အပိုင်း (၁၁)
စုရှင်းချန်အဖို့ အချစ်ဆိုတာကို စဥ်းစားချိန်တောင် မရခဲ့ပေ။ စဉ်းလည်း မစဉ်းစားကြည့်ခဲ့ပေ။ ကိုယ့်အရှေ့တွင် လှပသောမိန်းကလေးတစ်ဦး ရပ်နေသည့်တိုင် ရှင်းချန်အဖို့ ကာမစိတ်ဝင်ဖို့နေနေသာ ကောင်မလေးကို လှည့်ပင် ကြည့်ဖြစ်မည် မဟုတ်ပေ။
ပြောရလျှင် စာအုပ်ဖတ်ခြင်းနှင့် တောက်တိုမည်ရအလုပ်များကို တကုတ်ကုတ်လုပ်နေပါက တစ်လောကလုံးကိုပင် မေ့သည်အထိ လုပ်နိုင်ပေသည်။
ယခုတွင်ကားလည်း ဝါသနာနှင့်အလုပ် ထပ်တူကျလာပြီး ကံကြမ္မာကပဲ မျက်နှာသာပေးသည်ဆိုရမည်လား စုရှင်းချန်အဖို့ တောင်တက်တောင်ဆင်းခြင်းနှင့် လယ်ယာလုပ်ကာ ခွေးလေးများနှင့် အချိန်ဖြုန်းနေရသည်ကို အလွန်ပင် သဘောကျပေသည်။
စုရှင်းချန် သတိမထားမိလိုက်ပဲနှင့်ပင် သူ၏အချိန်တစ်ခုလုံးသည် လယ်ယာစိုက်ခြင်းနှင့် ပျော်မွေ့သည့်အလုပ်များကို လုပ်နေရသောကြောင့်ပင် အရင်အချိန်များကို မေ့ပျောက်လုနီးပါး ဖြစ်ခဲ့ပေပြီ။
ထိုနေ့ညနေခင်းတွင် စုရှင်းချန်သည် လယ်ယာလုပ်ပြီး ပြန်လာခဲ့သောအချိန်။
ချွေးတတီးတီးနှင့် ဒုတိယထပ်ပေါ်သို့ ပြေးတက်လိုက်ပေသည်။ အိမ်ပိုင်ရှင်လေ့ကျင့်ခန်းလုပ်နေသည့်အချိန်တွင် ရှင်းချန်သည် ကမန်းကတန်းပင် ရေချိုးခန်းထဲသို့ဝင်ကာ ကိုယ်လက်သန့်စင်လိုက်ပြီးလျှင် ညစာချက်ရန် စဉ်းစားခန်းဝင်နေပေသည်။
ဂေါ်ဖီကြော်လား...
မနေ့ကစားပြီးပြီ...
ကျန်တာချက်ရင်လည်း နည်းနည်းအလုပ်ရှုပ်မှာ...
