အပိုင်း (၂၆.၂)
ဆေးပေါ့လိပ်၊ သစ်သားပွတ်စက်နှင့် ဝိုင်ပုလင်းများသာမက ဦးလေးနျူပရိဘောဂလုပ်ရန်အတွက်ပစ္စည်းအတော်အများကိုဝယ်လာပေသည်။
ဦးလေးနျူက ဆေးလိပ်သောက်ရသည်ကိုကြိုက်သောကြောင့် ဆေးပေါ့လိပ်နှစ်လိပ်ကို ချက်ချင်း သောက်လိုက်ပေသည်။
ကျန်းမာရေးကောင်းနေသောကြောင့် စုရှင်းချန်သည် ဦးလေးနျူကို ဆေးလိပ်မသောက်ရန် မတားလိုပေ။ ဦးလေးနျူသည် အသက်ကြီးနေပြီဖြစ်သော်လည်း သူ့အတွက် ကျန်းမာရေးထိခိုက်စေသည့်အလုပ်ဟူ၍ အရက်အနည်းငယ် သောက်တတ်သည်နှင့် ဆေးလိပ်သောက်ခြင်းကိုသာ လုပ်ဖြစ်ပေသည်။ ဘဝတွင် ဤသို့သောအရာများကို မလုပ်ပဲနေရပါကလည်း ဘာမျှ အဓိပ္ပာယ်မရှိပဲ ဖြစ်နေပေလိမ့်မည်။
"ကလေး..."ဦးလေးနျူသည် မလုပ်ရန်ပြောချင်သော်လည်း ဆက်လက်၍မငြင်းနိုင်တော့ပေ။ သို့သော်လည်း ထိုကလေးတွင်ကား အဖေရောအမေရောမရှိတော့သည့်အပြင် တစ်ယောက်တည်းဖြစ်နေကာ ယုံကြည်အားကိုးရာမဲ့ဖြစ်နေပေသည်။
"ဦးလေးနျူရဲ့ဆေးပေါ့လိပ်တွေက နည်းနည်း မကောင်းတော့ဘူးလားလို့။ ကျွန်တော်အသစ်တစ်ခုနဲ့လဲပေးမယ်လေ" စုရှင်းချန်သည် မစောင့်နိုင်တော့သောကြောင့် သူဝယ်လာသောဆေးပေါ့လိပ်ကိုဖောက်ဖွင့်ကာ ဦးလေးနျူကို ဆေးလိပ်သောက်ရန်အတွက်ကူညီပေးလိုက်ပေသည်။
"ဟားးဟား"ဦးလေးနျူသည် တံခါးဝတွင် သက်သောင့်သက်သာပုံစံဖြင့် ထိုင်လိုက်ပေသည်။
ညစာစားပြီးသည့်နောက်တွင်ကား ခွေးလေးများသည် ပိုင်ရှင်နားသို့လာကာ အနမ်းလေးများ ပေးနေကြပေသည်။
"သွားတော့" စုရှင်းချန်သည် ဆေးပေါ့လိပ်ကို ဖွင့်နေသောကြောင့် ခွေးလေးများသည် သခင့်နားသို့အသေချာမကပ်နိုင်ပေ။ ထို့ကြောင့် စုရှင်းချန်က ခွေးလေးများကို အဝေးသို့ခဏပို့လိုက်ကာ အသစ်ဝယ်လာသောမီးခြစ်ကိုထုတ်၍ဦးလေးနျူအတွက် ဆေးပေါ့လိပ်ကိုညှိပေးလိုက်ပေသည်။
ဆေးပေါ့လိပ်သည် မြို့ပေါ်မှဆေးပေါ့လိပ်ဖြစ်သောကြောင့် အတော်ပင် သောက်ရ အဆင်ပြေသည်ဟု ခံစားရပေသည်။
"ဆေးလိပ်က သောက်ရတာ တကယ် ကောင်းတယ်"
စုရှင်းချန်သည် ဆေးလိပ်တစ်ခါမျှ မသောက်ဖူးသောကြောင့် ဦးလေးနျူပြောသည့်အရသာကို မသိပေ။ ထို့ကြောင့် စုရှင်းချန်က
