အပိုင်း(၂)
"အခုထိ မမလေးလည်း ပြန်မလာပါလား။ ဘာဖြစ်နေတာပါလိမ့်"
တောင်းဆု ပြန်မလာတာကို သိပြီး စိတ်ပူနေသူဆိုလို့ အိမ်အကူ ဒေါ်တုတ်ကြီးသာ ရှိသည်။ သူဌေးဖြစ်သူ ဦးမင်းထက်နှင့် ဇနီးဖြစ်သူ ဒေါ်နေရီတင့်တို့မှာတော့ နွားနို့သောက်ပြီး အိပ်ယာဝင်ကြတာ ကြာပြီ။
နာရီကို လှမ်းကြည့်တော့ ည တစ်နာရီပင် ထိုးလုပြီ။ ဒေါ်တုတ်သည် တောင်းဆုကို ငယ်ငယ်လေးကတည်းက ထိန်းလာသူပီပီ သမီးအရင်းလေးတစ်ယောက်လို သံယောဇဥ်ရှိ၏။
"ဟိုကောင်မလေးလည်း ပြန်မလာသေးဘူးပုံထောက်တော့ တူတူများ ရှိနေကြသလား မသိဘူး။ အို မဖြစ်နိုင်ပါဘူး။ မမလေးကဖြင့် အဲဒီကလေးမလေးကို သဘောကျတာမှ မဟုတ်တာ။ မေးထူးခေါ်ပြောတောင် လုပ်တာ မဟုတ်ဘူး"
"ဟေ့"
"အမလေး ဘုရားငုတ်တုတ်"
"ဟော ကြီးတော်တုတ်ရဲ့ ကျွန်တော်ပါ။ ဘာဖြစ်လို့ ဒီလောက်ထိ လန့်သွားရတာတုံး"
"အမလေး မောင်ခင်မောင်ရယ် လန့်လိုက်တာ"
"ကျွန်တော် လူရိပ်တွေ့တာနဲ့ လာကြည့်တာ။ ကြီးတော်တုတ် ဖြစ်နေတာကိုးဗျ။ ဒါနဲ့ ကြီးတော်တုတ်က ဒီအချိန်ကြီး ခြံရှေ့မှာ ဘာလုပ်နေတာတုံး"
"မင့်မမလေးလေ ခုထိ ပြန်မရောက်သေးလို့ လာစောင့်နေတာ"
"မမလေး။ အာ ကြီးတော်တုတ်ကလည်း မမလေးက အပြင်မှာ အိပ်မှာလေ။ စောနားကပဲ ဟိုမိန်းမကြီး လာပြောသွားတာ"
"ဟောတော့။ အဲဒါကို မင်းက ဘာလို့ စောစောမပြောတာတုံး ငါကဖြင့် ဒီမှာ စိတ်တွေ ပူနေတာ"
"ဟော မသိဘူးလေဗျာ။ ကြီးတော်တုတ်က ခြံစောင့် မဟုတ်တော့ သိစရာမလိုဘူး ထင်လို့ပေါ့ဗျ။ ကဲပါ ကြီးတော်တုတ်ရယ်။ သွား သွား အိပ်တော့။ တော်ကြာ ဟိုမိန်းမကြီး မြင်သွားရင် ကျွန်တော်တို့ကို တစ်ခုခု ကြံစည်နေတယ် ထင်ဦးမယ်"
"ဒါနဲ့ မမလေးက ဘယ်တုန်းက အပြင်မှာ အိပ်ဖူးလို့တုံး"
ဒေါ်တုတ်သည် ခြံစောင့် ခင်မောင်က အိမ်ထဲသို့ တွန့်ပို့နေသည့်ကြားကပင် ရေရွတ်လိုက်သေး၏။
![](https://img.wattpad.com/cover/371796382-288-k466021.jpg)