Chapter 2

665 90 0
                                    

အပိုင်း (၂)

နေအိမ်တွင် ဖြစ်ပျက်နေသောအခြေအနေများကို သိမည်ဆိုပါက စုရှင်းချန် သေမတတ်ကြောက်သွားမည်ဖြစ်သည်။

သူ့အဖေသည် အိမ်ကြီး၏စည်းမျဉ်းစည်းကမ်းများနှင့် အခြေအနေများကို သူ့အား ထုတ်ဖော်ပြောပြခဲ့ဖူးပေသည်။ သို့သော်လည်း စုရှင်းချန်သည် ထိုအကြောင်းအရာများကို ယခင်က လုံးဝ အယုံအကြည် မရှိခဲ့ပေ။

ဤအိမ်အတွင်းရှိ ပစ္စည်းများကို စိတ်ဆန္ဒရှိသလောက် အသုံးပြုနိုင်သော်လည်း အခြားတစ်ဖက်သည်ကား ထိုသို့သုံးနေသည်ကို သိနိုင်မည်မဟုတ်ပေ။

တခြားတစ်ဘက်မှသူသည် စုရှင်းချန်ဘက်မှပြုလုပ်နေသည့်အရာများကို မြင်တွေ့နိုင်မည်မဟုတ်ပေ။

ထိုသို့တွေးလိုက်သည်နှင့် စုရှင်းချန်သည်ခြေထောက်တွင်ဝတ်ထားသောဖိနပ်ပါးများကိုငုံ့ကြည့်လိုက်ကာ အလျင်အမြန်ပင် ချွတ်လိုက်ပြီးလျှင် နေရာတကျ ပြန်ထားလိုက်ပေသည်။ ထိုမှသာပိုင်ရှင်ပြန်လာပါက ပစ္စည်းများ နေရာတကျမရှိသည်ကို သတိမထားမိမည်ဖြစ်သည်။

ထို့နောက်တွင် စုရှင်းချန်သည်ခြေဗလာဖြင့် အရှေ့အခန်းသို့ လက်ဆွဲအိတ်ကိုဆွဲလာကာ အခန်းတံခါးကိုဖွင့်လိုက်နှင့် အိပ်ခန်းကျယ်တစ်ခုဖြစ်နေသည်ကိုတွေ့လိုက်ရပေသည်။ စိတ်ပျက်လက်ပျက်ဖြင့် တံခါးကိုပြန်ပိတ်လိုက်သည်ကား စုရှင်းချန်သည် ဘယ်တုန်းအခါမှ ဤသို့အိပ်ခန်းကျယ်ကြီးများဖြင့်မအိပ်တတ်ပုံပေ။

အိပ်ခန်းကျယ်ဘေးမှ အခန်းတံခါးနောက်တစ်ခုကိုဖွင့်လိုက်သည်နှင့် "..." ပို၍ပင် စိတ်ပျက်သွားရပေသည်။ စာကြည့်ခန်းပင်...။

နောက်တစ်ခန်းသည်ကား အားကစားလုပ်သည့်အခန်းနှင့် ကျန်အခန်းသည်ကား အဝတ်ထားခန်းများပင်ဖြစ်ပေသည်။

ဤမျှ ကျယ်ဝန်းလှသော အိမ်ကြီးထဲတွင်ဧည့်သည်တည်းခိုခန်းများမရှိပေ။

သို့သော်လည်း ဥရောပစတိုင် ပြုလုပ်ထားသည့်အဝတ်ထားခန်းသည် အတော်ပင်ကျယ်ဝန်းပြီးလှပပေသည်။ စုရှင်းချန်သည် သူ၏ခရီးဆောင်အိတ်စုတ်လေးကို ထိုအခန်းကျယ်ကြီးထဲတွင် မတတ်သာပဲထည့်ထားလိုက်ရပေသည်။

ထို့နောက် ညအိတ်ဝတ်စုံ တစ်ထည်ထုတ်ကာ ဆေးကြောသန့်စင်မည့်ပစ္စည်းများကိုယူကာ ရေချိုးခန်းအတွင်းသို့ ဝင်သွားပေသည်။

စုရှင်းချန်စိတ်ကူးယဉ်ခဲ့သလိုပင် ဤအိမ်ကြီး၏ရေချိုးခန်းသည်အတော်ပင် ဇိမ်ကျပေသည်။

ဆေးကြောသန့်စင်ရန် လိုအပ်သည့်ပစ္စည်းအစုံသည် ဤရေချိုးခန်းတွင် ရှိပေသည်။

သို့သော်လည်း စုရှင်းချန်သည် ထိုပစ္စည်းများကို နည်းနည်းမျှပင်မထိပဲ သူပါလာသောရေချိုးဆပ်ပြာနှင့်ပစ္စည်းများကိုသာ ထုတ်၍ ကိုယ်လက်သန့်စင်ရန် ရေချိုးခန်းထဲသို့ ဝင်သွားပေသည်။