"အရသာအသစ်နဲ့ တူလို့လားခင်ဗျ"
ဦးလေးနျူက ခေါင်းညိတ်ကာ "ဟုတ်တယ်ကွဲ့တကယ် သောက်လို့ကောင်းတယ်"
စုရှင်းချန်သည် သူဝယ်လာသောဆေးလိပ်ကို ဦးလေးနျူကြိုက်သောကြောင့် စိတ်အေးရပေသည်။
"ဦးလေးနျူ... ကျွန်တော် ခွေးလေးတွေကိုပြန်ခေါ်သွားတော့မယ်နော်"
ဦးလေးနျူသည် စုရှင်းချင်းပြောသောစကားကိုကြားသည်နှင့် ဆေးပေါ့လိပ်ကိုပါးစပ်မှခွာ၍ "တော်တော် နောက်ကျနေပြီလေကွယ်။ မင်း ဒီမှာပဲညအိပ်သွားပါလားကွဲ့"
တောင်ပေါ်သို့ တစ်ယောက်တည်းပြန်လွှတ်ရမည်ကိုစိတ်မချပေ။
စုရှင်းချန်သည် ခေါင်းခါလိုက်ပေသည်။
ဒီကလေးကတော့ ခေါင်းကိုမာတယ်ကွယ်။
ဦးလေးနျူသည် စုရှင်းချန်တစ်ယောက် ညဘက်မနေချင်သည်ကိုသိသောကြောင့် အတင်းမပြောတော့ပေ။ ထို့ကြောင့်
"ပြန်ရောက်ရင် သေသေချာချာ နားလိုက်ဦး။ အရမ်းကြီး မတွေးနေနဲ့တော့ ဟုတ်ပြီလား။ မင်းခွေးလေးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို သေသေချာချာဂရုစိုက်ဦး ကြားလား။ ဦးလေး မင်းနဲ့အတူတူ ဝိုင်းကူ စိုက်ပေးမယ် ဟုတ်ပြီလား။"
စုရှင်းချန်သည် ဦးလေးနျူစကားကို နားထောင်သောပုံစံဖြင့် ဟုတ်ကဲ့ဟူ၍ ပြန်ဖြေလိုက်ကာ သူ၏အိတ်ကပ်အတွင်းရှိ ဖုန်းလေးတစ်လုံးကိုထုတ်လိုက်ပြီးလျှင် ဦးလေးနျူကိုဝမ်းပန်းတသာဖြင့်
"ကျွန်တော် ပေးဖို့ တစ်ခုမေ့နေတာ"
ထို့နောက်တွင် ဦးလေးနျူကို ဖုန်းနှင့်ပတ်သက်ပြီးသင်ပေးသင့်သည်များကို သင်ပေးကာ မည်သို့ ဖုန်းပြောရမည်ကို အဓိကထား သင်ပေးလိုက်ပေသည်။
ဖုန်းပြောသည့်နည်းလမ်းသည် အလွန်ပင် လွယ်ကူလှပြီး စုရှင်းချန်သည် ဦးလေးနျူဖုန်းထဲတွင် သူ့ဖုန်းနံပါတ်ကိုထည့်ပေးကာ အရေးအကြောင်းရှိပါကဆက်သွယ်ရန် ပြောကြားခဲ့ပေသည်။
စုရှင်းချန်က "ဦးလေးနျူရဲ့ဖုန်းကို ပြန်ရောင်းတဲ့ဆိုင်ကနေ ဝယ်လာတာခင်ဗျ။ အများကြီး မပေးရပါဘူး" ဖုန်းနံပါတ်ကတ်သည် ဖုန်းထပ်ပင် ပိုစျေးကြီးနေပေသည်။ သို့သော် ဦးလေးနျူ အားနာနေမည် စိုး၍ မပြောခဲ့ပေ။