"အိုကေ..." စုရှင်းချန်သည် ဘေးဘီကိုကြည့်ကာ ဟင်းရွက်ပန်းကန်ထဲတွင် ကြက်ဥတစ်လုံးနှင့် ခရမ်းချဥ်သီးတစ်လုံးကို ယူထားပြီးလျှင် အရိုးရှင်းဆုံးနှင့် အရသာရှိသည့်ဟင်းလျာကို နေ့လယ်ခင်းက ပြင်ဆင်ထားသည့် ကြက်သွန်ဖြူနယ်ထားသောအသားကို အရွက်တစ်မျိုးဖြင့်ထည့်၍ အသေအချာချက်ပြုတ်တော့မည် ဖြစ်သည်။
ဝက်သားနှပ်သည့် နာမည်ကြီး စီရွှမ်းဟင်းလျာဖြစ်ပေသည်။ ဝက်သုံးထပ်သားသည် အဓိက ပါဝင်ပစ္စည်းဖြစ်ပေသည်။ ဝက်သားသည် သုံးထပ်သားဖြစ်သည့်တိုင် အီစိမ့်ခြင်း အရမ်း မရှိပဲ ပါးပါးလေးကာ အစပ်အရသာဖြင့်စားမည် ဖြစ်သည်။ ပထမဆုံးအနေနှင့် ဆူပွက်နေသောရေထဲတွင် ဝက်သားကိုပြုတ်၍ ဝက်သားအပေါ်ပိုင်း အဆီများကို ဖယ်ပစ်ရမည်။ ထို့နောက် နာနတ်ပွင့်နှင့် အစပ်အရသာကို ဟင်းထဲသို့ ထည့်ပေသည်။
အအေးခံပြီးနောက် အသားများကို စဉ်းတီတုံးပေါ်တွင်တင်ကာ ပါးပါးလေး လှီးလိုက်ပေသည်။ စုရှင်းချန်၏လှီးဖြတ်သည့် ဓားစကေးသည် မယုံနိုင်လောက်အောင်ကို မြန်၍ ဝက်သားလွှာလေးများသည် ပါးလွှာလွန်းသောကြောင့် ကြည်ထွက်နေပေသည်။
ပန်းကန်ထဲတွင် ဝက်သားလွှာလေးများကို ဒေါင်လိုက်ပုံစံစီ၍ တစ်ခုပြီးတစ်ခု ဆင့်ထပ်၍ ထားပေသည်။ နောက်ဆုံးတွင်ကား ကြက်သွန်ဖြူဂျင်းနှင့် ငရုတ်သီးကိုရောကာ အချဉ်လုပ်လိုက်ပြီးလျှင် သခွားချဉ်သီးကို ဘေးနားတွင် ပါးပါးလှီးထားပေသည်။ အရသာစုံပြီးဖြစ်၍ အသားကို သေချာစီရီထားပြီးပြီဖြစ်သည်။
ပိစိလေးစပ်တာလောက်တော့ စားနိုင်မှာပါ...
ထို့ကြောင့်ပင် စုရှင်းချန်သည် ငရုတ်သီးမှုန့်ဘူးကို တလှုပ်လှုပ်နှင့် လှုပ်ချကာ ဝက်သားပေါ်သို့မဖြစ်စလောက် ပါရုံလေးပင် ထည့်လိုက်ပေသည်။
နောက်ဆုံးတွင်ကား အိမ်ပိုင်ရှင်သည် သူ့ထမင်းဘူးလေးအား စိတ်ဝင်တစားဖြင့် ကြည့်နေပေသည်။ စုရှင်းချန်သည် မနေနိုင်တော့သည့်အဆုံးတွင် စားနေသည့်ဝက်သားပြားထဲသို့ ငရုတ်သီးကို နှစ်ဇွန်းနီးပါးလောက် ထည့်လိုက်ပြီးလျှင် အိမ်ပိုင်ရှင်နှင့်အတူတူစားလိုက်ပေသည်။
ပုံမှန်ဆိုလျှင်ကား ယွီဖန်ရှင်းသည် အမြဲပင် အလုပ်များနေတတ်ပြီး စားဖို့သောက်ဖို့ပင် အာရုံ မရတတ်ပေ။ ထို့ကြောင့်ပင် အလုပ်၌ အချိန်ပိုလုပ်၍နေခဲ့သည်အထိ ဖြစ်တတ်ပေသည်။