ရေချိုးခန်းထဲတွင် ရေးချိုးရမည်ကား အနည်းငယ် စိုးရိမ်မိပေသည်။ အကယ်၍များ အိမ်ပိုင်ရှင်ပြန်လာသည်နှင့် ရေချိုးထားသောခြေရာလက်ရာများကိုတွေ့ကာ သံသယဝင်ကောင်း ဝင်နိုင်ပေသည်။ 

ကိုယ်လက်သန့်စင်နေသည့် အချိန်အတွင်းတွင် စုရှင်းချန်သည် သူ့အဖေ၏အကြောင်းများကို ပြန်လည် တွေးတောနေပေသည်။ အဖေပြောခဲ့ဖူးသည်ကား ဤအိမ်ကြီးတွင် ကမ္ဘာနှစ်ခြမ်းလိုဖြစ်နေခြင်းဖြစ်ပြီး ဟိုဘက်အခြမ်းမှ အရာအားလုံးကို ဒီဘက်ကမ္ဘာဖက်ခြမ်းဘက်ကသာလျှင် မြင်နိုင်ထိတွေ့နိုင်ပေသည်။

ဆိုလိုသည်ကား စုရှင်းချန်သည် ဟိုဘက်ခြမ်းမှလူအား မည်သို့ပင် ထိတွေ့ပြောဆိုနေစေကာမူ ဟိုဘက်ခြမ်းမှသူသည် မည်သည်ကိုမျှ ခံစားနိုင်မည်မဟုတ်ပေ။

ထိုကမ္ဘာနှစ်ခုကို ဆက်သွယ်နိုင်သော အရာသည်ကား ဟိုဘက်ကမ္ဘာဖက်ခြမ်းမှအရင်းအမြစ်များကို အသုံးပြုခြင်းဖြစ်ပေသည်။ ဟိုဘက်ကမ္ဘာခြမ်းတွင်ရှိနေသော လုပ်ဆောင်ချက်တစ်ခုချင်းစီ၏အရင်းအမြစ်ကိုရှာကာ တစ်ဖက်နှင့်တစ်ဖက်ဆက်သွယ်မှုကိုလုပ်ဆောင်နိုင်ပေသည်။ သို့သော်လည်း စုရှင်းချန်၏ဖခင်ဖြစ်သူက သူ့အား ဤသို့သောအရာကို လုပ်ခြင်းသည် ကောင်းကျိုးရှိနိုင်မည်မဟုတ်ဟု ဆိုထားသောကြောင့်ပင် သူမကြိုးစားကြည့်ရဲပေ။

"ဟိုဘက်ခြမ်းမှာရှိတဲ့ အရင်းအမြစ်ကို အသုံးပြုရမှာပေါ့..."

စုရှင်းချန်သည် သိချင်စိတ်ဖြင့်

"ဒီလိုမျိုးလေးလား..."

ပြောပြောနှင့်ပင် လက်ချောင်းများကို ရေကြည်အတွင်းရှိအမှတ်တစ်ခုသို့ထိုးလိုက်ပေသည်။ သို့သော်လည်း ထိုအမှတ်သည် များမကြာမီပင် မှုန်ဝါးကာ ပျောက်ကွယ်သွားပေသည်။

ထို့ပြင် စုရှင်းချန်သည် သူ့အဖေမှာထားခဲ့ဖူးသော တားမြစ်နေရာအကြောင်းအား မှတ်မိနေပေသေးသည်။

တားမြစ်ထားသောနေရာသည် အဓိကအချက်အချာနေရာဖြစ်ပြီး တခြားဖက်ခြမ်းမှလူသည် ဒီကမ္ဘာဘက်ခြမ်း၏တည်ရှိမှုကို သံသယဝင်ရိပ်မိစေရန် လုပ်နိုင်ပေသည်။

ရေချိုးခန်းတွင်းမှထွက်လာပြီး နာရီကိုလှမ်းကြည့်လိုက်သောအခါ ၉ နာရီ မိနစ် ၃၀ ရှိပြီ ဖြစ်သည်။