ဦးလေးနျူသည် ခေါင်းလေးတငြိမ့်ငြိမ့်ပင်။ ဖုန်းအကြောင်း နားမလည်သည့်အပြင် ဖုန်းတစ်လုံးကိုပင် မတတ်နိုင်သည့်အတွက် စုရှင်းချန်ကို တဖွဖွကျေးဇူးတင်နေပေသည်။
သို့သော်လည်း ယခုအချိန်တွင် ဆက်သွယ်နိုင်မည့်သူတစ်ယောက်ပေါ်လာပြီဖြစ်သည်။
ဦးလေးနျူသည် စုရှင်းချန်ကို မြန်မြန်ပြန်ရန်ပြောလိုက်သည်။ အတော်ပင် မှောင်တော့မည်ဖြစ်သည့်အပြင် သားကောင်ရန်ကို ကြောက်ရသောကြောင့် စိတ်မချဖြစ်နေသည်ကား ပိုပေသည်။
ရက်အတော်ကြာ ခွဲခွာသွားခဲ့ရသော ခြံဝင်းအတွင်းသို့ ပြန်ရောက်လာပြီဖြစ်သည်။ အမှန်တိုင်းပြောရလျှင် ပေကျင်းမှပြန်လာပါက မီးစက်လေးတစ်လုံးဝယ်ချင်သည်ဟု စီစဥ်ထားသော်လည်း ငွေကြေးအခြေအနေအရ စားဖို့သောက်ဖို့ပင် ချင့်ချိန်၍စဥ်းစားနေရသည်ဖြစ်ရာ ပိုက်ဆံမတတ်နိုင်သေးပေ။
စုရှင်းချန်သည် အဝတ်အစားနှစ်ထည်ကိုထုတ်ကာ ရေချိုးရန်အပေါ်ထပ်သို့ တက်လာပေသည်။
တံခါးကိုဖွင့်လိုက်သည်နှင့် အိမ်ပိုင်ရှင်သည် ဧည့်ခန်းထဲတွင်ထိုင်ကာ ကွန်ပျူတာကို ထုလိုက်သည်မှာ စုရှင်းချန်ကို အတော်ပင် လန့်သွားစေသည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က ပေကျင်းတွင်တွေ့ခဲ့ရသောအိမ်ပိုင်ရှင်သည် သူ့ရှေ့တွင်ထိုင်နေသည်ကိုမြင်နေရသည်မှာ အမှန်တိုင်းပြောရလျှင် နည်းနည်းတော့ပျော်ဖို့ကောင်းပေသည်။
အိမ်ပိုင်ရှင်သည် ဘေးနားတွင်အရက်ခွက်ကိုချထားသည်ဖြစ်ရာ စုရှင်းချန်တစ်ယောက် စိတ်ထဲနေမထိမထိုင်သာဖြစ်စေသည်။ အစာအိမ်လည်း ကောင်းသည့်သူမဟုတ်ပဲနဲ့ အရက်ကိုသောက်နေသည်။
စုရှင်းချန်သည် လက်ထဲတွင်ယူလာသောအဝတ်ကိုကြည့်ကာ အောက်သို့ချလိုက်ပြီးလျှင် မီးဖိုချောင်ထဲသို့ ဝင်လာပေသည်။
စုရှင်းချန် ပေကျင်းသို့မသွားခင် ကျန်နေသောဟင်းသီးဟင်းရွက်တစ်ချို့ကို ဦးလေးနျူကိုပေးခဲ့သောကြောင့် ရေခဲသေတ္တာထဲတွင် ကြက်ဥနှင့်ငါးတစ်ကောင်သာ ရှိတော့သည်။
ကြက်ဥကိုထုတ်ကာ ဗီရိုကိုဖွင့်၍ ဂျုံမှုန့်ကိုထုတ်လိုက်ပြီးလျှင် ကြက်ဥကိတ်မုန့်ကိုပြုလုပ်ရန်အတွက် ကြက်ဥနှင့်ဂျုံမှုန့်ကို အတူတကွရောလိုက်ပေသည်။
မိနစ်နှစ်ဆယ်ကြာပြီးနောက်တွင် ကိတ်မုန့်ဖုတ်လို့ပြီးသွားပေပြီ။
