အပိုင်း (၃၁)
လက်ဆောင် လက်ခံရရှိခြင်းသည် လူတစ်ယောက်အဖို့ ပျော်စရာ အခိုက်အတန့်ပင်။
စုရှင်းချန်သည် အိမ်ပိုင်ရှင်ပေးမည့် လက်ဆောင်ကိုကြည့်ရင်း စိတ်လှုပ်ရှားနေသောကြောင့် ပြဿနာတစ်ခုတောင် မေ့နေပေသည်။
အိမ်ပိုင်ရှင်ဘက်မှ လက်ဆောင်ပေးချင်သည် မှန်သော်လည်း ဤအိမ်ကြီးတွင်ဖြစ်ပျက်နေသော ကမ္ဘာနှစ်ခုကွဲပြားခြင်းနှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ပြီး လက်ဆောင်ကို လက်ခံလို့ရမည် မဟုတ်ပေ။
တစ်နည်းပြောရလျှင် စုရှင်းချန် ဤလက်ဆောင်ကို လက်ခံသည့်တိုင် ဒုတိယအထပ်တွင်သာ ထားလို့ရပေမည်။
အိမ်ပိုင်ရှင်သည် စုရှင်းချန်ဘက်သို့ ကူးပြောင်းလာနိုင်ခြင်း မရှိသလို ဤဘက်တွင် ဖြစ်ပျက်နေသည့် အရာများကိုလည်း ပြောင်းလဲနိုင်ခြင်း ရှိမည်မဟုတ်ပေ။ ထို့ကြောင့် မည်သည့် ပစ္စည်းကိုမျှ ဤဘက်သို့ လက်ခံထားလို့ရမည်မဟုတ်။ စုရှင်းချန် စဉ်းစားခန်းဝင်နေခိုက် အနောက်မှ လှုပ်လှုပ်အသံတစ်ခုကို ကြားသည်နှင့် လှည့်ကြည့်လိုက်ရာ မျက်လုံများပင် ပြူးကျယ်သွား၏။
အိမ်ပိုင်ရှင်သည် ရေချိုးခန်းအတွင်းမှ အတွင်းခံဘောင်းဘီကိုသာ ဝတ်၍ အပေါ်ပိုင်း ဗလာနှင့် ထွက်လာခြင်းပင်။
စုရှင်းချန် တက္ကသိုလ်အိပ်ဆောင်တွင် တစ်နှစ်နီးပါးခန့် နေထိုင်ခဲ့ဖူးသည်ဖြစ်ရာ ကိုယ်လုံးတီးနှင့် ယောက်ျားပေါင်းများစွာကို မြင်ဖူးနေပြီးသား ဖြစ်သည့်အတွက် အထူးတဆန်း မဖြစ်နေတော့ပေ။
သို့သော် ဤသို့ ကြွက်သားတောင့်တောင့်နှင့် ခန္ဓာကိုယ်ကို မြင်လိုက်ရသည်ကား အနည်းငယ်လေးတော့ စိတ်ထဲရှက်မိသလိုပင်။
အိမ်ပိုင်ရှင် ထွက်လာပြီဖြစ်၍ စုရှင်းချန် အောက်ထပ်ကို ပြန်ဆင်းမှ ကောင်းပေတော့မည်။
သို့သော်လည်း… လက်ဆောင်ကို လက်မခံသည်ဆိုဦးတော့ အတွင်းရှိ ပစ္စည်းလေးကိုတော့ ဘာလေးများ ဖြစ်မည်နည်းဟု သိချင်မိပေသည်။
အိမ်ပိုင်ရှင်သည် အခန်းအတွင်းတွင် လူးလာခေါက်တုံ့ သွားရင်း အဝတ်လဲဖို့ ပြင်နေပုံရသည်။ ပြင်ဆင်ပြီးသည့်နောက်တွင် သိုးမွေး ညအိပ် ဝတ်စုံကို ဝတ်ရင်း ဧည့်ခန်းအတွင်းသို့ ထွက်သွားပေသည်။