အိမ်ပိုင်ရှင်သည် ယခုချိန်ထိပြန်မရောက်သေးပေ။

စုရှင်းချန်သည် စာဖတ်ရန် မီးအိမ်သေးလေးကိုယူကာ ဧည့်ခန်းအတွင်းတွင် ထွန်းထားလိုက်ပြီး အိမ်အတွင်းရှိကျန်သောမီးများကိုပိတ်လိုက်ပေသည်။

ယခုချိန်ထိပင် စုရှင်းချန်သည် အိပ်ခန်းအတွင်းသို့ဝင်ရမည်ကို ကြောက်နေပေသေးသည်။ ထို့ကြောင့်ပင် ဧည့်ခန်းအတွင်းရှိဆိုဖာပေါ်တွင်လှဲချကာ သယ်လာသော စာအုပ်များကိုဖတ်ရင်းနှင့်ပင် အိမ်ပိုင်ရှင်ပြန်လာမည့်အချိန်ကိုစောင့်နေပေသည်။

သို့သော်လည်း တစ်နေကုန် ပြေးပြေးလွှားလွှားဖြင့် ကားအဆင့်ဆင့်စီးခဲ့ရသည့်အတွက် အလွန်ပင်ပန်းနေပြီဖြစ်သည်။ စုရှင်းချန်သည် စာရွက်နှစ်မျက်နှာပင်ဖတ်ပြီးသည်နှင့် အိပ်မောကျသွားကာ ရုတ်တရက် ပြန်နိုးလာပြီလျှင် ခဏမျှကြာသော်ထပ်၍အိပ်ပျော်သွားပေသည်။

ထိုသို့နိုးလိုက်အိပ်လိုက်ဖြင့် မည်သည့်အချိန်၌ လုံးဝအိပ်မောကျသွားသည်မသိ စုရှင်းချန် နှာခေါင်းအတွင်းသို့ အရက်နံ့ပြင်းပြင်းတစ်ခု ရိုက်ခတ်လာပြီး ချောင်းဟက်သံသဲ့သဲ့ကြားရပေသည်။

စုရှင်းချန်သည် လှုပ်ရှားမှုကိုခံစားလိုက်ရသည်နှင့် အလျင်အမြန်ပင် အိပ်ရာမှနိုးလာပေသည်။ ဆိုဖာပေါ်တွင် ထထိုင်လိုက်ပြီးနောက် မြင်လိုက်ရသည်မှာ အရပ်ရှည်ရှည်နှင့်လူတစ်ယောက်သည် သူ့ခြေရင်းတွင်ထိုင်နေပေသည်။

ချောင်းဆိုးသံသည် ထိုလူဆီမှလာသောအသံ ဖြစ်ပေသည်။

စုရှင်းချန်သည် စားပွဲတင် မီးအိမ်လေးအား ချက်ချင်းပင် ဖွင့်လိုက်သောအခါ နာရီကိုဝတ်ထားသော လက်တစ်ဖက်ဖြင့် ပါးစပ်ကိုအုပ်ကာချောင်းဆိုးနေပြီး တစ်ခြားတစ်ဖက်သည် စီးကရက်ကို ကိုင်ထားပေသည်။

"အဟမ်း..." စက္ကန့်ပိုင်းလေးတွင်ပင် ထိုလူသည်စားပွဲပေါ်တွင်တင်ထားသောခွက်ကို မော့သောက်လိုက်ကာ စီးကရက်ကိုပါးစပ်တွင်ပြန်တေ့၍ တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေပေသည်။

မည်သို့ပင်ကြည့်စေ တော်တော်ပင် သရုပ်ပျက်သောမြင်ကွင်းပင်ဖြစ်ပေသည်။

စုရှင်းချန်သည် ကြောင်စီစီဖြစ်သွားပေသည်ကား သူ့ခြေရင်းတွင်ထိုင်နေသောကောင်လေးသည် အလွန်ပင်ငယ်ရွယ်လှပြီး အသက်အားဖြင့်သူ့လို (၂၀) ကျော်လောက်ပင်ရှိပေဦးမည်။ ထိုလူသည် တောက်ပပြီး စတိုင်ကျသော ဝတ်စားဆင်ယင်မှုဖြင့် လုံးဝပင် အောင်မြင်ကျော်ကြားနေသည့် အရှိန်အဝါဖြင့် ပြည့်စုံသော လူကြီးလူကောင်းတစ်ယောက်ပုံစံပင်ဖြစ်သည်။ မျက်နှာအသွင်အပြင်သည်လည်းအလွန်အမင်းပင် ချောမောလှပေသည်။

