသိစိတ်က မျှော်လင့်မိပေသည်။
သို့သော်...
လှည့်ဖြားတတ်သော စိတ်က ကြီးစိုးလာသည်နှင့်
"အားး"
တော်တော် အာရုံနောက်ဖို့ ကောင်းတယ်။
တစ်ယောက်တည်းနေရတာ ဘာများ မကောင်းတာရှိလို့လဲ...။
အခုဆိုလည်း တစ်ယောက်တည်းပဲ ဆေးရုံဆင်းတာတွေကို လုပ်လိုက်လဲ အဆင်ပြေသွားတာပဲလေ။ ဘယ်သူ့ကို လိုနေရဦးမှာလဲ...။
စုရှင်းချန်သည် ယမန်နေ့ညက အိမ်ပိုင်ရှင်ကို ဆေးရုံကား လာခေါ်သွားသည်ကို ဘေးမှ ရပ်ကြည့်နေခဲ့ပေသည်။ စိတ်ထဲတွင်လည်း စိတ်ပူပန်နေ၏။
ပထမတစ်ချက်စိတ်ပူသည်ကား အိမ်ပိုင်ရှင်၏ အခြေအနေသည် ထင်ထားသည်ထပ် ပိုဆိုးလာပြီး ခွဲစိတ်မှုအထိလုပ်ရမှာကိုပင်။ ဒုတိယတစ်ချက်ကတော့ သူ၏ဖြစ်တည်မှုကို တစ်ပါးသူ သိသွားခြင်းကိုပင်။
ထို့ကြောင့် တစ်ညလုံးအိပ်မပျော်ခဲ့ချေ။
နောက်တစ်နေ့ အစောပိုင်းတွင် စုရှင်းချန် မနက် ခုနှစ်နာရီမှ နိုးပေသည်။
ရေပုံးကိုသယ်ကာ အချိန်အတော်ကြာ ပစ်ထားခဲ့ရရသော သီးပင်စိုက်ပျိုးသည့် နေရာသို့ ရေလောင်းရန် သွားပေသည်။ သီးပင်စေ့များသည် မနက်ခင်းပိုင်း မြူမှုန်ရေများဖြင့် ရောကာ ထင်ထားသလောက် ဆိုးရွားမနေပဲ အကောင်းအတိုင်း ရှိနေသေးသည်။
နှင်းမြူရေက များသောကြောင့်သာ ကံကောင်းသွားပေသည်။
ဆောင့်ကြောင့်ထိုင်လိုက်ပြီး သီးပင်အစေ့များကို လက်ထဲသို့ထည့်လိုက်သည်။ နှင်းမြူရေဖြင့် ရောနေသော စိုစွတ်သည့် မြေဆီလွှာကြောင့် လက်များတွင် မြေကြီးအစိုဓာတ်ကို ခံစားလိုက်ရသည်။ အာရုံစူးစိုက်စွာဖြင့် မြေကြီးထဲရှိ အစေ့ကိုလက်ဖြင့် နှိုက်လိုက်သည်။ ငါးမျက်လုံးပုံစံ အစေ့လေးသည် မြေဆီလွှာနှင့် ရောယှက်ကာ မဲကျစ်ကျစ်ပုံစံမျိုး ဖြစ်နေပေပြီ။
တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်တစ်ခုလုံးတွင် ကောင်လေးတစ်ယောက် ပေါက်တူးပေါက်သည့်သံ၊ မြေတူးဆွသံတိုးဖြင့် ပြည့်နှက်နေပေသည်။
"ဟင့်..." စုရှင်းချန်သည် သူ့လက်ထဲတွင် ကိုင်ထားသော အစေ့လေးကိုကြည့်ကာ နှမြောတသ ဖြစ်သွားသောကြောင့်
"တောင်းပန်ပါတယ်ကွယ်"
ထို့နောက်တွင် ထိုအစေ့လေးများကို သေချာပြန်လည် စိုက်နိုင်မည့်နေရာကို ရှာကာ ရေလောင်းပေါင်းသင် လိုက်၏။
အပင်ပေါက်လောက်တယ်မလားဟင်..။
စုရှင်းချန်တစ်ယောက် မျှော်လင့်တကြီးဖြင့် အပင်ပေါက်မည်ကိုသာ စောင့်ကြည့်ရဦးပေမည်။
သီးပင်စိုက်ပျိုးသည့်ကိစ္စအပြီးတွင် ဒုတိယအထပ်သို့ ပြေးတက်သွားကာ အိမ်ပိုင်ရှင် ပြန်လာပြီးလာဟု ကြည့်လိုက်ပေသည်။