စုရှင်းချန်သည် အမြန်အဆန် ဘောပင်နှင့် စက္ကူကို ရှာလိုက်၏။ များမကြာမီ အိမ်ပိုင်ရှင်သည် အခန်းတံခါးကို ဖွင့်ရင်း ရေသန့်ဘူးကို ကိုင်ပြီး ပြန်ဝင်လာပေပြီ။
အခန်းတစ်ခုအတွင်း ရှိနေသည့်အတွက် လှုပ်ရှားမှုကို သတိထားမိမည်ကို စိုးပေသည်။
ပေကျင်းမှ တောင်ပေါ်သို့ ပြန်လာပြီးနောက်ပိုင်း အိမ်ပိုင်ရှင်နှင့် တော်ရုံ မတွေ့ဖြစ်ပေ။ ထမင်းဟင်းချက်ပေးသည်မှလွဲ ဒုတိယထပ်တွင် အချိန်အကြာကြီးမနေဖြစ်။ အကြောင်းကား တစ်ယောက် ဖြစ်တည်မှုကို တစ်ယောက် သိသည် ဆိုဦးတော့ သိသာသိစေ မမြင်စေနှင့် သဘောမျိုးပင်။ အတတ်နိုင်ဆုံး မသိသာအောင် နေခြင်းသည်လည်း အိမ်ကြီး၏ စည်ကမ်းတစ်မျိုးကို လိုက်နာခြင်းပင်။
ထိုအချိန်၌ ယွီဖန်ရှင်းသည် လက်ဆောင်တင်ထားသော စားပွဲနားသို့လာကာ ထုပ်ပိုးထားသည့် လက်ဆောင်ကိုငုံ့ကြည့်နေပေသည်။ ယွီဖန်ရှင်းသည် လက်ဆောင်ပေးသည့် နေရာတွင် မကျွမ်းကျင်ပေ။ အရုပ်လှလှလေး ပေးရအောင်လည်း တစ်ဖက်လူသည် ကောင်လေးတစ်ယောက် ဖြစ်သည်။ အရုပ်လို အနုစိတ်ကို ကြိုက်မည် မဟုတ်။ ကိတ်မုန့်လေးဆိုတော့ စားစရာလေးလည်းဖြစ် တစ်ဖက်လူသည်လည်း အစားအသောက် ကြိုက်တတ်သည့် သူတစ်ယောက် ဖြစ်နေသောကြောင့်ပင်။
ယွီဖန်ရှင်းသည် နှုတ်ခမ်းကိုကိုက်ကာ ဆိုဖာပေါ်တွင် ထိုင်ရင်း ဘောပင်နှင့်စာရွက်ကိုယူ၍ မှတ်စုတစ်ခု ရေးပေးလိုက်၏။
“ဒီညအတွက် ညစာကို အပြင်မှာပဲ စားလိုက်တော့တယ်။ ဒီဘူးလေးထဲမှာ ကိတ်မုန့်လေးကို လက်ဆောင်ပေးထားတာ။ တစ်ရေးနိုးဗိုက်ဆာလို့ ဖြစ်ဖြစ် စားလို့ရအောင် အချိုကြိုက်မယ်လို့ထင်လို့လဲ ချိုတာလေး ဝယ်လာပေးလိုက်တယ်”
စုရှင်းချန်သည် အိမ်ပိုင်ရှင်ပေးသော လက်ဆောင်ကို ကိတ်မုန့်ဖြစ်နေသည့်အတွက် အံ့သြသွားရ၏။ ကိတ်မုန့်ဆိုလျှင်တော့ စုရှင်းချန် အကြိုက်ပင်။
ဆိုးသည်ကား စုရှင်းချန်သည် အိမ်ပိုင်ရှင်အရှေ့တွင် မည်သည့်ပစ္စည်းကိုမျှ လှုပ်ရှားလို့ မရပေ။
အကယ်၍ လက်ဆောင်ကို လက်ခံသည့်တိုင် တိတ်တိတ်ကလေး ယူမှသာ ရပေမည်။
“ဟင်း”စုရှင်းချန်သည် သက်ပြင်းချလိုက်ပေသည်။