စုရှင်းချန်သည် မျက်လုံးကို ပွတ်သပ်ကာ ဖုန်းကိုထုတ်၍အချိန်ကိုကြည့်လိုက်ပေသည်။ မနက်တစ်နာရီရှိပြီဖြစ်သည်။ အတော်ပင်နောက်ကျနေပြီ။

"ဒုတ်ဒုတ်"

စုရှင်းချန်သည် စားပွဲခုံအား နှစ်ချက်ခေါက်လိုက်သော်လည်း တစ်ဖက်လူဘက်မှ မည်သည့်တုံ့ပြန်မှုကိုမှမရပေ။ ထိုအရာကိုကြည့်ခြင်းဖြင့် စုရှင်းချန် ပြုလုပ်လိုက်သောအသံသည် ထိုဖက်အခြမ်းသို့ကူးပြောင်းသွားခြင်းမရှိသဖြင့် တစ်ဖက်လူ မကြားရခြင်းဖြစ်ပေမည်။

တစ်နည်းပြောရလျှင် ထိုဘက်အခြမ်းရှိ အသံကြားရသည့်အရင်းမြစ်တစ်ခုကို သေချာစွာသိပါမူ တစ်ဖက်လူအား အသံကို ကူးဆက်ပေးနိုင်ပေမည်။

အကြောင်းအရာကို သေချာစွာအတည်ပြုပြီးနောက် စုရှင်းချန်သည် စိတ်ပူပန်မှုမရှိပဲနှင့်ပင် ဆိုဖာပေါ်မှထကာ ရှုးဖိနပ်များကို ဝတ်လိုက်ပေသည်။ ထို့နောက် မီးအိမ်လေးကိုယူကာ တခြားတစ်နေရာတွင်သွားအိပ်ရန် ဆုံးဖြတ်လိုက်ပေသည်။

ယခုအိပ်နေသည့်နေရာသည်ကား အိပ်ခန်းအတွင်းရှိကော်ဇောပေါ်တွင်ဖြစ်ပေသည်။ မည်သို့ပင်ဖြစ်စေ အိမ်ပိုင်ရှင်သည် သေချာပေါက်ပင် ဧည့်ခန်းအတွင်း၌ အချိန်ကြာကြာနေဦးမည်ဖြစ်သည်။

သို့သော်လည်း ကော်ဇောပေါ်တွင်ကျောချပြီး မကြာမီပင် အိမ်ပိုင်ရှင်သည် တံခါးကိုအရှိန်ဖြင့် ဖွင့်၍ အိပ်ခန်းအတွင်းသို့ဝင်လာကာ အိပ်ရာပေါ်သို့အရက်မူးနေသည့်ပုံစံဖြင့် ပစ်ချလှဲလိုက်၍ မလှုပ်မယှက်ပင် ဖြစ်နေပေသည်။

စုရှင်းချန် : "..."

ကြင်နာတတ်သောနှလုံးသားရှိသည့်သူတစ်ယောက်ဖြစ်သည့်အတွက် တစ်ဖက်လူသည် အင်္ကျီများ ရှူးဖိနပ်များနှင့် ခြေအိတ်များမချွတ်ပဲအိပ်နေသည်ကိုမြင်ကာ ကူညီချွတ်ပေးလိုသောစိတ်ကြောင့် နေမထိထိုင်မသာဖြစ်နေပေသည်။

"ထားလိုက်ပါ... ငါ သူ့အိမ်မှာနေလို့ ပြန်လုပ်ပေးတဲ့သဘောလို့ပဲ သတ်မှတ်ထားလိုက်ပါ့မယ်"

အချိန်အနည်းငယ်ကြာပြီးနောက် တစ်ဖက်လူအိပ်မောကျနေမည့်အခြေအနေလောက်တွင် စုရှင်းချန်သည် တီးတိုးပြောကာ ကော်ဇောပေါ်မှထ၍ အိပ်ပျော်နေသောလူ၏ရှူးဖိနပ်များ ခြေအိတ်များကိုချွတ်ကာ ခါးပတ်ကိုဖြေ၍ ဘောင်းဘီကိုချွတ်လိုက်ပေသည်။ ထို့နောက်တွင်ကား စောင်ဖြင့်ခြုံပေးလိုက်လေသည်။

သေသေချာချာ စောင်ခြုံ၍ အိပ်ရာပေါ် နေရာချပေးပြီးနောက်တွင် ရေချိုးခန်းအတွင်းသို့ဝင်ကာ ရေနွေးပူလေးဖြင့် သဘက်ကိုစိမ်၍ အိပ်ခန်းသို့ပြန်လာကာ သဘက်ကို ရေညှစ်၍အိမ်ပိုင်ရှင်၏မျက်နှာနှင့်လက်များကိုသုတ်ပေးလိုက်ပေသည်။