သို့သော်လည်း ယွီဖန်ရှင်းတစ်ယောက် အခုတလောတွင် ထမင်းစားချိန်ရောက်သည်နှင့် ဗိုက်လေးကိုပွတ်ကာ အလုပ်သမားများကို စကားတစ်ခွန်းပင်မှာကြားခဲ့ပေသည်။
"ငါ အလုပ်ဆင်းတော့မယ်။ မင်းတို့ကို နည်းပညာပိုင်းတွေကို စိတ်ချခဲ့မယ်နော်"
အလုပ်သမားများသည် ကြောင်တောင်တောင်နှင့် အတော်ပင် အံ့အားသင့်သွားရပေသည်။
သူတို့၏ အမြဲတကုတ်ကုတ် ကြိုးစားတတ်သောဘော့စ်ကြီးသည် ယခုတွင်ကား အချိန်စောပြီးတောင် အလုပ်ဆင်းနေပေသည်။
"ဘော့စ်ရည်စားရနေပြီနဲ့တူတယ်" အချိန်ပိုလုပ်နေကြသည့် နည်းပညာကောင်လေးတစ်သိုက်သည် ဘော့စ်ကိုကြည့်ပြီး အတင်းတုပ်နေကြပေသည်။
သာမန်အလုပ်သမားနှင့် ဘော့စ်ဆိုသည်ထပ် ယွီဖန်ရှင်းနှင့်ညီအကိုလို ပုံစံမျိုးနေထိုင်ကြသည့်အချိန်က များပေသည်။ လွန်ခဲ့သည့်ဆယ်နှစ် အထက်တန်းကျောင်းသားအရွယ်ကတည်းကစ၍ သူတို့တစ်သိုက်သည် ဒဏ္ဍာရီလာ စစ်ပွဲများဂိမ်းကို ကျောင်းပေါက်ဝနားတွင်ရှိသော အင်တာနက်ကဖေးဆိုင်တွင် တစ်ချိန်လုံး ဆော့ခဲ့ကြပေသည်။
ယွီဖန်ရှင်းသည် ထိုအချိန်တုန်းက မုန့်ဖိုးသာရခဲ့သည့်အချိန် ဖြစ်ပေသည်။
ထို့ကြောင့်ပဲဆိုရမလား အမြဲပင် အထီးကျန်ကာ တစ်ယောက်တည်းနေရသည့်အချိန်က များပေသည်။ ထို့ကြောင့်ပင် နောက်ပိုင်းတွင်ကား ပိုက်ဆံကို မမက်မောတော့ပဲ ကိုယ်ပိုင် ကဖေးဆိုင်လေးတစ်ခုဖွင့်ကာ ဂိမ်းဆော့ချင်သည့် ကျောင်းသားများကို အင်တာနက်ဆိုင်တွင် အခမဲ့လိုလိုပင် ဆော့ကစားစေပေသည်။ ထိုနည်းနှင့်ပင် ယွီဖန်ရှင်းသည် ဂိမ်းကို စိတ်ဝင်စားသည့် ကလေးတစ်သိုက်နှင့်တွေ့ဆုံခဲ့ရပေသည်။
နောက်ပိုင်းတွင်ကား ယွီဖန်ရှင်းကိုယ်တိုင်ပင် ပရိုဂရမ်မာတစ်ယောက် ဖြစ်လာပြီး တချို့သောသူများကိုပါ ဆွဲခေါ်နိုင်ခဲ့ပေသည်။ သို့သော်လည်း ယွီဖန်ရှင်းသည်ကား ထိုပရိုဂရမ်မာအလုပ်ဖြင့် ရပ်နေခြင်းမရှိပဲ ရှေးဆက်၍ဂိမ်းလောက၏ကျယ်ပြန့်ပုံကိုသေချာလေ့လာာကာ အောင်မြင်မှုကိုဆွတ်ခူးနိုင်ခဲ့ပေသည်။
ဘွဲ့ရပြီးနောက်တွင်ကား လူတော်တော်များများသည် (ရှန်ဟိုင်း) S မြို့တော်ကို အဖွဲ့ပြန်စုဝေးရန် ပြန်လာခဲ့ကြပေသည်။
အသက်ကြီးပိုင်းလူကြီးများသည်ပင် ဂိမ်းအကြောင်းများ၊ ငယ်ရွယ်သည့်အချိန်တုန်းကအကြောင်းများနှင့် အနာဂတ်တွင် မည်သို့ခွဲခွာတော့ရမည်ကို တမေ့တမြောပင် ပြောနေကြပေသည်။