သို့သော်လည်း အခန်းကြီးသည် ညကအတိုင်း တိတ်ဆိတ်လျှက်ပင်။
ယခုမှ ရှစ်နာရီပဲ ရှိသေးသည်ဖြစ်ရာ သေချာပေါက် အိမ်ပိုင်ရှင် ပြန်လာမည် မဟုတ်သေးပေ။ အကယ်၍ ပြန်လာပါကလည်း အိပ်ရာပေါ်တွင် လှဲအိပ်နေမည်ဖြစ်သည်။ မပြန်လာသေးလို့သာ မမြင်ခြင်းပင်။
အိမ်ပိုင်ရှင်အတွက် မနက်စာမလုပ်ရတော့သောကြောင့် စုရှင်းချန်သည်လည်း မနက်စာ စားမနေတော့ပဲ သုံးဘီးလေးကိုယူကာ အိမ်မှထွက်ခဲ့ပေသည်။
"ဆိုင်ရှင်ကြီးခင်ဗျ ခေါက်ဆွဲပြုတ် ပူပူလေးပေးပါ" မြို့တွင်းသို့ ရောက်သည့်နှင့် စျေးပေါပြီး စားကောင်းသည့် ဆိုင်လေးတစ်ခုအတွင်းသို့ ဝင်ထိုင်လိုက်ပေသည်။
ဘဲသား၊ ကြက်သားအနည်းငယ်နှင့်ဝက်နံရိုးများပင်ရှိပေသည်။ ကြက်ဥနှင့်မရှိပေ။
လူငယ်လေးသည် စိတ်ဓာတ်ကျနေသော်လည်း စားချင်နေသောကြောင့် အသားနှင့် မှာလိုက်ရတော့ပေသည်။
ပိုက်ဆံကိုချွေတာမည်ဟု စဥ်းစားထားသော်လည်း ပြောင်ပြန်ပြီ။
"..."
သို့သော်လည်း အရမ်းကြီး ချွေတာလွန်းလျှင်လည်း မနေ့က အိမ်ပိုင်ရှင်လို ဗိုက်အောင့်နာတွေ ဖြစ်နေဦးမည်။
အိမ်ပိုင်ရှင်လည်း ငယ်သေးသည်မို့ မသိသာသော်လည်း ဤအတိုင်းသာ မစားမသောက်ပဲ အရက်ချည်း သောက်နေပါက အသက် ကြီးလာပါက ဝေဒနာကို ပိုခံစားရမည်မှာ အမှန်ပင်။ ဗိုက်အောင့်သည်ဆိုမှ တစ်ခုကို စဥ်းစားလိုက်မိပေသည်။
သစ်ဥဝယ်သွားရမလား...။
ဆေးသစ်ဥသည် အစာအိမ်ကို အားဖြည့်ပေးသည့် ဆေးဖက်ဝင် သစ်ဥတစ်မျိုးလည်း ဖြစ်သည်။ ထိုအရာများကို စျေးတွင် ဝယ်ပါက သေချာပေါက် စျေးကြီးမည်ဖြစ်သည်။ ပိုက်ဆံချွေတာမည်ဟု စဥ်းစားထားသောကြောင့် တောင်ပေါ်တွင် ရလိုရငြား တက်ကြည့်လိုက်ဦးမည်။
ထို့ကြောင့် သစ်ဥအတွက်ပိုက်ဆံမဖယ်တော့ပဲ ကြက်ကောင်ပေါက်လေးများကို ဝယ်ရန် ထွက်ခဲ့သည်။
"ဦးလေး ကြက်ပေါက်လေးတွေ ဘယ်လိုရောင်းလဲ"
"ကြက်ပေါက်လေးတွေလား"
ဆိုင်ရှင်ကြီးသည် လက်ချောင်းကိုထောင်ကာ
"နှစ်ကောင်၊ ငါးကောင်၊ ဆယ်ကောင်ထိရောင်းတယ်။ လူလေး ဘယ်နှစ်ကောင်လိုချင်တာလဲ"
စုရှင်းချန်သည် ကြက်ကလေးနှစ်ကောင်ကို ကြည့်လိုက်ပေသည်။ အခုတလော ဆင်းရဲနေသည်ဖြစ်ရာ ကြက်နှစ်ကောင်ပဲ တတ်နိုင်လောက်ပေမည်။
"မွေးရတာ ခက်လိမ့်မယ်နော်"
ဆိုင်ရှင်ကြီးသည် ရိုးရိုးသားသားပင် သတိပေးလိုက်ပေသည်။
"ဟုတ်ကဲ့"
ဘာကိုမျှ ဂရုစိုက်မနေတော့ပဲ...