ထိုသို့ပြုလုပ်ပြီးနောက်တွင် မီးအိမ်လေးကို နေရာရွှေ့ကာ ပျော့အိ၍ဇိမ်ကျသော ဆိုဖာပေါ်တွင်တစ်ဖန်ပြန်အိပ်လိုက်ပေသည်။

ယခင်နေ့များက အိပ်ပျော်ရန် မနည်းလုပ်နေရသော စုရှင်းချန်သည် အာရုံတက်သည်အထိ နှစ်ခြိုက်စွာအိပ်ပျော်သွားပေသည်။

နောက်တစ်နေ့ မနက်အစောပိုင်းတွင် ပြတင်းပေါက်အပြင်ဘက်ရှိ ငှက်ကလေးများ၏ မြည်တမ်းသံကြောင့် စုရှင်းချန် အိပ်ရာမှ နိုးလာပေသည်။

ငှက်မြည်တမ်းသံလား...

ငှက်မြည်တမ်းသံကို ကြားရသောကြောင့် အံ့အားသင့်နေပေသည်။

စုရှင်းချန်သည် နားမလည်နိုင် ဖြစ်နေသောကြောင့် မျက်လုံးမပွင့်တပွင့်နှင့်ပင် အပေါ်သို့ မော့ကြည့်လိုက်သောအခါ ပြတင်းပေါက်ပွင့်နေသည်ကိုတွေ့ရပေသည်။

"..."
တစ်ခုခုကို စဥ်းစားမိသည်နှင့် ရုတ်တရက် မတ်တတ်ထရပ်ကာ ပြတင်းပေါက်နားသို့သွားပြီး အပြင်ဘက်သို့ လှမ်းကြည့်လိုက်ပေသည်။ ပထမဆုံး မြင်လိုက်ရသောမြင်ကွင်းကြောင့် လုံးဝပင် ပါးစပ်အဟောင်းသား ဖြစ်သွားပေသည်။ စိမ်းလန်းစိုပြည်သော အဆုံးမရှိတောင်တန်းကြီးများသည် မျက်စိတစ်ဆုံးပင်။ စိမ်းပြာရောင်မြက်ခင်းလေးများနှင့် မြစ်ရေကြည်များသည် တသွင်သွင်စီးဆင်းနေပေသည်။

သဘာဝအလှတရားများကို ကြည့်ကာ ရင်ထဲတွင် အေးချမ်းမှုကိုခံစားရပြီး အသက်ကိုပြင်းပြင်းရှူလိုက်ပေသည်။

သို့သော်လည်း... အိမ်ထဲတွင် ရပ်နေပါက ပြင်ပလေကို သေချာစွာ ခံစားရှူရှိုက်နိုင်မည် မဟုတ်ပဲ အပြင်ဘက်သို့ထွက်မှသာလျှင် မြစ်ရေပြင်၏လေအေးကိုပါ ခံစားနိုင်မည်ဖြစ်ပေသည်။

"မိုက်လိုက်တာ..." စုရှင်းချန်သည် သူ၏မျက်စိရှေ့တွင်ရှိသော အရာများကိုကြည့်ကာ သဘောအလွန်ကျနေပေသည်။

ဖခင်ဖြစ်သူသည်လည်း ငယ်ရွယ်စဥ်တုန်းက ဤသို့သော အလှတရားကို ခံစားခဲ့ရမည်ကို စဥ်းစားမိလိုက်သည်နှင့် ရင်ထဲတွင် ဆို့နင့်လာကာ ငိုချင်စိတ်ဖြစ်ပေါ်လာပေသည်။

"သားကို သေချာ လမ်းပြပေးခဲ့အတွက် အဖေ့ကို ကျေးဇူးတင်ပါတယ်။ သား ဒီနေရာမှာ သေချာပေါက် ကိုယ့်ကိုယ်ကိုယ် ပြန်ရှာတွေ့နိုင်မှာပါ"

စုရှင်းချန်သည် နှုတ်မှပြောလိုက်ပြီး ပြုံးရွှင်သောမျက်နှာဖြင့် အနာဂတ်ကိုစဥ်းစားကာ ရေချိုးကန်အတွင်းသို့ဦးစွာဝင်သွားပေသည်။