ပါဝင်ပစ္စည်းများကို ချင့်ချင့်ချိန်ချိန် ထည့်ထားသောကြောင့် အရသာသည် ထင်သလောက် မချို မခါးပေ။
ပေကျင်းတွင်ရှိနေသည့်အချိန်တုန်းက အိမ်ပိုင်ရှင်သည် သူ့အား ဂရုစိုက်ပေးခဲ့သည်ဖြစ်ရာ ကိတ်မုန့်လေးတစ်လုံး ပြန်ကျွေးရသည်ကားအနည်းငယ် အားနာစဖွယ် ဖြစ်ပေသည်။ ထို့ပြင် ခရင်မ်ပါသည့်ကိတ်မုန့်များကို မစားသော်လည်း ဤသို့သော ရိုးရိုးကိတ်မုန့်ကို ကြိုက်သည် မကြိုက်သည်မှာလည်း စုရှင်းချန် အတပ် မပြောတတ်သေးပေ။
"ဒီနေ့တော့ ဒါလေးပဲ စားလိုက်ပါဦး မနက်ဖြန်ကျစျေးသွားပြီးတော့ ကောင်းကောင်းချက်ကျွေးပါ့မယ်" ကောင်လေးသည် ကိတ်မုန့်ကို တစ်ဖက်သို့ပို့လိုက်ပေသည်။
ကိတ်မုန့်သည် စားပွဲပေါ်သို့ရောက်သည်နှင့် တစ်ပြိုင်နက် ယွီဖန်ရှင်းသည် အလုပ်လုပ်နေရင်းကနေ ဆွဲဆောင်မှုရှိသောရနံ့ကြောင့် အလုပ်ခုံပေါ်မှ ထလိုက်ပေသည်။
တစ်နေကုန် အဆာပြေရန် အရက်ချည်းသောက်နေရသောကြောင့် ဗိုက်ထဲတွင် နေရထိုင်ရမကောင်းတော့ပေ။
ရက်အနည်းငယ်လောက် ဟုတ်တိပတ်တိမစားခဲ့ရသောသူတစ်ယောက် ကွန်ပျူတာကို စိတ်တိုသောကြောင့် ထုလိုက်ပေသည်။
နှစ်မိနစ်ကြာပြီးနောက် ယွီဖန်ရှင်းသည် ဝါးဖြင့်လုပ်ထားသော ဇကာလေးတစ်ခုပေါ်တွင် တင်ထားသည့် ကိတ်မုန့်လေးကို ယူချလာပေသည်။
အလွန်ရိုးရှင်းလှပြီး မည်သည့်အဆာပလာမှ မပါသည့် ကိတ်မုန့်ပင်။
"ငါ့ကို ရက်တော်တော်ကြာအောင် ဘာမှမကျွေးပဲထားထားတာကို ဒါလေးပဲ လုပ်ပေးတယ်ပေါ့" ယွီဖန်ရှင်းသည် ဝါးဇကာလေးကိုကြည့်ရင်း ရွဲ့ပြောလိုက်ပေသည်။
ဂျုံမှုန့်ဖြင့် ရောထားသော ကိတ်မုန့်၏အရသာသည် အနည်းငယ် ငန်ကျိကျိဖြစ်နေပေသည်။ သို့သော်လည်း သေချာဝါးကြည့်ပါက ပါးစပ်ထဲတွင် ချိုသည့်အရသာကို ကွက်ကွက်ကွင်းကွင်း ခံစားရမည်ဖြစ်သည်။ ငန်ကျိကျိအရသာနောက်က ချိုသည့်အရသာကို ရောထားသောကြောင့် ငန်သည် ချိုသည် မသိရတော့ပဲ စိမ့်စိမ့်အရသာလိုမျိုး သေချာ မပြောတတ်ပေ။
ယွီဖန်ရှင်းသည် ဘေးနားရှိ အရက်ပုလင်းကိုသောက်နေသည့်အပြင် စုရှင်းချန် လုပ်ပေးသောကိတ်မုန့်ကိုလည်း စားနေပေသည်။