အိမ်ပိုင်ရှင် အိပ်ရာဝင်သွားသည်အထိ ထိုင်စောင့်နေလိုက်ပြီး အိပ်မောကျသည့် အခါကျမှ မှတ်စု နောက်ဘက်တွင်
“လက်ဆောင်ပေးတဲ့အတွက် တကယ်ကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ဘယ်လိုမှ လက်ခံလို့မရလို့ပါ”
လက်ဆောင်ထပ်ပေးပါကလည်း ထပ်ငြင်းရပေဦးမည်။
ဘောပင်ကို ချကာ လက်ဆောင်အိတ်လေးကို ကြည့်ရင်း နှမြောတသဖြစ်နေသည်မှာတော့ အမှန်ပင်။ မတတ်နိုင်၍သာ ဤသို့ လုပ်ရသော်လည်း တကယ်တမ်းကျ ကိတ်မုန့်လေးကို စားချင်နေမိပေသည်။
ယွီဖန်ရှင်းသည် ခဏမျှ အိပ်ပျော်သွားပြီး ပြန်နိုးလားသည့်အချိန်တွင် စားပွဲပေါ်တွင် ရှိသော လက်ဆောင်ကို ငေးကြည့်လိုက်ပြန်သည်။ မယူသေးပေ။ အခန်းနှင့် မဝေးတဝေးတွင် ရှိသော စားပွဲပေါ်တွင် တင်ထားသည့်အတွက် တစ်ဖက်လူ လာလျှင် သေချာပေါက် တွေ့မည်ဖြစ်သည်။ အချိန်အားဖြင့် နောက်ကျနေသောကြောင့်သာ အိပ်ပျော်နေပြီဖြစ်၍ မယူမိခြင်း ဖြစ်ရမည်။ ဘာကိုမျှ စဉ်းစား မနေတော့ပဲ ဆက်သာ အိပ်လိုက်ပေတော့သည်။
နောက်တစ်နေ့မနက် နိုးလာသောချိန်တွင် လက်ဆောင်ကို အဦးဆုံး လှမ်းကြည့်မိပေသည်။ မယူသေးပေ။ နာရီကို ကြည့်လိုက်သည်နှင့် မနက်ရှစ်နာရီ ကျော်ပြီဖြစ်ရာ တစ်ဖက်လူကတော့ သေချာပေါက် နိုးနှင့်ပြီ။ မနက်စာ ပြင်ဆင်ဖို့ ဆိုလျှင် ဤလက်ဆောင်ကို မြင်ကို မြင်ရပေမည်။ အိပ်ရာပေါ်မှ ထကာ စားပွဲနားသို့ လာရင်းနှင့် မှတ်စုနှင့် ကိတ်မုန့် နေရာတကျပင် ရှိနေသေးသည်ကို မြင်လိုက်သည်နှင့် ထွက်သွားမည်အလုပ် မှတ်စုကို မျက်စိကအရောက် ရင်းနှီးသည့် လက်ရေးကို မြင်လိုက်ရသည်။
နာမည်ကြီးကုမ္ပဏီကြီးတွင်…
ဘော့စ်တစ်ယောက် ကုမ္ပဏီကို ရက်တော်တော်ကြာမှ ပြန်လာပြီး ကြောက်စရာကောင်းသည့် မျက်နှာဖြစ်နေပေသည်။ ယမန်နေ့ညက အင်တာဗျူးကြောင့် စိတ်တိုမပြေသေးသည်လား မသိ။
“စောသားပဲဘော့စ်” ပိုင်ဝမ်သည် ယွီဖန်ရှင်းရုံးခန်းအတွင်းသို့ အပြုံးလေးဖြင့် ဝင်လာပေသည်။ ပြုံးရွှင်သောပုံစံဖြင့် အရိပ်အကဲကို မကြည့်ပဲ မေးချင်ရာကို မေးလိုက်၏။
“ဘော့စ်ရဲ့သူငယ်ချင်း ကိတ်မုန့်ကို ကြိုက်ရဲ့လား”