အိမ်ပိုင်ရှင်၏အိပ်ခန်းအရှေ့မှ ဖြတ်လျှောက်သွားချိန် အခန်းအတွင်းသို့ တစ်ချက်လှမ်းအကြည့် တစ်ဖက်လူသည် အိပ်ပျော်နေသေးပေသည်။ ထို့ကြောင့်ပင် လုပ်စရာရှိသည့်အလုပ်များကို စိုးရိမ်စိတ်မရှိပဲ ဆက်လုပ်လိုက်ပေသည်။

ယမန်နေ့ကတည်းက ဤနေရာသို့ရောက်လျှင်စားစရာမရှိမည်ကိုစိုးရိမ်သောကြောင့် ပေါင်မုန့်များနှင့် အစာခြောက်များကို ယူလာခဲ့ပေသည်။

တစ်ဖက်လူ၏ ရေခဲသေတ္တာကို ဖွင့်လိုက်သည်နှင့် အထဲတွင် ဝိုင်မှလွဲ မည်သည့်အစားအစာမှမရှိပေ။

စုရှင်းချန်သည် ပေါင်မုန့်ကိုယူကာ နွားနို့အား မီးဖိုပေါ်တွင် ပြန်နွှေးလိုက်ပေသည်။

ရှင်းရှင်း၏အနံ့လေးသည် ဆာလောင်နေသောလူငယ်လေး၏ဗိုက်အား နှိုးဆော်လိုက်ပေသည်။ သူကိုယ်တိုင်ပြင်ဆင်ထားသော ပေါင်မုန့်ကင်နှင့်နွားနို့၏အနံကိုခံစားရင်းထိုင်ခုံလေးတွင်ထိုင်ကာစဥ်းစားမိလိုက်သည်ကား...

တားမြစ်ထားသောနေရာ...
စုရှင်းချန်သည် ပေါင်မုန့်မီးကင်နှင့် နွားနို့ကိုသောက်ရင်း တားမြစ်နေရာနှင့်ပတ်သက်သောအကြောင်းကို စဥ်းစားနေပေသည်။ သူ့အဖေပြောခဲ့သည်ကား တားမြစ်နေရာသည် တစ်နေရာနှင့်တစ်နေရာသို့ ဖြတ်ကျော်နိုင်သော နေရာဟုဆိုထားသော်လည်း ရူနှမ်းနေသည့်သူမှသာလျှင် ဤသို့ရူးမိုက်သောအလုပ်ကို လုပ်မည်ဖြစ်သည်။

အမှန်တကယ်ပင် ထိုတားမြစ်နေရာကိုဖြတ်၍တစ်ဖက်လူအား ပေါင်မုန့်ကင်နှင့်နွားနို့အားသွားပို့မည်ဟုတွေးနေမိသည့် ကိုယ့်ကိုယ်ကိုယ်ပင် အံ့ဩမိပြန်သည်။

စုရှင်းချန်သည် ရူးမိုက်သောအတွေးများကို ဘေးဖယ်ထားလိုက်ပေသည်။ တစ်ဖက်လူသည် အလွန်ပင် စျေးကြီးသော အဝတ်အစားနှင့်အပြင်အဆင်များရှိသည့်အလျှောက် ကောင်းကောင်းနေထိုင်စားသောက်ရမည်မှာ အသေအချာပင် ဖြစ်ပေသည်။

မိနစ်နှစ်ဆယ်ခန့် မနက်စာ စားပြီးနောက် စုရှင်းချန်သည် အိမ်ပြင်သို့ထွက်ရန် ပြင်ဆင်လိုက်ပေသည်။

အပြင်သို့မသွားမီ အိမ်ပိုင်ရှင်နိုးလာပါက ခေါင်းကိုက်ခဲနာကိုခံစားရမည်ဆိုးသောကြောင့် အိပ်ရာဘေးမှစားပွဲပေါ်တွင် သောက်ရေခွက်ကိုတင်ထားပေးခဲ့ပေသည်။

စုရှင်းချန်သည် ဒုတိယအထပ်မှ တံခါးကို လော့ချကာ အောက်ထပ်ရှိဧည့်ခန်းမတစ်လျှောက်တွင် ပရိဘောဂဟောင်းများကို တွေ့ခဲ့ရပေသည်။ ပရိဘောဂများသည် အသုံးမပြုသည်မှာကြာပြီဖြစ်သောကြောင့် ယိုင်နဲ့နဲ့ဖြစ်နေပေသည်။

စုရှင်းချန်သည် ပရိဘောဂပုံစံများကို လုံးဝ မကြိုက်ပေ။ ပြန်လည်ပြုပြင်ပြီး နေရထိုင်ရအဆင်ပြေ သက်သောင့်သက်သာရှိသောပုံစံသို့ပြောင်းပစ်မည်ဖြစ်သည်။