စားပြီးသည့်နောက်တွင် ယွီဖန်ရှင်းသည် အနည်းငယ် နေရထိုင်ရခက်လာကာ တုန်လှုပ်လာပေသည်။
ရေချိုးပြီးသည့်နောက်တွင် စုရှင်းချန်သည်စောင်သေးသေးလေးကိုယူကာအောက်ထပ်သို့ဆင်းသွားပေသည်။
ယခုတွင်ကား ပထမထပ်တွင် ပရိဘောဂများဝယ်လာပြီဖြစ်ရာ အိမ်ပိုင်ရှင်၏ဆိုဖာပေါ်တွင် မအိပ်သင့်တော့ပေ။
စုရှင်းချန်သည် တစ်နေကုန် ဟိုဟိုဒီဒီလျှောက်သွားကာ ပစ္စည်းအများကြီးကို မ,လာရသောကြောင့် တစ်ကိုယ်လုံး ကိုက်ခဲနေပြီဖြစ်သည့်အတွက် နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်သွားပေသည်။
သို့သော်လည်း ညလယ် နှစ်နာရီအချိန်သို့ရောက်သောအခါ စုရှင်းချန်၏ကိုယ်ပိုင်နာရီသည် ညတိုင်းလုပ်ဆောင်ရမည့်အလုပ်အတွက် အချက်ပေးသံ မြည်လာပေသည်။
"ဟုတ်သားပဲ..." အိမ်ပိုင်ရှင်သည် ညတိုင်းအိမ်မက်ဆိုးမက်နေကျဖြစ်သော်လည်း ယနေ့ညမှအဘယ်ကြောင့်ရယ်မသိ ထူးဆန်းစွာပင်တိတ်ဆိတ်နေပေသည်။
အနည်းငယ်စိုးရိမ်လာသောကြောင့် ဖိနပ်ကိုစီးကာ သူ့ဘေးတွင်အိပ်နေသော ခွေးလေးကို နှိုးလိုက်ပေသည်။
"ဝုတ်..." သူတို့သခင်သည် ပထမထပ်သို့သွားလိုက်ပြီးသည့်နောက်တွင် ခွေးလေးများကို ဝင်ခွင့်ပေးထားပေသည်။
စုရှင်းချန်သည် ဖုန်းမီးကိုထွန်းကာ အပေါ်ထပ်သို့အလျင်အမြန် တက်သွားပြီး အိမ်ပိုင်ရှင်၏အခန်းအတွင်းသို့ ဝင်သွားလိုက်ပေသည်။
အိမ်ပိုင်ရှင် အိပ်မက်ဆိုးမက်နေတာပဲ။
သို့သော် အိပ်မက်ဆိုး မက်နေသည့်တိုင် ထူးဆန်းသည့်အရာတစ်ခုကြောင့် ကျယ်ကျယ်မအော်နိုင်ဖြစ်နေရကာ အိပ်ရာပေါ်တွင် ကွေးကွေးလေးဖြစ်နေ၏။ ဗိုက်နေရာကို တင်းကြပ်စွာကိုင်ထားပြီးလျှင်နာကျင်နေသောအမူအရာဖြစ်နေပေသည်။
စုရှင်းချန် စိတ်ပူပန်သွားပေသည်။
အရင်ကလို သဘက်ကိုရေနွေးကပ်၍ နဖူးပေါ်တင်ပေးလို့မရတော့ပေ။
မြန်မြန် တွေးရပေမည်။
တစ်ဖက်လူကို နှိုးလိုက်လို့ကလည်း မဖြစ်ပေ။ မဖြစ်မနေ လုပ်ရမည်မှာ ဆေးရုံကားကို ခေါ်ရမည်ဖြစ်သည်။ ထို့ကြောင့် အိမ်ပိုင်ရှင်ဖုန်းကိုထုတ်ကာ အရေးပေါ်ကားကို ခေါ်လိုက်ပေသည်။
ပြဿနာပဲ...။
အိမ်ပိုင်ရှင်ရဲ့အိမ်နံပါတ်ကို မသိဘူးးလေ...။