"ဆယ်ကောင်ဖြစ်ဖြစ် နှစ်ကောင်ဖြစ်ဖြစ် ဦးလေးအဆင်ပြေတာသာ ပေးလိုက်တော့"
ကြက်ပေါက်လေးဆယ်ကောင်သည် စုရှင်းချန်၏သုံးဘီးခြင်းထဲတွင် ပါလာကြပေသည်။
ထို့ပြင် နှစ်ပေါင်နီးပါးရှိသော ကြက်စာအိတ်တစ်အိတ်ကို ဝယ်လာပေသေးသည်။ လမ်းတစ်လျှောက်တွင် ကြက်စာအိတ်တန်ဖိုးကို ပြန်ပြန်စဥ်းစားကြည့်ရင်းနှင့်ပင် သွေးတက်မိပေသည်။ ကြက်ပေါက်ဆယ်ကောင်ထပ်တောင် စျေးကြီးသေးတယ်။
ဆိုင်ရှင်ကတော့ စီးပွားရေးတော်တော် သောင်းကျန်းတာပဲ။
ရွာကိုဖြတ်သွားသောအခါ ဦးလေးနျူအတွက် အသီးအနှံများနှင့်အရွက်များကို ဝင်ပေးခဲ့၏။ ထို့ပြင် ဦးလေးနျူဆီမှ ကြက်ပေါက်လေးများအတွက် ကြက်လှောင်အိမ်လေးတစ်ခု တောင်းဆိုခဲ့ပေသည်။
"လူလေးက ကြက်လေးတွေကို ကျွေးနိုင်လို့လား"
ဦးလေးနျူသည် ကြက်ပေါက်လေးဆယ်ကောင်ကို ကြည့်ကာ စုရှင်းချန် ကျွေးမှကျွေးနိုင်ပါ့မလားဟု စိုးရိမ်မိပေသည်။
"ကျွေးနိုင်ပါတယ် ခင်ဗျ"
စုရှင်းချန်သည် ယုံကြည်ချက် ပြည့်ဝနေသောအပြုံးဖြင့် ဦးလေးနျူကို ပြုံးပြလိုက်ပြီးလျှင်
"ကဲ ဦးလေးရေ နေလည်း တော်တော်မြင့်နေပြီဆိုတော့ ကြက်ပေါက်လေးတွေကို အိမ်ပြန်ခေါ်သွားတော့မယ်နော်"
သုံးဘီးဆိုင်ကယ်ကိုမောင်းလာရင်းနှင့် နေအပူရှိန်ကြောင့် မျက်နှာကို လေပူကြီးများ လာလာတိုက်ပေသည်။
ဦးလေးနျူသည် ခေါင်းခါလိုက်ကာ စိတ်လဲပူသလို ဝမ်းလည်းဝမ်းသာပေသည်။
စုရှင်းချန်သည် ဂရုစိုက်တတ်သော ကောင်လေးတစ်ယောက်ဖြစ်သည့်အတွက် ကြက်ပေါက်လေးတွေကို သေချာ ကျွေးလိမ့်မည်ဟု ယုံကြည်ပေသည်။ ပင်ပန်းမှာလေးတစ်ခုကိုပဲ စိုးရိမ်တာပါ။
စုရှင်းချန်သည် အိမ်သို့ရောက်လျှင် ကြက်ပေါက်လေးများကို နေရိပ်သည့်နေရာတွင် ကြက်လှောင်အိမ်လေးတွင် ထည့်ကာ အစာနှင့်ရေကို ပြင်ဆင်လိုက်သည်။ ထို့နောက် အစား စားနေသော ကြက်ကလေးများကို ဝမ်းသာအားရ ထိုင်ကြည့်နေပေသည်။
ခွေးလေးနှစ်ကောင်နှင့် ကြက်ပေါက်လေး ဆယ်ကောင် မွေးနိုင်ပြီဖြစ်သည်။
"မင်းတို့ ဘာတွေ ကြည့်နေတာတုန်း" စုရှင်းချန်သည် ခွေးလေးများ၏ ခေါင်းကို ပွတ်သတ်ပေးလိုက်ပေသည်။
အိမ်သို့ပြန်ရောက်သောအချိန်သည် အနည်းငယ် နောက်ကျနေပြီ ဖြစ်သည်။
အိမ်ပိုင်ရှင် ပြန်ရောက်နေလောက်ပြီအထင်နှင့် ဒုတိယထပ်သို့ တက်ကြည့်လိုက်မိပြန်သည်။