ထိုအရာများကိုမလုပ်ခင် အရင်ဆုံးသန့်ရှင်းရေးပစ္စည်းများကိုဝယ်ရန် မြို့ထဲသို့သွားရမည်ဖြစ်သည်။

စုရှင်းချန်သည် သစ်တောအတွင်းတွင် မနက်စောစောလမ်းလျှောက်နေရင်းနှင့်ပင် ပစ္စည်းများသယ်ရန် စက်ဘီးဖြစ်ဖြစ်ရှိရမည်ဟူသောအတွေးဝင်လာပေသည်။

အတွေးပေါင်းစုံကို တောင်စဥ်ရေမရတွေးကာ ရင်သပ်ရှုမောဖွယ်ကောင်းသော ပတ်ပတ်လည်တောင်တန်းကြီးများမှ ဖြတ်တိုက်လာသောတောင်လေးအေးများကို ရှုရှိုက်ကာ တစ်နာရီသည် အလျင်အမြန်ပင် ကုန်သွားပေသည်။

စုရှင်းချန် လမ်းတစ်လျှောက်တွင် တွေ့သောအဆောက်အအုံများသည် သူ ခုနက ဒုတိယအထပ်မှနေ မြင်ခဲ့သော အဆောက်အဦများဖြစ်ပေသည်။ ထိုအဆောက်အဦတွင်ကား ယခင်ကကဲ့သို့ လူနေစိပ်ခြင်းမရှိတော့ပေ။

လွန်ခဲ့သော ဆယ်နှစ်ခန့်က အဝေးပြေးလမ်းမတစ်ခုသည် ဤအနီးနားတွင် ရှိခဲ့ပေသည်။

ယခင်တုန်းကဆိုလျှင် ဤအနီးနား၌ စက်ရုံများဖွင့်လှစ်ထားသည်ဖြစ်ပြီး ရွာတွင်းမှလူများ အလုပ်ကိုင်အခွင့်လမ်းများ ရကြပေသည်။ သို့သော်လည်း ထိုစက်ရုံများသည်သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကို အများဆုံးဖြစ်လာခဲ့ပေသည်။

ကောင်းကျိုးများရှိသလို ဆိုးကျိုးများလည်း ရှိပေသည်။

"ဦးလေးဝမ်... အထဲမှာရှိလားခင်ဗျ"

စုရှင်းချန်သည် ကျောပိုးအိတ်ကို လွယ်ကာ ရွာအကြီးအကဲ ကားသမားဦးလေးကြီး၏ အိမ်တံခါးအပြင်ဘက်တွင်ရပ်၍ အတွင်းသို့လှမ်းကြည့်လိုက်သည်နှင့် ဝမ်ဟန်ရှုန့်၏ပေါင်မုန့်ကိုစားပွဲပေါ်တွင်တွေ့လိုက်ရသောကြောင့်စိတ်သက်သာရာရသွားပေသည်။

မနက်တိုင်းတွင် ဝမ်ဟန်ရှုန့်သည် အသားညှပ်ပေါင်မုန့်ဆိုင်ကို ရွာ၏စျေးဆိုင်တစ်ခုရှေ့တွင်သွားရောင်းလေ့ရှိပြီး တစ်မနက်တည်းနှင့် အတော်ပင် ရောင်းကောင်းလှပေသည်။

မနက်တစ်ခင်းရောင်းပြီးပါက ရွာတွင်းသို့ပြန်လာကာ နောက်တစ်ဖန်ထပ်၍ရောင်းပြန်သည်။

ထိုသို့ရောင်းရင်းရောင်းရင်းနှင့်ပင် ဖောက်သည်အစုံအလင်ဖြင့် တစ်နေ့လျှင် သုံးခါမျှရောင်းရပေသည်။

ဖောက်သည်များထဲမှ အချို့သော အမျိုးသမီးများနှင့်လူငယ်တစ်ချို့၏မျက်နှာများသည် စုရှင်းချန်မြင်ဖူးပြီးရင်းနှီးနေသောသူများနှင့်တူပေသည်။

ရုတ်တရက်ပင် အမျိုးသမီးများနှင့်ကလေးများသည် အသက်ငယ်ငယ် ၁၉ ၁၈ သာရှိသေးမည့်ကောင်လေးတစ်ယောက်အား တအံ့တသြဖြင့်ကြည့်နေကြပေသည်။

စုရှင်းချန်သည် နှာခေါင်းစည်းကိုဝတ်ကာ ထိုနေရာလေးတွင်ပင် မည်သည်မျှမပြောပဲ တိတ်တိတ်လေးငြိမ်နေပေသည်။