စုရှင်းချန်သည် ဆံပင်မွေး ကျွတ်မတတ် စဉ်းစားရခက်နေပေသည်။
"ဒီတစ်နည်းပဲ ရှိတော့တာပဲ" စုရှင်းချန်သည် ဖုန်းထဲရှိ ဆက်သွယ်ရနိုင်မည့်သူများကို ရှာချင်သော်လည်း လက်ဗွေကို အရင်ကျော်ဖြတ်ရမည် ဖြစ်ပေသည်။ ဖုန်းထဲရှိလူများကို ရှာနေရင်းနှင့် အသင့်တော်ဆုံးသူသည်ကား အတွင်းရေးမှူးပိုင်မှလွဲ မည်သူမျှမရှိပေ။
အတွင်းရေးမှူးပိုင်၏ဖုန်းနံပါတ်ကို ခေါ်လိုက်ပေသည်။
ညကြီးအချိန်မတော် အတွင်းရေးမှူးပိုင်၏ဖုန်းမြည်လာသောကြောင့် ပိုင်ဝမ်တစ်ယောက် အတော် အာရုံနောက်နောက်နှင့် ကြည့်လိုက်ရာ ဘော့စ်၏ဖုန်းဖြစ်နေပေသည်။
"ဘော့စ် ဘာဖြစ်လို့လဲဗျ" ပိုင်ဝမ့်အသံသည်အိပ်ချင်မူးတူးဖြစ်နေပေသည်။
"ဟယ်လို"
ဘော့စ်ဖုန်းကို ကိုင်လိုက်သောသူ၏အသံကိုရှင်းရှင်းလင်းလင်း ကြားလိုက်ရပေသည်။ လူစိမ်းအသံပင်။
ဘော့စ်ဖုန်းကို တစ်ယောက်ယောက်ကိုင်နေတာပဲ...။
"မစ္စတာယွီရဲ့အတွင်းရေးမှူးလားခင်ဗျ"
ပိုင်ဝမ်သည် အသိစိတ်ပြန်ဝင်လာကာ
"ဟုတ်ပါတယ် မင်းက ဘယ်သူလဲ။ ဘာလို့ မစ္စတာယွီရဲ့ဖုန်းကိုကိုင်တာတုန်း"
"သူ အခု နေမကောင်းဖြစ်နေလို့ပါ။ ကြည့်ရတာဗိုက်အောင့်နေတာနဲ့တူတယ်။ ဆေးရုံကား ခေါ်ဖို့လိုမယ်ထင်တယ်။ ဒါပေမဲ့ ကျွန်တော်က အိမ်နံပါတ်မသိတော့ အတွင်းရေးမှူးဘက်ကနေ တစ်ချက်လောက် ကျေးဇူးပြုပြီး အရေးပေါ်ကားကို ခေါ်ပေးပါလားခင်ဗျ"
အတွင်းရေးမှူးပိုင်က "ဘော့စ်က ဗိုက်အောင့်နေတယ်ဆိုတော့ မင်းက ဘော့စ်အိမ် ရောက်နေတာလား"
"ဟုတ်ပါတယ်"
အတွင်းရေးမှူးပိုင်သည် ဘော့စ်က ဘယ်လိုလူမျိုးကိုအိမ်ခေါ်ထားသည်မသိ ညကြီးအချိန်မတော် ခေါ်ထားသည့်သူမှာ... ချက်ချင်း လုပ်ရမည့်အလုပ်ကို သတိရကာ "ဟုတ်ပြီ မင်း ဘော့စ်ကို ခဏလောက် ဂရုစိုက်ထားလိုက်ပါဦး ငါ ဆေးရုံကားကိုခေါ်လိုက်မယ်"
ဆေးရုံကားမရောက်ခင် စုရှင်းချန်သည် ပုံမှန်လုပ်နေကျအတိုင်း အိမ်ပိုင်ရှင်ကို အိပ်မက်ဆိုး မမက်အောင်ကူညီပေးလိုက်သည်။ ဗိုက်အောင့်သည်ကိုတော့ ပျောက်ကင်းအောင် မလုပ်ပေးနိုင်ပေ။ သို့သော်လည်း အိပ်မက်ဆိုးမက်ခြင်းကိုသက်သာပါက အနည်းဆုံးတော့ နေရထိုင်ရအနည်းငယ် အဆင်ပြေပေဦးမည်။