ယွီဖန်ရှင်းသည် ပိုင်ဝမ်အား အေးစက်သည့် အကြည့်ဖြင့် ကြည့်လိုက်၏။ ပိုင်ဝမ်၏ ပြုံးရွှင်နေသော မျက်နှာသည် ချက်ချင်းဆိုသလို မှောင်ကျသွား၏။
“အာ…” အတွင်းရေးမှူးပိုင်ဝမ်တစ်ယောက် အခြေအနေကို ချက်ချင်း ရိပ်မိလိုက်ပေသည်။ ဂန်းစတားကြီးတော့ စိတ်အခြေနေ မကောင်းဘူးထင်တယ်။
“ဘာဖြစ်ခဲ့လို့လဲ” မနေ့ညက ဘော့စ်ကို ပေးလိုက်တဲ့ ကိတ်မုန့်က မကောင်းလို့လား။
“ဘာမှမဖြစ်ပါဘူး” ယွီဖန်ရှင်းသည် ပိုင်ဝမ်ကို ဂရုမစိုက်အား။ စိတ်ထဲတွင် တနှုတ်နှုတ်ဖြစ်နေသည်ကို ပြေပျောက်ရန် ရေအေးအေးလေး တစ်ခွက်လိုပေသည်။
“ဘာမှမဖြစ်ဘူးဆိုရင်လည်း ကောင်းပါတယ်” ဘော့စ်၏ စိတ်အခြေကို နားလည်သော်လည်း အလုပ်များသည့်အတွက် အရမ်းကြီး မမေးနေတော့ပေ။
အတွင်းရေးမှူးပိုင်ဝမ်သည် ယနေ့အတွက် ချိန်းဆိုထားသော အရာများကို သေချာအစီရင်ခံပြီးနောက်တွင် ဘော့စ်ရုံးခန်းမှ ချက်ချင်းပင် ပြေးထွက်ခဲ့သည်။ ယွီဖန်ရှင်းသည် စားပွဲပေါ်ရှိ ရေအေးလေးတစ်ခွက်ကို သောက်ရင်း ကျစ်ကျစ်ပါအောင် ဆုပ်လာခဲ့သော မှတ်စုစာရွက်ကို ထပ်ဖတ်ကြည့်လိုက်သည်။
“ဘယ်လိုမှ လက်ခံလို့မရဘူးဆိုတာ ဘာကိုဆိုလိုချင်တာလဲ” ယွီဖန်ရှင်းသည် တစ်ဖက်လူ၏ တုံ့ပြန်မှုကို လုံးဝသဘောမကျပေ။
ပထမဆုံးစပြီး ထမင်းဟင်းချက်ကျွေးကတည်းက ယွီဖန်ရှင်းသည် တစ်ဖက်လူနှင့် ခင်မင်ရင်းနှီးချင်သည်မှာ အမှန်ပင်။ ထို့ကြောင့်ပင် တစ်ခါမျှ မလုပ်ဖူးခဲ့သော လက်ဆောင်ပဏ္ဏာ ပေးခြင်းကို အရဲစွန့်ပြီး လုပ်ခဲ့ရပေသည်။ ဤသည်ကို လက်မခံပဲ… အနည်းဆုံးတော့ အကြောင်းပြချက်လေး ပေးသင့်သည်။
ထို့ပြင်ဖုန်းနံပါတ် ပေးထားသည်ကားလည်း ဘာမျှအသုံးမဝင်ပေ။ တစ်ခါမှတောင် ဖုန်းမခေါ်ပေ။
စုရှင်းချန်သည် သူတစ်ပါးကို အကြောင်းမရှိပဲ ဖုန်းမခေါ်တတ်သည့်အပြင် နှစ်ယောက်သားဖုန်းခေါ်ပြီး အမြဲစကားပြောနေရအောင်ထိလည်း ရင်းနှီးနေကြသည်မဟုတ်။ အတွေးများကို ခဏဘေးခေါက်ထားပြီး လုပ်စရာရှိသည်ကို လုပ်ရဦးပေမည်။
ယနေ့တွင် စုရှင်းချန်လုပ်ရမည့် အလုပ်နှစ်ခု ရှိပေသည်။ တစ်ခုသည် မြို့ထဲသို့သွား၍ ဘိလပ်မြေဝယ်ရမည်ဖြစ်ပြီး နောက်တစ်ခုသည် အိမ်တွင်ရှိသော မီးဖိုဟောင်းများကို ပြင်ဆင်ရမည် ဖြစ်သည်။