"ဦးလေးဝမ် သုံးဘီးဘယ်မှာရှိလဲ သိလား ခင်ဗျ"

ကားပေါ်မှဆင်းသည်နှင့် ကားဆရာဦးလေးကြီးအားမေးလိုက်ပေသည်။

ဝမ်ဟန်ရှုန့်သည် အံ့သြသွားကာ

"လူလေးက သုံးဘီးဆိုင်ကယ် ဝယ်ချင်လို့လား...။ အသစ်ဝယ်မှာလား အဟောင်းထဲက ပြန်ဝယ်ချင်တာလား"

စုရှင်းချန်သည် အသစ်ဖြစ်ဖြစ် အဟောင်းဖြစ်ဖြစ်အရမ်းပင်အာရုံမထားပေ။ သို့သော်လည်း ခဏမျှပြန်စဥ်းစားကာ...

"အဟောင်းပဲဝယ်လိုက်ပါ... မင်းဝယ်လို့ရမဲ့နေရာကိုဦးလေးလိုက်ပို့ပေးမယ်" ဝမ်ဟန်ရှုန့်သည် လူငယ်လေးအား ကားထဲကိုဝင်ရန် လက်ဟန်ပြလိုက်ပေသည်။

"သုံးဘီးအသစ်စက်စက်ဆို ယွမ်သုံးထောင် လေးထောင်လောက် ကျမှာကွဲ့။ ဦးလေး မင်းကို ခေါ်သွားမဲ့ဆိုင်ကကျ လက်ကျသုံးပြီးသားဆိုပေမဲ့ ရှစ်ဆယ်ရာခိုင်နှုန်းလောက်အသစ်နဲ့တူတဲ့ဆိုင်ကိုခေါ်သွားမှာ။ အဲ့မှာဆို စျေးကလည်း တစ်ထောင်ပဲရှိတယ်လေ။ အသစ်တွေက စျေးကြီးလွန်းပါတယ်"

စုရှင်းချန်သည် သုံးဘီးပုံစံ နမူနာအားကြည့်ပြီးသည်ကတစ်ကြောင်း ရိုးသားပြီးစိတ်အားထက်သန်စွာပင် လိုက်ပို့နေသော ကားသမားဦးလေးကြီးအားကြည့်၍ ပြုံးမိလိုက်ပေသည်။ ထို့နောက်...

"ဟုတ်ကဲ့ပါ ခင်ဗျ... ကျေးဇူးတင်ပါတယ် ဦးလေးဝမ်"

ဦးလေးဝမ်၏ဦးဆောင်မှုဖြင့် စုရှင်းချန်သည် လယ်ထွန်စက်များဝယ်သည့် သူဌေးလီဆိုသည်နှင့် တွေ့ခဲ့ပေသည်။

ထိုလူကြီးဆီတွင် အမှန်တကယ်ပင် အသစ်စက်စက်နှင့်တူလှသော အပြာရောင်သုံးဘီးဆိုင်ကယ်နှစ်ခု ရှိပေသည်။

ဦးလေးဝမ်၏အကြံပြုချက်ဖြင့် သုံးဘီးနှင့်ပတ်သက်သောအရာများကိုဝယ်ကာ သေချာပြန်လည်မွမ်းမံလိုက်ပေသည်။ လက်ခများနှင့်သုံးဘီးခ အားလုံးပေါင်း ယွမ်ထောင့်ငါးရာကျပေသည်။

အနည်းငယ် စျေးကြီးသည်ဟု ခံစားရသော်လည်း အသစ်သုံးဘီးများနှင့်ယှဥ်လျှင် ယွမ်လေးထောင်ငါးထောင် သက်သာပေသည်။

အဆင်ပြေပြေပင် အရောင်းအဝယ်လုပ်ပြီးနောက် ဝမ်ဟန်ရှုန့်သည် ရုတ်တရက်ပင် ခေါင်းကိုကုတ်ကာ

"လူလေးက သုံးဘီးဆိုင်ကယ်စီးတတ်လို့လားကွဲ့"

"မစီးတတ်ပါဘူးဗျ" စုရှင်းချန်သည် ဦးလေးဝမ်ကိုကြည့်ကာ ပြုံးရွှင်သော မျက်နှာလေးဖြင့်

"ဒါပေမဲ့ ကျွန်တော်က တတ်လွယ်ပါတယ် ခင်ဗျ"

ဒီအိမ်အတွက် ပိုက်ဆံအများကြီးပေးခဲ့ရတယ်Where stories live. Discover now