အိမ်မက်ဆိုးမမက်တော့သော်လည်း ယွီဖန်ရှင်းဗိုက်အောင့်ဝေဒနာကြောင့် နိုးလာပေသည်။
ပြင်းထန်သည့်ဝေဒနာကြောင့် လှိမ့်ပိမ့်နေရင်းနှင့် ဆေးရုံကားခေါ်ရန် ပြင်ဆင်လိုက်ပေသည်။
ယွီဖန်ရှင်းတစ်ယောက် ယခုရက်ပိုင်းအတွင်းဗိုက်အောင့်သည့်ဝေဒနာကို ခံစားနေရသောကြောင့် ဆေးနည်းနည်းလောက်သောက်လိုက်လျှင် အနည်းငယ် သက်သာသွားနိုင်မည်ဖြစ်သည်။
ထိုအချိန်၌ ညလယ်ခေါင်ကြီး ယွီဖန်ရှင်း၏အိမ်တံခါးဘဲလ်တီးသံကြားလိုက်ရပေသည်။
ကျစ် ဒီအချိန်ကြီးကွာ..။
အပြင်တွင်ရောက်နေသော မည်သူမဆို ယွီဖန်ရှင်းနှင့်တွေ့မည်ဟူ၍ မောင်းတင်ကာ တံခါးသွားဖွင့်လိုက်ပေသည်။
အဖြူရောင်ဝတ်စုံကို ဝတ်ထားသောသူတစ်ယောက်သည်ယွီဖန်ရှင်း၏ဖျော့တော့နေသောမျက်နှာကိုကြည့်ကာ "လူကြီးမင်းခင်ဗျ ဆေးရုံကားခေါ်ထားတာမလား"
ဟမ်...။
ဆေးရုံကားပေါ်တွင် လဲလျောင်းနေရင်းအတွင်းရေးမှူးပိုင်ဆီမှ ဖုန်းခေါ်လာပေသည်။
"ဟယ်လို အခု ဘော့စ်ယွီ ဘယ်လိုနေသေးလဲ။ ဆေးရုံကားကော ရောက်လာပြီလား"
ယွီဖန်ရှင်းသည် ဘာပြောနေမှန်းမသိသောကြောင့် "မင်း ဘယ်သူ့ကို ပြောနေတာလဲ"
အတွင်းရေးမှူးပိုင်သည် "ဟမ် နေပါဦး ခုနက... ဘယ်သူတုန်းး"
"ဘာကို ဘယ်သူတုန်းလဲ"ယွီဖန်ရှင်းသည် အနည်းငယ် နာကျင်နေသေးပေသည်။ ထို့ကြောင့် အတွင်းရေးမှူးပိုင်နှင့် ငြင်းဆန်စကားပြောဆိုလိုခြင်းမရှိသောကြောင့်
"မင်း ငါ့ကို ဆေးရုံကား ခေါ်ပေးခဲ့တာ မဟုတ်ဘူးလား"
"ဟုတ်တယ်လေ"
သူလိုချင်သည့်အဖြေကို ရသောကြောင့် ယွီဖန်ရှင်းသည် ဖုန်းချလိုက်ပေသည်။
တစ်ဖက်က ကောင်လေး၏အသံသည် နားထောင်လို့ကောင်းသည့်အပြင် ငယ်သေးပုံပေါ်ကာ ဘော့စ်အိမ်တွင် ညကြီးအချိန်မတော် ဘာလုပ်နေမှန်း မသိသောကြောင့် ဒီအတိုင်း မထားနိုင်ပေ။ အရမ်းကို သိချင်နေပေပြီ။
ယွီဖန်ရှင်းသည် ဆေးရုံတွင် သေချာကုသမှုခံယူပြီးသည့်နောက်တွင် ဝေဒနာသက်သာလာပေသည်။
ဆေးရုံအိပ်ရာပေါ်တွင် ခါးနာနာဖြင့် သက်သောင့်သက်သာမဖြစ်ပဲ အိပ်ခဲ့ရပေသည်။