“ဦးလေးနျူ ဘိလပ်မြေကို ရောရင်လေ ရေပဲထည့်ရတာလား သဲကောရောပေးရသေးလား” စုရှင်းချန်သည် မြို့ပေါ်သို့သွားသည်နှင့် အမြဲလိုလို ဦးလေးနျူဆီသို့ စားစရာသောက်စရာများ ဝယ်လာတတ်ပြီး ထိုင်စကားပြောနေတတ်ပေသည်။
ဦးလေးနျူသည်လည်း စုရှင်းချန်ကို အမြဲတက်ကြွနေတတ်သည့် ကလေး တစ်ယောက်ဖြစ်သည့်အတွက်ကြောင့် လွန်စွာ သဘောကျ၏။
“လူလေးဝယ်တဲ့ ဘိလပ်မြေပေါ်မှာပဲ မူတည်တယ်ကွဲ့” ဦးလေးနျူသည် ရယ်မောမောဖြင့် ပြောလိုက်သည်။
“ကြမ်းပြင်နဲ့ မီးဖိုပေါ်အတွက်ပဲလေ” စုရှင်းချန်သည်ဦးလေးနျူကို သေချာပြောလိုက်၏။
“အဲလိုဆိုရင်တော့”
ဦးလေးနျူသည် ခဏမျှစဥ်းစားပြီးနောက်
“လူလေးကြမ်းပြင်ကို ဘိလပ်မြေသုံးမယ်ဆို သဲလေးနည်းနည်းထည့်ပေး။ မီးဖိုကို နည်းနည်း ပြန်ပြင်ချင်တယ်ဆိုရင် ချောဆီကို နည်းနည်းထည့်သုံးရမယ်။ ရေရယ် ချောဆီရယ် ဘိလပ်မြေရယ်ပေါ့။ ကြမ်းပြင်ကိုကျ သဲနုလေးနည်းနည်းထည့်”
ဦးလေးနျူသည် အကြံပေးလိုက်ပေသည်။
“ကျေးဇူးတင်ပါတယ် ဦးလေးနျူ”
စုရှင်းချန်သည် မွန်းတည့်ချိန်တွင် အိမ်သို့ပြန်ရောက်ပြီး သဲနုနုလေးများကို မည်သည့်နေရာတွင် သွားရှာရမည်မသိပေ။ စဉ်းစားလို့မရတော့သည့်အဆုံး မနက်မှသာ လုပ်မည်ဟု တွေးလိုက်တော့သည်။ ထို့ကြောင့် ရေခဲသေတ္တာကိုဖွင့်ကာ နေ့လယ်စာအတွက် ပြင်ဆင်ရန် စတင်တော့၏။ စုရှင်းချန်သည်အိမ်ပိုင်ရှင်၏ ရေခဲသေတ္တာကို မွှေရှာရသည်မှာအကျင့်ဖြစ်နေသလို အသားများပင်ထည့်ထားတတ်ပေသည်။ ထိုသည်ကို အိမ်ပိုင်ရှင်သည်လည်း တစ်ခါတစ်ရံ ရိပ်မိပေသည်။
မနေ့ညက အိမ်ပိုင်ရှင်၏ ရက်ရောသောကြင်နာမှုကိုငြင်းဆန်ခဲ့သည့်အတွက် အနည်းငယ်စိတ်မကောင်းဖြစ်မိပေသည်။
အသားကိုလည်း မစားရသည်မှာ ရက်တော်တော်ကြာပြီ ဖြစ်သောကြောင့် စုရှင်းချန်သည် ယနေ့တွင်အဆီမများသော ဝက်သုံးထပ်သားကို ချက်မည်ဖြစ်သည်။
နှစ်ပေါင်နီးပါးခန့်ရှိသော ဝက်ဗိုက်သားပိုင်းကို ရေနွေးပူပူတွင်ထည့်ကာ အပေါ်ယံအဆီများကို ရှင်းထုတ်လိုက်သည်။ ထိုသို့လုပ်ခြင်းသည် အပေါ်ယံအဆီများသာမက ဝက်သားအစိမ်း၏ ညှီစို့စို့အနံ့ကိုပါ ပျောက်ကင်းအောင် လုပ်နိုင်ပေသည်။ ပိုးမွှားများကိုလည်း သေစေပေသည်။
