"Bad Liar"
အပိုင်း (၁၂)
တောင်းဆု မနက်အစောကြီးကတည်းက ရုံးကို ရောက်နေသည်။ အသစ်တွေ့ရမည့်ဘောစ့်ကို စိတ်မပျက်စေချင်၍ ဆိုသည်ထက် သိချင်ဇောကြောင့် အဆောင်မှာ ဘယ်လိုမှ ဆက်နေ၍မဖြစ်သဖြင့်ဟုဆိုလျင် ပိုမှန်ပေလိမ့်မည်။
ရုံးခန်းနံရံဆီမှာ တိုင်ကပ်နာရီ တစ်ချပ်ချပ် ရွေ့သံကို တောင်းဆု အတိုင်းသား ကြားနေရ၏။ အလျင်လိုသည့်နေ့မှ အချိန်၏ ရွေ့လျားခြင်းသည် ကြားလွန်းသလိုပင်။
ခန်းဆီးတွေကို ပြန်ပြင်နေမိသည်မှာလည်း ဘယ်နှကြိမ်မှန်း မသိ။ ဘောစ့်၏စားပွဲဆီက နောက်မှီဆုံလည်ထိုင်ခုံကို ရွှေ့နေမိတာလည်း အက်ကြောင်းထပ်နေပြီ။ စားပွဲတင် ပန်းအိုးကလေးဆို စကားသာ ပြောတတ်လျင် တောင်းဆုကို စိတ်ရှုပ်တယ်ဆိုပြီး အောင်ငေါက်နေလောက်ပြီ။ တောင်းဆုမှာတော့ စောင့်ဆိုင်းရေသည်မှာ ကြာလွန်း၍ ပန်းအိုးထဲက ရေမွှေးပန်းများပင် ပွင့်အာလာသလို ထင်မိ၏။
အလိုလိုနေရင်းကပင် ပြတင်းလိပ်ကာများဆီသို့ ရှေလှမ်းက နောက်တစ်ကြိမ် ရောက်သွားပြန်သည်။ ဒီတစ်ကြိမ်တော့ မှန်ချပ်များမှတစ်ဆင့် အပြင်ကို ငေးစိုက်ကြည့်မိ၏။ အရှေ့ဘက်နားဆီမှာ နွေကို နွေပီပီပူဖို့ နေမင်းကြီးသည် အဟန့်အတားမရှိ ထွက်ပြူမြင့်တက်လာပြီ။
အရှေ့ဘက်စူးစူးကို အမှတ်မထင် ငေးစိုက်ကြည့်နေရင်းက ဖေဖေ့ကို သတိရလာသည်။ တောင်းဆုတို့တိုက်လေးသည် ဒီကနေဆို အရှေ့စူးစူးမှာ ရှိ၏။
ဖေဖေ အဆင်ပြေနေပါလိမ့်မည်။ တောင်းဆုမှာ ဖေဖေကလွဲလျင် တခြား တွယ်တာစရာ မရှိသော်လည်း ဖေဖေ့မှာတော့ သူ့မိန်းမနှင့် မယားပါသမီး ရှိသေး၏။ ဖေဖေ့မှာ တောင်းဆုကို ဆုံးရှုံးသွားလို့လည်း ဘာမှထူးပြီး မဖြစ်နိုင်။
ဒီလိုတွေးမိတော့ တောင်းဆု ရင်ထဲမှာ ဆိုနင့်ဝမ်းနည်းလာသည်။ ဖေဖေက သူမကို အဆုံးရှုံးခံနိုင်သည်ဟု တွေးမိသည့်အခါ ဖေဖေ့ကို ချစ်သည့်စိတ်သည် ဝေဒနာတွေအသွင် တိုး၍ လောင်မြိုက်လာ၏။
"လျှပ် လျှပ်"
ရုတ်တရက် ကြားလိုက်ရသည့်ခြေသံကြောင့် တောင်းဆု ကိုယ်လေးပင် သိမ့်ကနဲ တုန်သွားရသည်။ တောင်းဆု အတွေးတွေထဲမှာ နစ်မြောနေလိုက်တာ ဘောစ့်ကို ကြိုဖို့တောင် မေ့သွား၏။
![](https://img.wattpad.com/cover/371796382-288-k466021.jpg)