ယွီဖန်ရှင်းသည် စကားနည်းသည့်သူဖြစ်သည့်တိုင် ထိုစကားဝိုင်းတွင် ဝင်ရောက်ကာ
"ငါ့မှာက ပိုက်ဆံရှိတယ် မင်းတို့မှာက နည်းပညာရှိတယ် အဲ့တော့ ငါတို့တွေပေါင်းပြီး အနာဂတ်အတွက် ပိုကောင်းမွန်တဲ့ဂိမ်းလောကကို ဖန်တီးကြတာပေါ့"
ဖန်ရှင်း၏စကားကို နားထောင်ပြီးနောက်တွင်ကား အနာဂတ်ရဲ့အလင်းတန်းလေးများသည် အလွန်ပင် အားတက်သွားကာ ရှေ့ဆက်မည့်အလုပ်များကိုအချင်းချင်း တိုင်ပင်ကြပေသည်။
ဒုတိယမြောက်ဂိမ်းသည် ထုတ်လုပ်မည့်ရက်နီးကပ်လာပြီဖြစ်ပြီး အလုပ်သမားတော်တော်များများသည် အလွန်ပင် စိတ်လှုပ်ရှားနေကြပြီဖြစ်သည်။ ထုတ်လုပ်ရေးဌာနမှ သူများသည် ကွန်ပျူတာထဲတွင်ခေါင်းစိုက်ကာ အပီအပြင်ပင် ကြိုးစားနေကြပေပြီ။
အဖွဲ့ခေါင်းဆောင်ကြီး ယွီဖန်ရှင်းသည်ကား အိမ်တွင် စားလိုက်သောက်လိုက် ကွန်ပျူတာကိုကြည့်ကာ နည်းပညာဌာန၏ခေါင်းဆောင်ရဲဘော်မြက်ရွက်ဟုနာမည်ကြီးသည့် ရှောင်ဟန်အား ပြူကြည့်ကာ ဂိမ်းချန်နယ်၏ အသံလွှင့်ခန်းရှိ နားထောင်စက်အားဖွင့်လိုက်ပေသည်။
စုရှင်းချန်သည် ဂိမ်းကို အရမ်းကြီးဆော့လေ့ဆော့ထမရှိတော့သောကြောင့်ပင် နည်းပညာအဖွဲ့ခေါင်းဆောင် ရှင်းပြနေသည့် ဂိမ်းအကြောင်းကိုကြားကာ အနည်းငယ် စိတ်ကသိကအောက်ဖြစ်သွားပေသည်။ သူဆော့ချင်သည့်ဂိမ်းမျိုးသည်ကား အန်ဒါးနလင်းဆောရင်းဆိုသည့် စွန့်စားသည့်ဂိမ်းမျိုးပင်။
ထို့ပြင် သူတီထွင်ထားသော ဂိမ်းကို သူကိုယ်တိုင်ပင် အကောင့်ဖွင့်၍ မရသည်ကား သနားစရာပင်။
ဂိမ်းနှင့်ပတ်သက်သည့် အချက်အလက်များကိုအသေအချာသိချင်ပါက ဂိမ်းကိုပရိုဂရမ်ရေးသည့်သူများထံသို့သွားကာ အကောင့်ထဲ့သို့ ဝင်ပြမှသာလျှင် အဆင်ပြေမည်ဖြစ်သည်။ သို့သော်လည်းထိုသို့လုပ်သည်ဆိုသည့်တိုင် ဂိမ်းစတင်ထုတ်လုပ်မည့်အချိန် ရှစ်နာရီခန့်မှာသာလျှင် လုပ်နိုင်မည်ဖြစ်သည်။
ပေ့ချ်မှဂိမ်း၏နာမည်ပြောင်ကို စတင်ထုတ်ပြလိုက်သည်နှင့် ယွီဖန်ရှင်းသည် ဂိမ်းလောကထဲတွင် သုံးလေ့သုံးထရှိသည့် ချင်းယွီဖိုင်းရန်ဆိုသည့်အကောင့်နာမည်ကိုသုံးကာ အကောင့်ထဲသို့ ဝင်ခဲ့ပေသည်။ ယွီဖိုင်းရန်ဆိုသည့်နာမည်သည် ဂိမ်းလောကတွင် နာမည်ကြီးသော နာမည်တစ်ခုဖြစ်သော်လည်းကုမ္ပဏီပိုင်ရှင်သူဌေးလေး ဖန်ရှင်းသုံးနေသည်ကိုကား မည်သူမျှ မသိကြပေ။