ပါဝင်ပစ္စည်းများကို ဝက်သားနှင့်အတူတူ ရော၍ ဒယ်အိုးထဲတွင် စတင်ချက်ပြုတ်ပေသည်။ နယ်ဖတ်ထားသော ဝက်သားကို အရောင်အနည်းငယ်ကောင်းလာသည်အထိ မွှေပြီးသည့်နောက်တွင် စုရှင်းချန်အကြိုက်သာမက အိမ်ပိုင်ရှင်ပါ အကြိုက်တွေ့သည့်အခြားသော ဟင်းသီးဟင်းရွက်နှင့် အမွှေးအကြိုင်များကိုပါ ရော၍ ချက်ပေသည်။
ဝက်သားကို နူးအောင်လုပ်ရန်ကား တစ်နာရီနီးပါးခန့်ကြာသည်ဖြစ်ရာ စောင့်ရင်းနှင့် ဟင်းရွက်တစ်ခွက်ကိုကြော်ခဲ့ပေသည်။
အရန်ဟင်းများကို ချက်ပြုတ်ပြီးသည့်နောက်တွင် ဝက်သားအိုးကို လာလှန်ကြည့်လိုက်သည်နှင့် အရည် အနည်းငယ်နေသေးပြီး ဆူပွက်နေသည့်အဆင့်သို့ရောက်လာပေသည်။ တစ်ရည်ကုန်ပြီး နောက်တစ်ရည်မှသာလျှင် လိုအပ်သည့် ဟင်းသီးဟင်းရွက်များကို ထည့်မည်ဖြစ်သည်။ ဆူပွက်သည့်အဆင့်ကို ဖြတ်ကျော်ပြီး အတွင်းတွင် အဆီများပွက်ပွက်ဆူလာပေသည်။ ထို့နောက် ခန်းခြောက်လာခါနီးသည့် အချိန်မှသာ စုရှင်းချန် စားချင်သည့် ဝက်သားဟင်းကိုရပေပြီ။
စုရှင်းချန်သည် ဝက်သားကိုပန်းကန် အမောက်ထဲသို့ထည့်လိုက်ပေသည်။
မျိုးရိုးစဉ်ဆက် အချက်အပြုတ်ကို လက်ဆင့်ကမ်းခဲ့ရသည့်အတွက် စားချင်သည့် ဟင်းလျာကို ပြောလိုက်ပါက စုရှင်းချန်အဖို့ အနည်းငယ်လေ့လာပြီး ဟင်းတစ်ခွက်ရအောင် ကြံဖန်ချက်တတ်ပေသည်။
ထမင်းဘူးထဲသို့ ထမင်းထည့်ပေးနေရင်း အိမ်ပိုင်ရှင်ထားခဲ့သော မှတ်စုကို သတိရ၍ သွားဖတ်ကြည့်လိုက်သည်နှင့် စိတ်ဓာတ်တောင် ကျသွားပေသည်။
“မင်း ငါပေးတဲ့လက်ဆောင်ကို မယူဘူးဆိုရင် ငါလည်း မင်းချက်တာကို မစားတော့ဘူး”
စာကိုဖတ်ရင်းနှင့် အိမ်ပိုင်ရှင်တစ်ယောက်မည်မျှဒေါသထွက်နေမည်ကို စိတ်ထဲတွင် မြင်ယောင်လာကာ ပို၍ပင် စိတ်ဓာတ်ကျသွားပေသည်။
ထို့ပြင် “လက်ဆောင် ဘာလို့ လက်ခံလို့မရတာလဲ”ဟု မေးထားပေသေးသည်။
စုရှင်းချန်သည် ဒုတိယမေးခွန်းထပ် ပထမတစ်ခုကိုသာ ပိုအာရုံစိုက်မိနေသည်။ အဘယ်ကြောင့်ဆိုသော် သူလုပ်ထားသော ဝက်သားဟင်းလေးအလကားသက်သက် ဖြစ်သွားပြီလားဟု စဉ်းစားမိလိုက်သောကြောင့်ပင်။