ထင်သည့်အတိုင်းပင် အိမ်ပိုင်ရှင်သည် အလုပ်ခန်းထဲတွင် ထိုင်နေပေသည်။ အိမ်ပိုင်ရှင်၏ ခေါင်းအစခြေအဆုံး တစ်ချက်ကြည့်လိုက်ကာ အဆင်ပြေနေသည့် ပုံပေါ်သောကြောင့် သက်ပြင်းချကာ စိတ်အေးရတော့သည်။
ထို့ကြောင့် အခန်းအတွင်းမှထွက်ကာ မီးဖိုခန်းတွင်းသို့ဝင်၍ နေ့လယ်စာအတွက် ပြင်ဆင်ပေသည်။
လတ်ဆတ်သည့် ဝက်နံရိုးကို ရေနွေးပူထဲတွင် စိမ်ကာ အဆီအနှစ်များနှင့် သွေးများကို ဖယ်လိုက်ပေသည်။
ထည့်မည့် ပါဝင်ပစ္စည်းများကို ပါးပါးလှီးလိုက်သည်။
နူးညံ့သော အဝါရောင် ပြောင်းဆန်ကို သန့်စင်သော လျှပ်စစ်အိုးထဲသို့ ထည့်ပြီး ချေထားသော မုယောစေ့များနှင့်ကြာပန်းစေ့များကို ရောကာ နာရီဝက်ခန့် ချက်ပြုတ်ပေသည်။
အိမ်ပိုင်ရှင်သည် အချိုမကြိုက်သူပင်။ ထို့ကြောင့် အချိုပေါ့ပေါ့လေး ချက်ပေသည်။
ဂျုံယာဂုကို ချက်ပြုတ်ပြီးသည့်နောက်တွင် စုရှင်းချန်သည် နှစ်ပန်းကန် ခွဲလိုက်သည်။
သကြားအနည်းငယ်နှင့် ဆားအနည်းငယ်ကို ထည့်လိုက်ပေသေးသည်။
အချိုအရသာသည် စုရှင်းချန်အကြိုက် ဖြစ်ပြီး အငန်အရသာသည်ကား အိမ်ပိုင်ရှင်အကြိုက်ပင်။
သို့သော်လည်း ဝက်နံရိုးကို ချက်ပြုတ်ထားသည်မှာ အနည်းငယ် အချိုဘက်သို့ ရောက်သည့်အတွက်ကြောင့်ပင် အိမ်ပိုင်ရှင်ကြိုက်မကြိုက် မသေချာပေ။
ပိုင်ဝမ်နှင့် ဖုန်းပြောပြီးနောက်တွင် ထိုင်ခုံကိုမှီကာ မျက်လုံးကိုမှိတ်ရင်း သက်ပြင်းကိုချလိုက်ပေသည်။ ထိုစဥ် ဝက်နံရိုးစွပ်ပြုတ်နံ့လေးကို သင်းသင်းလေး ရပေသည်။
ထူးဆန်းသည့် ကောင်လေးတစ်ယောက်တော့ မနေ့ညက ပြန်ရောက်ပြီ ဖြစ်ရမည်။
ထို့ကြောင့် ရှေ့လျှောက် အစားကောင်းကို ပြန်စားရတော့မည် ဖြစ်သည်။ ဖန်ရှင်းတစ်ယောက် အခုမှပဲ အသက်ရှင်တော့ပေမည်။ နှစ်ရက်လောက် ထပ်နောက်ကျပါက အစာအိမ်ရောဂါနှင့် သေတောင်သေနိုင်လောက်သည်။
သို့သော် ယွီဖန်ရှင်း စိတ်ထဲမတင်မကျ ဖြစ်နေပေသေးသည်။
သေချာပေါက် မနေ့ညက ပိုင်ဝမ်ကို ခေါ်သောသူသည် ထူးဆန်းသည့် ကောင်လေးဖြစ်ရပေမည်။
စဉ်းစားလိုက်ပါက ယွီဖန်ရှင်း၏ အိပ်မက်ဆိုးမက်ခြင်းသည် လွန်ခဲ့သည့်တစ်လလောက်ကတည်းက မသိမသာပျောက်ကင်းလာပေသည်။ မနေ့က အကြောင်းအရာနှင့် တွဲပြီး စဉ်းစားလိုက်ပါက ထိုအရာသည်လည်း ထူးဆန်းသည့်ကောင်လေးကြောင့်များလား။ အစက တကယ်ကို သတိမထားမိပေ။
သေသေချာချာ စဥ်းစားလိုက်ရင်းနှင့် မသိမသာလေး ပြုံးလိုက်မိပေသည်။