သို့သော်လည်း သူအတွေးလွန်နေခြင်း ဖြစ်ပေမည်။ အိမ်ပိုင်ရှင်တစ်ယောက် မစားဘူးဟု ငြင်းဆန်နေသည့်တိုင် အချိန်တန်လို့ ထမင်းစားချိန်ရောက်လာပါက အိမ်သို့အပြေးပြန်လာပြီး အငမ်းမရကိုစားမည်ဖြစ်သည်။
အိမ်ပိုင်ရှင်သည် သူ့ကို ချောင်ပိတ်မေးသည့်အတွက် ဖြေရခက်ပေသည်။ ထို့ကြောင့် ဘာကိုမျှ ပြန်မပြောတော့ပဲ ဒီအတိုင်းလေးသာ ထမင်းထည့်ပေးလိုက်သည်။
နေ့လယ်ခင်းတွင် ယွီဖန်ရှင်းအိမ်သို့ပြန်ရောက်သည်နှင့် ထူးဆန်းသည့် ကောင်လေး လုပ်ပုံကို တော်တော်ဒေါသထွက်ပေသည်။
သူကိုယ်တိုင် အခါပေါင်းမနည်း ဘာလို့လဲ မေးခွန်းများကို အပ်ကြောင်းထပ်အောင် မေးခဲ့သည့်တိုင်တစ်ဖက်လူသည် သေချာပြန်ဖြေခြင်းမရှိပေ။
ထိုသို့သော အခြေအနေမျိုးကို ယွီဖန်ရှင်းတစ်ယောက် မကြုံဖူးပေ။ အပေးရှိလျှင် အယူရှိရမည် ဖြစ်သလိုအယူရှိလျှင်လည်း အပေးရှိရပေမည်။ စီးပွားရေးလောကသားတစ်ယောက် မဟုတ်သော်လည်း ဂိမ်းကုမ္ပဏီသည်လည်း စီးပွားရေးနှင့် သက်ဆိုင်သည့်အပိုင်းများပင် ရှိသောကြောင့် ယွီဖန်ရှင်းအဖို့ အပေးကော အယူကော မျှတအောင်နေပေသည်။
ထို့ကြောင့် နေမထိထိုင်မသာ ဖြစ်နေရခြင်းပင်။ ယမန်နေ့ညက ပေးလိုက်သော ကိတ်မုန့်တွင် အပေးအယူသဘောမျိုးလည်း ပါသလို စိတ်ရင်း အမှန်ဖြင့် စေတနာပါသောကြောင့် ပေးခြင်းလည်းဖြစ်သည်။
သို့သော် လက်မလျှော့သေးပဲ နောက်မှတ်စုတစ်ခုကိုချန်ထားခဲ့ပေသည်။
တစ်ဖက်လူသည် သူကိုယ်တိုင်စ၍ ထမင်းဟင်းချက်ကျွေးခဲ့ခြင်းပင်။ ဤအထိ လာခဲ့ပြီးပြီကို ဘာလို့များ ရင်းနှီးမှုလေးနည်းနည်းတောင် လက်မခံသနည်း။ စိတ်မရှည်တတ်သည့် သူ့စိတ်နှင့် တစ်ဖက်ကောင်လေးနှင့်တော့ မဖြစ်တော့ပေ။ မှတ်စုတစ်ခုကို ရေးပေးလိုက်ပြီး ဖျောင်းဖျသည့် သဘောမျိုးဖြင့် နောက်ဆုံးကျန်နေသော စိတ်လေးကို မနည်းလျော့ရင်း သေသေချာချာလေး တောင်းဆိုလိုက်ပေသည်။
ထို့နောက် မှတ်စုကို ခေါက်ကာ နေရာတကျလေး ပြန်တင်ရင်း သက်ပြင်းချမိပေတော့သည်။
“ကောင်မလေးရှိတာထပ်တောင် ပိုပင်ပန်းတာပဲ”